backup og meta

အဆုတ်ကင်ဆာဖြစ်စေသောအကြောင်းအရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. K Zin Thwe မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်ကင်ဆာဖြစ်စေသောအကြောင်းအရင်းများ

    အဆုတ်ကင်ဆာသည် သေစေနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။ သို့သော် ၎င်းကို ဖြစ်ပွားစေသော အကြောင်းရင်းများနှင့် ဖြစ်ပွားနိုင်ချေ အန္တရာယ်များကိုတော့ ထိန်းချုပ်လို့ ရပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားစေသော အကြောင်းရင်းများကို တားဆီးလိုက်ခြင်းအားဖြင့် ကင်ဆာ ပိုမဆိုးလာအောင် ကာကွယ်နိုင်ပါတယ်။

    အဆုတ်ကင်ဆာ ဖြစ်ပွားစေသည့် အကြောင်းရင်းများက အဘယ်နည်း။

    ဆေးလိပ်သောက်ခြင်း၊ ဓါတုပစ္စည်းအချို့နှင့် ထိတွေ့ခြင်းသည် အဆုတ်ကင်ဆာကို အဓိက ဖြစ်ပွားစေသည့်အကြောင်းရင်းများ ဖြစ်ပါတယ်။ သုတေသနသမားများအဆိုအရ အဆုတ်ကင်ဆာအားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

    ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးဆေးလိပ်တွင် နိုင်ထရိုဂျင် အောက်ဆိုက် ၊ ကာဗွန်ဒိုင် အောက်ဆိုက်ကဲ့သို့သော ဓါတုပစ္စည်း အမျိုးပေါင်း ၇,၀၀၀ ကျော် ပါဝင်နေပြီး အများစုမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာရောဂါဖြစ်ဖို့ သင်ကိုယ်တိုင် ဆေးလိပ်သောက်မှ မဟုတ်ပါဘူး။ ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်းသည်လည်း ကိုယ်တိုင်ဆေးလိပ်သောက်သလို အန္တရာယ်ကြီးမားပါတယ်။

    စီးကရက်ဆေးလိပ်၊ ကျောက်ဂွမ်း၊ ရေဒီယို သတ္တိကြွ ရေဒွန်ဒြပ်စင် ကဲ့သို့သော အန္တရာယ်ရှိသော ကင်ဆာဖြစ်စေနိုင်သည့် အရာများကို ရှုရှိုက်ခြင်းသည် အဆုတ်လမ်းကြောင်းရှိ ဆဲလ်များကို ထိခိုက်ပျက်စီးစေပါတယ်။ အချိန်ကြာလာသည်နှင့် အမျှ ထိုထိခိုက်မှုများသည် ဆဲလ်များကို မူမမှန် ပြောင်းလဲမှုများ ဖြစ်ပေါ်စေကာ အဆုံးတွင် ကင်ဆာ ဖြစ်ပွားစေနိုင်ပါတယ်။

    လုပ်ငန်းခွင်တွင် တွေ့ရှိရသော အန္တရာယ်များသည့် ဓါတုပစ္စည်းအချို့ကို အောက်တွင် ဖော်ပြလိုက်ပါတယ်။

    • ရေဒီယို သတ္တိကြွ ရေဒွန်ဒြပ်စင်
    • ကျောက်ဂွမ်းမှုန့်
    • အာဆင်းနစ်
    • ကက်ဒမီယံ
    • ဗီနိုင်း ကလိုရိုက်ဒ်
    • နီကယ်ဒြပ်ပေါင်း
    • ခရိုမီယံ ဒြပ်ပေါင်း
    • မီးသွေးထွက်ကုန်
    • မာ၍ ဖြူသော ဘယ်ရီလီယံ သတ္တုဒြပ်စင်
    • ဓါတုလက်နက်များတွင် အသုံးပြုသည့် အငွေ့ပြင်းထန် ယားယံစေသည့် အရောင်မဲ့ အဆီရည်
    • ကလိုရိုမီသိုင်း အီသာ
    • ဒီဇယ် ဓါတ်ငွေ့

    အဆုတ်ကင်ဆာသည် မျိုးရိုးဗီဇ DNA ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ၎င်းပြောင်းလဲမှုသည် ဆဲလ်လည်ပတ်မှု ဖြစ်စဉ်ကို မူမမှန်ပြောင်းလဲစေကာ ခန္ဓါကိုယ်က မလိုအပ်သော ဆဲလ်အသစ်များ တည်ဆောက်၍ သေဆုံးရမည့် ဆဲလ်အဟောင်းများကိုလည်း မသေဆုံးဘဲ ဆက်ကျန်ရစ်စေသည်။

    သင့်အသက်အရွယ်သည်လည်း အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေ အပေါ် သက်ရောက်မှုရှိပါတယ်။ ကင်ဆာအများစုသည် အသက်ကြီးသူများတွင် ဖြစ်ပွားပါတယ်။ အမေရိကန် ကင်ဆာ အဖွဲ့အစည်း၏ အဆိုအရ အဆုတ်ကင်ဆာသည် အသက်ကြီးသူများတွင် အများဆုံးဖြစ်ပွားပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားသူ သုံးယောက်တွင် နှစ်ယောက်သည် အသက် ၆၅ နှစ်နှင့် အထက် ဖြစ်ပါတယ်။

    ရောဂါဖြစ်ပွားသော ပျမ်းမျှအသက်အရွယ်မှာ အသက် ၇၀ ခန့်ဖြစ်ပါတယ်။ အသက်ကြီးလာလေ အန္တရာယ်ရှိသော ဓါတုပစ္စည်းများနှင့် ထိတွေ့ချိန်များလာလေ ဖြစ်သောကြောင့် ဖြစ်ပါတယ်။ ၎င်းသည် သဘာဝအလျောက် ကင်ဆာဖြစ်ပွားနိုင်ချေ အန္တရာယ်ကို မြင့်မားစေပါတယ်။

    အဆုတ်ကင်ဆာသည် အခြားသော အကြောင်းရင်းများကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။ ဥပမာ။ ။ တီဘီရောဂါ၊ နာတာရှည် အဆုတ်လေပြွန်ကျဉ်းမြောင်းသည့် ရောဂါ (COPD)။ ထိုအခြေအနေများသည် အဆုတ်တွင် ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပြီး အမာရွတ်ဖြစ်စေကာ နောက်ဆုံးတွင် ကင်ဆာကို ဦးတည်စေပါတယ်။

    အခြားသော ကင်ဆာကုသမှုများကလည်း အဆုတ်ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဓါတ်ရောင်ခြည် ကုသမှုပဲဖြစ်ပါတယ်။

    အဆုတ်ကင်ဆာကို ဘယ်လိုကာကွယ်မလဲ။

    အဆုတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ အဆုတ်ဆဲလ်များနှင့် ထိတွေ့နိုင်သည့် အန္တရာယ် အဆိပ်အတောက်များကို ရှောင်ကြဉ်ရမည် ဖြစ်သည်။

    ဆေးလိပ်ဖြတ်ပါ။ အိမ်နှင့် လုပ်ငန်းခွင်တွင် ထိတွေ့နိုင်သည့် ဓါတု အဆိပ်အတောက်များကို ရှောင်ဖို့ နည်းလမ်းရှာပါ။ ကျန်းမာသော ဘဝနေထိုင်မှုပုံစံကို ကျင့်ကြံပါ။ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များကို စားသုံးပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် အဆုတ်ကင်ဆာကို ကာကွယ်ပါ။

    အဆုတ်ကင်ဆာရောဂါသည် ဖြစ်ပွားဖို့ရန် အချိန်များစွာ ကြာပါတယ်။ ဖြစ်ပွားနိုင်ချေ မြင့်မားစေသည့် အန္တရာယ်အကြောင်းရင်းများကို လျော့ချပြီး ကင်ဆာပြန့်ပွားမှုကို ကာကွယ်ခြင်းသည် သင့်ဘဝတွင် အဆုတ်ကင်ဆာဖြစ်စေသော အကြောင်းရင်းများကို ဖယ်ရှားနိုင်သော နည်းလမ်းပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. K Zin Thwe မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement