brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Liver Cancer (အသည်းကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Liver Cancer (အသည်းကင်ဆာ) ကဘာလဲ။

အသည်းကင်ဆာသည် အသည်းဆဲလ်များတွင် စတင်ဖြစ်ပွားပါသည်။ ဝမ်းဗိုက်၏ ညာဖက်အပေါ်ပိုင်းတွင် ရှိသော အင်္ဂါအစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ ဗိုက်နဲ့ ရင်ခေါင်းကိုခြားပေးထားသေားကြွက်သား (diaphragm) နှင့် အစာအိမ်အောက် တွင်ရှိပါသည်။

Liver Cancer (အသည်းကင်ဆာ)

အသည်းကင်ဆာသည် အသည်းဆဲလ်များ၏ အဖြစ်များဆုံး ကင်ဆာအကျိတ် ဖြစ်ပါသည်။ ခန္ဓါကိုယ်၏ အခြားနေရာများမှ ပျံ့နှံ့လာခြင်း မဟုတ်ဘဲ အသည်းမှ ထွက်ပေါ်လာသော အဓိကပင်မ အကျိတ်တစ်ခု ဖြစ်သည်။

အသည်းတွင်ဖြစ်သော ကင်ဆာတိုင်းကို အသည်းကင်ဆာဟု မခေါ်ပါ။ အူမကြီး၊ အဆုတ် သို့မဟုတ် ရင်သား စသော ခန္ဓါကိုယ်ရှိ အခြားနေရာများမှ ပေါ်ထွက်လာပြီးမှ အသည်းသို့ ပျံ့နှံ့သွားသော ကင်ဆာကို ပျံ့နှံ့ကင်ဆာ (metastatic cancer) ဟုခေါ်ပါသည်။

Liver Cancer (အသည်းကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

အသည်းကင်ဆာသည် အမျိုးသမီးများထက် အမျိုးသားများတွင် ပို၍ အဖြစ်များပါသည်။ အသက် ၅၀-၇၀ လူများတွင် ပိုဖြစ်ပါသည်။ စောစီးစွာ ရောဂါအဖြေရှာနိုင်ခြင်းသည် ရောဂါသက်သာ စေရန် အခွင့်အရေးများပါသည်။ အန္တရာယ်ဖြစ်စေနိုင်သော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Liver Cancer (အသည်းကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

လူနာများ၏ သုံးပုံတစ်ပုံသည် မူလအသည်းကင်ဆာ၏ အစောပိုင်း အဆင့်တွင် ရောဂါလက္ခဏာ မပြသပါ။ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်။

  • ရည်ရွယ်ထားသည်ထက်ပို၍ ကိုယ်အလေးချိန် ကျခြင်း
  • ပျို့တက်ခြင်း၊ အော့အန်ခြင်း
  • ဝမ်းဗိုက်နာခြင်း
  • ဝမ်းဗိုက်ဖေါင်းလာခြင်း
  • ခံတွင်းပျက်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အသားဝါခြင်း
  • ဖြူဖတ်ဖြူရော်ဖြစ်ခြင်း

အထက်တွင်ဖော်ပြမထားသော အခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ အခြေအနေနှင့် ဖြစ်ပွားပုံ သည် တစ်ယောက် နှင့် တစ်ယောက် ကွဲပြားနိုင်ပါသည်။ ရောဂါအဖြေရှာခြင်း၊ ကုသခြင်း များအတွက် ချိန်းဆိုရန်နှင့် သင့်အတွက် အကောင်းဆုံး ကုသမှုရရှိရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Liver Cancer (အသည်းကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

အသည်းကင်ဆာအများစုကို ဖြစ်စေသော အကြောင်းရင်းကို ကောင်းစွာ မသိရှိပါ။ သို့သော်လည်း အချို့ကိစ္စများတွင် အသည်းကင်ဆာသည် အသည်းရောင်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။

အခြားအဖြစ်များသော အကြောင်းရင်းများမှာ အသည်းခြောက်ရောဂါ၊ အရက်ကြောင့် အသည်း ပျက်စီးခြင်း၊ အဝလွန်ခြင်း နှင့် အသည်းအဆီဖုံးခြင်း တို့ ဖြစ်ပါသည်။

အသည်းဆဲလ်များ ပြောင်းလဲခြင်း ( DNA မျိုးဗီဇ သန္ဓေပြောင်းခြင်း) သည် ခန္ဓါကိုယ်ရှိ ဇီဝကမ္မ ဖြစ်စဉ်များကို ပြောင်းလဲစေသောအခါ အသည်းကင်ဆာ ဖြစ်ပွားပါသည်။ ဆဲလ်များသည် ထိန်းချုပ်မှု ပျောက်ဆုံး ပြီး အကျိတ်ဖုများ ဖြစ်ပေါ်လာပါသည်။

Risk factors

Liver Cancer (အသည်းကင်ဆာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အသည်းကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်စေသော အချက်များမှာ

  • အသည်းရောင်ရောဂါ (ဘီ)သို့မဟုတ်(စီ) ရှိခြင်း။

အသည်းရောင်ရောဂါ (ဘီ) ဗိုင်းရပ်စ် သို့မဟုတ် အသည်းရောင်ရောဂါ (စီ) ဗိုင်းရပ်စ် တို့ နာတာရှည် ကူးစက်ခြင်းသည် အသည်းကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်တက်စေပါသည်။

  • အသည်းခြောက်ခြင်း။

အသည်းတွင် အမာရွတ် တစ်ရှူးဖြစ်ခြင်းသည် အသည်းကင်ဆာ ဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။

  • မျိုးရိုးကြောင့်ဖြစ်သော ရောဂါ။

သံဓါတ်များသောရောဂါ (hemochromatosis syndrome)၊ Wilson’s disease(copper ဓါတ်များသောရောဂါ) ကဲ့သို့ မျိုးဗီဇ အသည်းရောဂါများ

  • ဆီးချိုသွေးချို။

သွေးတွင်းသကြားချို့ယွင်းချက်ရှိသောသူများသည် ဆီးချိုမရှိသော သူများထက် အသည်းကင်ဆာ ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။

  • အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း။

အသည်းတွင် အဆီများ စုပြုံလာခြင်းသည် အသည်းကင်ဆာ ဖြစ်ပွားစေနိုင်ပါသည်။

  • Aflatoxins နှင့်ထိတွေ့မှု။

ပြောင်းဖူး၊ မြေပဲတို့မှ ပြုလုပ်သော အစားအစာများတွင် ပါဝင်သော အန္တရာယ်ရှိသော အဆိပ်အတောက်တစ်မျိုး ဖြစ်သည်။

  • အရက်အလွန်သောက်မှု။

အရက်ကို နေ့စဉ် နှစ်အတော်ကြာ သောက်သုံးပါက အသည်း ပျက်စီးခြင်း ကို ဖြစ်စေပြီး အသည်းကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်တက်စေပါသည်။

  • .အဝလွန်ခြင်း။

အဝလွန်ခြင်းသည် အသည်းကင်ဆာဖြစ်ပွားနိုင်ချေကို မြင့်တက်စေပါသည်။ အသည်း အဆီဖုံးရောဂါ နှင့် အသည်းခြောက်ခြင်း ကိုလည်း ဖြစ်စေပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Liver Cancer (အသည်းကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ကင်ဆာဖြစ်သော အပေါ်ယံအသည်းဆဲလ်များသည် စောစီးသော အဆင့်တွင် ရောဂါ လက္ခဏာ မပြသသောကြောင့် ရောဂါအဖြေရှာ ရန် ခက်ခဲတတ်ပါသည်။ ရောဂါအဖြေရှာရန် ဆရာဝန်သည် အသည်းခြောက်ရောဂါ ရှိသူများ၊ အသည်းရောင်ရောဂါ (ဘီ) (စီ) ရှိသူများကို သွေးထဲတွင် AFP (alpha fetoprotein) စစ်ခြင်း သို့မဟုတ် အသည်း လုပ်ငန်း စစ်ခြင်း တို့ ပြုလုပ်နိုင်ပါသည်။

သို့သော်လည်း ကင်ဆာအသည်းဆဲလ် ရှိသူများသည် မမှန်သော သွေးစစ်မှု ရလဒ်များ ဖြစ်နိုင်သော ကြောင့် ထိုစစ်ဆေးမှုများ သည် သေချာမှု မရှိသေးပါ။ ထို့ကြောင့် ဆရာဝန်သည် အသည်းအား အာထရာဆောင်း၊ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်း၊သံလိုက် ဓါတ်မှန် ရိုက်ခြင်း ကဲ့သို့ အခြားစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင် ရပါမည်။

အာထရာဆောင်း တွင် အကျိတ်ဖု မြင်ရပါက အသည်း တစ်ရှူးစထုတ်ယူခြင်း ကို ဆက်လက်လုပ်ဆောင်သင့်ပါသည်။ အသည်းမှ သေးငယ်သော တစ်ရှူးစကို အပ်ဖြင့် ယူကာ အဏုကြည့်မှန်ပြောင်း ဖြင့်ကြည့်ပြီး ကင်ဆာဆဲလ်များကို ရှာဖွေခြင်း ဖြစ်သည်။

Liver Cancer (အသည်းကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

အသည်းကင်ဆာ ကုသမှုသည် ရောဂါအဆင့်၊ အသက်နှင့် ကျန်းမာရေး အခြေအနေတို့ ပေါ်တွင် မူတည်ပါသည်။ ခွဲစိတ်ကုသခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ သို့သော် လူနာ အများစုသည် အသည်း ခြောက်နေခြင်း သို့မဟုတ် အကျိတ်များ ပျံ့နှံ့ခြင်းသွားမည်စိုးခြင်း တို့ကြောင့်ခွဲစိတ်ကုသမှု ကိုမပြုလုပ်နိုင်ပါ။

ခွဲစိတ်ကုသခြင်း ပြုလုပ်၍မရသော လူနာများတွင် ကင်ဆာဆေးကုထုံး ဖြင့် ကုသခြင်း ကဲ့သို့ အခြား နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။

ကင်ဆာကျိတ်အကြီးစား သို့မဟုတ် အသည်းအလွန်အကျွံ ပျက်စီးခြင်း ရှိသော သူများသည် လှူဒါန်းသူ ဆီမှ အသည်းအစားထိုးကုသခြင်း ပြုလုပ်နိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အသည်းကင်ဆာကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါ အသုံးဝင်သော အချက်များသည် အသည်းကင်ဆာ ကို ရှောင်ရှားရန် ကူညီနိုင်ပါသည်။

  • ကျန်းမာရေးနှင့် ရောဂါလက္ခဏာ များ တိုးတက်မှုကို စောင့်ကြည့်ရန် ချိန်းဆိုမှုများဖြင့် ပြန်လည် စစ်ဆေးပါ။
  • ဆရာဝန် ညွှန်ကြားချက်ကို လိုက်နာပါ။ စိတ်ကူးပေါက်သလို ဆေးသောက်ခြင်း၊ ဆေးရပ်ခြင်းများကို မပြုလုပ်ရပါ။
  • အသည်းကင်ဆာအတွက် မှန်ကန်သော ကုသမှု ဆုံးဖြတ်ခြင်း များကိုလုပ်ဆောင်ပါ။
  • အရက်မသောက်ပါနှင့်

အကယ်၍သင့်တွင်မေးခွန်းများ ရှိပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Zin Wai Yan Lin · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။