backup og meta

ဆီးချိုသမားအတွက် အစားထိုးဓါတ်စာများ


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယနေ့ခေတ်နေထိုင်မှုပုံစံတွေအရ လူတော်တော်များများဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ပုံစံတွေကို လိုက်နာဖို့ခက်ခဲပါတယ်။ ဒီလိုမလိုက်နာ၊ မထိန်းသိမ်းရင် အထွေထွေကျန်းမာရေးကိုထိခိုက်စေမယ့်အပြင် အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေမှာ အခြေအနေပိုဆိုးစေနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာ အစားထိုးဓါတ်စာတွေက အကောင်းဆုံးအထောက်အပံ့ဖြစ်လာပါတယ်။ သူတို့က ကိုယ်စားနေကျ ထမင်းနဲ့တခြားအစားအစာတွေနေရာမှာ တစ်စိတ်တစ်ပိုင်းအစားထိုးပေးမယ့် အာဟာရတွေထောက်ပံ့ပေးပါတယ်။

    အစားထိုးဓါတ်စာ ဆိုတာဘာလဲ

    အစားထိုးဓါတ်စာ (MR) ဆိုတာ ထမင်းတွေ၊ဟင်းတွေအစား စားသုံးနိုင်ဖို့ အထူးစီမံပြုလုပ်ထားတဲ့အစားအစာတွေဖြစ်ပါတယ်။ ဒီဓါတ်စာတွေကနေ ထိုက်သင့်တဲ့ကယ်လိုရီပမာဏ၊ macronutrients (ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့အဆီဓါတ်) နဲ့micronutrients (ဗီတာမင်နဲ့သတ္တုဓါတ်)တွေ ရရှိနိုင်မှာဖြစ်တာကြောင့် ကိုယ်စားသုံးမယ့်အာဟာရဓါတ်တွေ၊ ကယ်လိုရီတွေကို တွက်ချက်နေဖို့ စိုးရိမ်စရာမလိုတော့ပါဘူး။ တချို့အစားထိုးဓါတ်စာတွေမှာ တခြားပါဝင်ပစ္စည်းတွေ (ကာဗိုဟိုက်ဒရိတ်၊ပရိုဘိုင်အိုတစ်၊ဆေးဖက်ဝင်ပစ္စည်း အထူးပုံစံတစ်မျိုး)နဲ့လည်းပြုလုပ်တတ်ပါတယ်။ တချို့ကတော့gluten နဲ့lactose ဓါတ်တွေမပါအောင် ထုတ်လုပ်ထားပါတယ်။

    MR ဓါတ်စာတွေကို အမှုန့်၊အသင့်သောက်သုံးနိုင်တဲ့ဗူးတွေ၊အသင့်ထုပ်ပိုးထားတဲ့မုန့် သို့မဟုတ် အတောင့်ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

    ဘာအတွက် အသုံးပြုတာလဲ

    အစားထိုးဓါတ်စာအသုံးပြုရတဲ့ အဓိကအကြောင်းရင်းကတော့ ကိုယ်အလေးချိန်လျှော့ချခြင်းအတွက်အထောက်အကူဖြစ်စေဖို့ဖြစ်သလို ဆီးချိုရှိသူတွေရဲ့အစားအသောက်စီမံမှုကိုလည်း အဆင်ပြေစေဖို့ဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက အမျိုးအစား ၂ ဆီးချိုရောဂါရှိသူတွေအတွက် အရေးပါတဲ့ကုထုံးလိုအပ်ချက်ဖြစ်နေပါတယ်။

    Adipose tissue(အဆီတစ်ရှူး)တွေ လွန်ကဲပြီး ခန္ဓါကိုယ်က အင်ဆူလင်ကိုသိရှိတုံ့ပြန်နိုင်စွမ်းနည်းလာချိန်မှာအမျိုးအစား ၂ ဆီးချိုရောဂါဖြစ်လာပါတယ်။ အမျိုးအစား၂ ဆီးချိုရှိတဲ့သူတွေဟာသွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်နိုင်ဖို့အခက်အခဲဖြစ်လာတာပါ။ ဒီအခြေအနေရဲ့နောက်ဆက်တွဲပြဿနာတွေအဖြစ် နှလုံးရောဂါ၊ကျောက်ကပ်ရောဂါနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြတ်တောက်လိုက်ရတာတွေအထိဖြစ်လာစေနိုင်ပါတယ်။

    အစားထိုးဓါတ်စာကနေ ဘာအကျိုးကျေးဇူးရရှိနိုင်လဲ

    အစားထိုးဓါတ်စာတွေက ဆီးချိုရောဂါရှိသူတွေ၊ ခံတွင်းပျက်ပြီးအစာစားမဝင်ဖြစ်နေသူတွေ၊ နာမကျန်းဖြစ်တာ ဒါမှမဟုတ် ခွဲစိတ်ကုသမှုခံယူထားတဲ့ နာလန်ထစလူနာတွေ အတွက် အကောင်းဆုံးရွေးချယ်မှုပါ။ အစားထိုးဓါတ်စာတွေဟာ –

    • သောက်သုံးရ၊ စားသုံးရလွယ်ကူခြင်း
    • အချိန်ကုန်သက်သာခြင်း။ MR တွေကိုသောက်သုံး၊စားသုံးမယ်ဆိုရင် ဘာစားရင်ကောင်းမလဲလို့သိပ်စဉ်းစားရွေးချယ်နေစရာမလိုတော့ပါဘူး။
    • စားသောက်မှုပုံစံကို ပုံမှန်လိုက်နာမိစေဖို့ အလေ့အကျင့်ဖြစ်စေခြင်း
    • ကိုယ်စားမယ့်အစားအစာအတိုင်းအတာနဲ့ ကယ်လိုရီပမာဏကိုထိန်းချုပ်စီမံနိုင်စေခြင်း
    • ညီညွတ်မျှတတဲ့အာဟာရကို ရရှိစေခြင်း
    • သွေးတွင်းသကြားဓါတ်ကို ပိုထိန်းချုပ်နိုင်ခြင်း
    • ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ဆီးချိုရောဂါရှိသူတွေရဲ့အစားအသောက်စီမံမှုကို အထောက်အကူပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။

    MR ဓါတ်စာကို ဘယ်လိုရွေးချယ်မလဲ

    အစားထိုးဓါတ်စာတစ်မျိုး ဝယ်ယူတော့မယ်ဆိုရင်

    • ပါဝင်တဲ့အာဟာရဓါတ်တွေကိုသေချာဖတ်ပါ။
    • label မှာဖော်ပြထားတဲ့ အာဟာရဓါတ်ပါဝင်မှုတွေက တစ်ကြိမ်စာ စားသုံးမယ့်ပမာဏနဲ့ကိုက်ညီရဲ့လားသေချာကြည့်ပါ။
    • ဓါတ်စာကုန်ပစ္စည်းမှာပါဝင်တဲ့ ကယ်လိုရီပမာဏကို စစ်ကြည့်ပါ။ ကိုယ်အလေးချိန်လျှော့ချတဲ့အစီအစဉ်ကိုတော့ အနှောင့်အယှက်မဖြစ်ပါစေနဲ့။
    • ပြည့်ဝဆီနဲ့ ဆိုဒီယမ်ပါဝင်မှုကို တွက်ချက်ပါ။ ဆီးချိုဝေဒနာရှင်အတော်များများဟာ အဆီနဲ့အငန်ပါဝင်မှုကန့်သတ်ထားတဲ့ အစာအာဟာရကိုပဲ စားသုံးသင့်ပါတယ်။
    • ကာဗိုဟိုက်ဒရိတ်ပါဝင်မှုက ကိုယ့်ရဲ့လိုအပ်ချက်အတွက်သင့်လျော်ရဲ့လားဆိုတာသေချာချင့်ချိန်ပါ။

    အထူးသဖြင့် ဆီးချိုရှိသူတွေဟာMR ဓါတ်စာရွေးချယ်တဲ့အခါ ဆီးချိုသမားတွေအတွက် ရည်ရွယ်ပြီး သီးသန့်စီမံထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုပဲ ရှာသင့်ပါတယ်။ သကြားဓါတ်ပါဝင်မှုများတဲ့MR ဓါတ်စာတွေကို သွေးလည်ပတ်မှုထဲ စုပ်ယူရရှိမှုပိုနှေးပြီးသွေးတွင်းသကြားဓါတ်ပမာဏအတွက် ပိုထိန်းညှိနိုင်စေတယ်လို့ သုတေသနကတွေ့ရှိထားပါတယ်။

    နောက်ဆုံးဖော်ပြချင်တာက ဒီလို အစားထိုးဓါတ်စာတစ်ခုခုကိုသုံးစွဲနေတယ်ဆိုတဲ့အကြောင်းကိုတော့ ဆရာဝန်ကိုပြောပြထားရပါမယ်။ ဒါမှ ဆရာဝန်က အကောင်းဆုံးအကြံဉာဏ်တွေနဲ့တခြားသိထားသင့်တဲ့အကြောင်းအရာတွေကိုပြောပြဆွေးနွေးပါလိမ့်မယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement