backup og meta

အသည်းကင်ဆာအတွက် အသည်းအစားထိုးကုသမှု

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းကင်ဆာအတွက် အသည်းအစားထိုးကုသမှု

    အသည်းအစားထိုးကုသခြင်းဟာ ပျက်စီးနေတဲ့ အသည်းကို ထုတ်ယူပြီး ကောင်းမွန်တဲ့ အသည်းနဲ့ အစားထိုးခြင်းပဲဖြစ်ပါတယ်။ ဒီကုသနည်းကို အသည်းမှာ စတင်ဖြစ်ပေါ်တဲ့ ကင်ဆာတွေအတွက် အသုံးပြုပါတယ်။ ဒီဆောင်းပါးမှာတော့ အသည်းမှာစတင်ဖြစ်ပေါ်တဲ့ ကင်ဆာတွေအတွက် အသည်းအစားထိုးကုသခြင်းအကြောင်းကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

    ဘယ်သူတွေမှာ အသည်းအစားထိုးခြင်း ပြုလုပ်နိုင်ပါသလဲ။

    အသည်းအစားထိုးကုသခြင်းဟာ အသည်းမှာ စတင်ဖြစ်ပေါ်တဲ့ ကင်ဆာလူနာတွေမှာ ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေရှိမယ်ဆိုရင် အသည်းအစားထိုးဖို့အတွက် သင့်လျော်နိုင်ပါတယ်။

    • 5 cm ထက် မကျော်တဲ့ အကျိတ်တစ်လုံး
    • ထောင့်ဖြတ် 5-7 cm ရှိတဲ့ အကျိတ်တစ်လုံးဟာ အနည်းဆုံး ၆ လအတွင်း ကြီးမလာခြင်း
    • တစ်ခုချင်းစီ 3cm ထက် မကြီးတဲ့ အကျိတ်သေး ၅ လုံး

    အသည်းအစားထိုးကုသဖို့ သင့်အသည်းနဲ့ အနီးစပ်ဆုံးတူညီတဲ့ လှူဒါန်းသူရဲ့ အသည်းတစ်ခု လိုအပ်ပါတယ်။ စောင့်ကောင်းစောင့်ရပါလိမ့်မယ်။ တကယ်လို့ ကင်ဆာဟာ အသည်းအပြင်ကို ပြန့်သွားပြီဆိုရင်တော့ အသည်းအစားထိုးကုသခြင်းဟာ အကျိုးမရှိပါဘူး။ ဘာလို့လဲဆိုတော့ ခွဲစိတ်မှုပြုပြီးရင်တောင် ကင်ဆာဆဲလ်တွေ ကျန်ခဲ့နိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခွဲစိတ်မှုဟာ ကင်ဆာတွေကို အကုန်ထုတ်နိုင်မှာ မဟုတ်တော့ပါဘူး။

    သင့်မှာ ပြင်းထန်တဲ့အသည်းခြောက်ရောဂါ ရှိရင်လည်း အသည်းအစားထိုးခြင်းကို ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ သင့်ဆရာဝန်က ခွဲစိတ်မှုကို ခံယူနိုင်ဖို့အတွက် ခံနိုင်ရည်ရှိလားဆိုတာနဲ့ ပြန်ကောင်းလာမယ့်အချိန်တွေကို မူတည်ပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သေနှုန်းမြင့်မားနိုင်တာကြောင့် အသည်းအစားထိုးကုသခြင်းကို ပြုလုပ်မှာ မဟုတ်ပါဘူး။

    အသည်းအစားထိုးကုသခြင်း အမျိုးအစားများ

    အသည်းအစားထိုးကုသခြင်းပြုလုပ်နိုင်တဲ့ နည်းလမ်း ၃ မျိုး ရှိပါတယ်။

  • သေသူရဲ့ ကိုယ်အင်္ဂါ လှူဒါန်းခြင်း ။ မကြာသေးမီက သေဆုံးသွားတဲ့လူနာရဲ့ အသည်းကို ဖြတ်ထုတ် အစားထိုး ခြင်း ဖြစ်ပါတယ်။
  • အသက်ရှင်နေသူရဲ့ အသည်းအစားထိုးခြင်း ။ အသက်ရှင်နေသူရဲ့ အသည်းတစ်စိတ်တစ်ပိုင်းကို အစားထိုးခြင်း ဖြစ်ပြီး အသည်းဟာ ပြန် ပြီးပွားနိုင်စွမ်းရှိတာကြောင့် လှူဒါန်းတဲ့ အပိုင်း နဲ့ ကျန်ခဲ့တဲ့ အပိုင်း နှစ်ခုလုံးဟာ ပုံမှန်အရွယ်အစားရှိတဲ့ အသည်းအနေအထားကို ပြန်ရောက်နိုင်ပါတယ်။
  • ခွဲစိတ်လှူဒါန်းခြင်း။ အသည်းကို မကြာသေးမီက သေဆုံးသွားတဲ့ လူနာဆီမှ ဖြတ်ထုတ်ပြီး နှစ်ခြမ်းခြမ်းလိုက်ပါတယ်။ တစ်ခြမ်းစီကို မတူညီတဲ့လူတစ်ယောက်စီကို ပေးပြီး သူတို့ဟာ ပုံမှန် အသည်းအရွယ်အစားကို ပြန်ရောက်လာမှာ ဖြစ်ပါတယ်။
  • အသည်းအစားထိုးကုသခြင်း အတော်များများဟာ သေသူရဲ့ အသည်းကို အသုံးပြုကြတာများပါတယ်။

    အသည်းအစားထိုးကုသခြင်း ကို ကိုင်တွယ်ဖြေရှင်းခြင်း

    သင့်ဆရာဝန်က သင့်မှာ အသည်းအစားထိုးကုသဖို့ လိုအပ်နေပြီလို့ ဆုံးဖြတ်တယ်ဆိုရင် သင်ဟာ ဆေးရုံကို သွားပြီး စစ်ဆေးမှု လိုအပ်နိုင်ပါတယ်။ ဒါဟာ နှစ်ပတ်လောက် ကြာနိုင်ပါတယ်။ ဒါမှမဟုတ် ဒီစစ်ဆေးမှုကို ပြင်ပလူနာဌာနမှာတင် ပြုလုပ်နိုင်ပါတယ်။ သင်ခွဲစိတ်မှု မပြုလုပ်ခင် ဆရာဝန်က သင့်အသည်းရဲ့ လုပ်ငန်းဆောင်တာ အတိအကျကို သိထားဖို့အရေးကြီးပါတယ်။ ဒါကို သိရှိစေဖို့ ဆရာဝန်က သင့်ကို သွေးစစ်ဆေးမှုတစ်ခုဖြစ်တဲ့ အသည်းစစ်ဆေးခြင်း ကို လုပ်ခိုင်းမှာ ဖြစ်ပါတယ်။ အသည်းအစားထိုးကုသခြင်းဟာ သင့်အတွက် အကောင်းဆုံးနည်း ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ အခြားစစ်ဆေးမှုတွေလည်း လိုအပ်နိုင်ပါတယ်။

    အသည်းအစားထိုးကုသခြင်းဟာ ဆရာဝန်အတော်များများရဲ့ သေချာ ပြင်ဆင်ခြင်းတွေ ပါဝင်ပါတယ်။ သင်ဟာ ဒီလူတွေကို စစ်ဆေးမှုပြုနေစဉ် တွေ့နေရမှာ ဖြစ်ပါတယ်။ ဒီအချိန်ကို အသုံးပြုပြီး သူတို့နဲ့သိအောင် ကြိုးစားသင့်ကာ သင်မေးချင်တဲ့ မေးခွန်းတွေကို မေးနိုင်ပါတယ်။

    တကယ်လို့ သင်ရော သင့်ဆရာဝန်ပါ အသည်းအစားထိုးကုသမယ်လို့ ဆုံးဖြတ်ပြီဆိုရင် ခွဲစိတ်မှု မပြုလုပ်ခင် စစ်ဆေးမှုအမြောက်အမြား ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။ ဒါဟာ ခွဲစိတ်မှုမပြုလုပ်ခင် ရက်အနည်းငယ် ဆေးရုံကို သွားဖို့လိုအပ်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

    လှူဒါန်းသူကို ရှာဖွေခြင်းနှင့် စောင့်ဆိုင်းခြင်း

    လှူဒါန်းသူဟာ သင်နဲ့ ကိုယ်အလေးချိန်ရော သွေးအမျိုးအစားပါ တူရမှာဖြစ်ပါတယ်။ လှူဒါန်းတဲ့အသည်းအတော်များများဟာ သူတို့သေတဲ့အခါ အသည်းကို လှူဒါန်းဖို့ သဘောတူညီခဲ့သူတွေရဲ့ အသည်း ဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာ သင်နဲ့ အသေးစိတ်ဆွေးနွေးမှာ ဖြစ်ပြီး သင့်မေးတဲ့ မေးခွန်းတွေကို ဖြေပေးမှာ ဖြစ်ပါတယ်။

    လူအချို့ဟာ အသက်ရှင်နေတဲ့လူတွေဆီကနေ အသည်းကို ရရှိတတ်ပါတယ်။ အသည်းတစ်စိတ်တစ်ပိုင်း ထုတ်ယူပြီးချိန်မှာ အသည်းဟာ လျင်မြန်စွာ ပြန်ပွားလာနိုင်ပါတယ်။ ဒါကြောင့် လှူဒါန်းသူက အသည်းတစ်စိတ်တစ်ပိုင်းကို ပေးမှာ ဖြစ်ပါတယ်။ ဒီကုသမှုဟာ စမ်းသပ်မှုအဆင့်သာ ရှိသေးပြီး အသည်းလှူဒါန်းသူ အတွက်ရော ရရှိသူအတွက်ပါ စိုးရိမ်ပူပန်မှုတွေ ရရှိနိုင်ပါတယ်။

    တကယ်လို့ အသည်းအစားထိုးကုသခြင်းဟာ သင့်အတွက် သင့်လျော်တဲ့ ကုသမှုဖြစ်ခဲ့ရင် သင့်အမည်ကို အသည်းအလှူခံစာရင်းမှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ကံမကောင်းစွာပဲ ဒီလိုစောင့်ဆိုင်းနေတဲ့ လူစာရင်းဟာ တစ်နှစ်တစ်နှစ်မှာ ရရှိနိုင်တဲ့ အသည်းအရေအတွက်ထက် ပိုများနေတတ်ပါတယ်။ သင်ဘယ်လောက်နေကောင်းလဲ ဆိုတာပေါ်မူတည်ပြီး အသည်းအစားထိုးကုသခြင်းအတွက် အိမ်မှာ (သို့) ဆေးရုံမှာ စောင့်ဆိုင်းနိုင်ပါတယ်။ ဘယ်အချိန်မှာ အသည်းရမလဲဆိုတာကို ဘယ်သူကမှ ကြိုတင်ပြောနိုင်ခြင်း မရှိပါဘူး။

    လူအချို့ဟာ ရက်အနည်းငယ်သာ စောင့်ရပေမယ့် အချို့ကတော့ ပိုကြာကြာ လအနည်းငယ်အထိ စောင့်ရနိုင်ပါတယ်။ ဒီစောင့်ရချိန်ဟာ သင့်အတွက်၊ သင်နဲ့ ရင်းနှီးသူတွေအတွက် ခက်ခဲနိုင်ပါတယ်။ ဒီအကြောင်းကိုသာ တစ်ချိန်လုံးတွေးနေမိပြီး ဘယ်တော့မှ ဖြစ်မှာ မဟုတ်တော့ဘူးလို့ တွေးကြောက်နေနိုင်ပါတယ်။ သင်နေမကောင်းတဲ့ အချိန်တွေ ရှိနိုင်ပြီး တကယ်လို့ အသည်းသာ နောက်ဆုံးမှာ ရမယ်ဆိုရင်တောင် အစားထိုးခွဲစိတ်ဖို့ နေကောင်းပါ့မလားဆိုတာကို စဉ်းစားနေတဲ့အချိန်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ သင့်ဆရာဝန်နဲ့ ဆရာမတွေဟာ ဒါကို သတိထားမိမှာဖြစ်ပြီး သူတို့တတ်နိုင်သမျှ သင့်ကို ကူညီပေးမှာဖြစ်ပါတယ်။ တကယ်လို့ စိတ်ပူနေတယ် (သို့) နေမကောင်းဖြစ်နေတယ်ဆိုရင် သူတို့ကို ဆက်သွယ်ပြီး အကြံဉာဏ် တောင်းခံနိုင်ပါတယ်။ အသည်းလှူဒါန်းသူကို စောင့်နေရချိန်မှာ ပုံမှန်စစ်ဆေးမှုတွေ ဆေးရုံမှာ ပြုလုပ်နေရမှာ ဖြစ်ပါတယ်။ သူတို့က သင့်မှာ ရှိတဲ့မေးခွန်းတွေကို မေးမြန်းဖို့ သင့်ကို အခွင့်အရေးပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ အသည်းအစားထိုးကုသဖို့အတွက် အချိန်အကြာကြီး စောင့်နေရမယ်ဆိုရင် တချိန်တည်းမှာပဲ ကင်ဆာကို ကိုင်တွယ်ဖြေရှင်းဖို့ chemoembolization (ကင်ဆာဆေးနဲ့ အသည်းကင်ဆာ သွေးကြောများကိုပိတ်ဆို့ကုသခြင်း) သို့ radiofrequency ablation နည်းတွေကို ပြုလုပ်ရနိုင်ပါတယ်။

    တကယ်လို့သင်ဟာ အိမ်မှာရှိမယ်ဆိုရင် (သို့) အပြင်ထွက်မယ်ဆိုရင် ဖုန်းကို သင်နဲ့အတူ အမြဲဆောင်ထား သင့်ပါတယ်။ ဒါဟာ ဆေးရုံက သင့်ကို အချိန်တိုင်း အဆက်အသွယ်ရနိုင်ဖို့ အသေချာဆုံးနည်းလမ်း ဖြစ်ပါတယ်။

    တကယ်လို့ အသည်းရခဲ့ပြီဆိုရင် အမြန်ဆုံး ဆက်သွယ်သင့်ပါတယ်။ ဆေးရုံကိုသွားဖို့ အထုတ်အပိုး ပြင်ဆင်အပြီး ဖြစ်နေသင့်ပါတယ်။ သင့်ကို ဆက်သွယ်ပြီးတာနဲ့ အတတ်နိုင်ဆုံး မြန်မြန် ဆေးရုံကို သွားဖို့ လိုအပ်ပါတယ်။ ဆေးရုံကိုရောက်ပြီး အသည်းဟာ သင်နဲ့ မကိုက်ညီခဲ့ဘူးဆိုရင်တော့ အိမ်ပြန်ပြီး နောက်အသည်းတစ်ခု မရမချင်း စောင့်နေရနိုင်ပါတယ်။ ဒီအတွက် သင်ဟာ စိတ်ပျက်ကောင်း စိတ်ပျက်သွားနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့ ဆရာမတွေဟာ အတတ်နိုင်ဆုံး ကူညီပေးမှာ ဖြစ်ပါတယ်။

    အသည်းအစားထိုးကုသခြင်းအပြီး သင့်ဘဝ

    အသည်းအစားထိုးကုသခြင်းအပြီးမှာ ကျန်းမာရေးအခြေအနေတွေ တိုးတက်လာသင့်ပါတယ်။ ဒါပေမယ့် လူအများစုဟာ ဆေးရုံမှာ နှစ်ပတ်လောက်အထိ နေဖို့ လိုအပ်နိုင်ပါတယ်။

    အသည်းအစားထိုးကုသခြင်းကနေ ပြန်ကောင်းလာဖို့ အချိန်ယူရနိုင်ပါတယ်။ ဒါပေမယ့် လူအများစုဟာ လအနည်းငယ် ကြာအပြီးမှာ ပုံမှန်အလုပ်တွေကို ဖြည်းဖြည်းချင်း ပြန်လုပ်လာနိုင်တာကို တွေ့ရပါတယ်။

    သင့်အခြေအနေကို စောင့်ကြည့်ဖို့ ဆရာဝန်နဲ့ ချိန်းဆိုပြီး တွေ့ရန်လိုအပ်ပြီး သင့်ကိုယ်ခန္ဓါက အသည်းအသစ်ကို ငြင်းပယ်ခြင်းကို တားမြစ်တဲ့ ကိုယ်ခံအားကျဆင်းစေတဲ့ ဆေးတွေကို သောက်ဖို့ လိုအပ်ပါတယ်။ ဒီဆေးတွေကို တစ်သက်လုံးသောက်ရမှာ ဖြစ်ပါတယ်။

    အသည်းအစားထိုးကုသခြင်းရဲ့ ဆိုးကျိုးများ

    အသည်းအစားထိုးကုသခြင်းရဲ့ ရေရှည် အလားအလာကတော့ ယေဘုယျအားဖြင့် အလွန်ကောင်းမွန်ပါတယ်။ တစ်နှစ်ကြာအပြီးမှာ လူ၁၀ ယောက်မှာ ၉ ယောက်၊ အနည်းဆုံးငါးနှစ်အကြာမှာ လူ၁၀ ယောက်မှာ ၈ ယောက်ဟာ အသက်ရှင်နေဆဲဖြစ်ပြီး အနည်းဆုံး အနှစ်၂၀အထိ အသက်ရှင်နေသူ များစွာ ရှိပါတယ်။

    ဒါပေမယ့် အသည်းအစားထိုးကုသခြင်းဟာ ကြီးမားတဲ့ ခွဲစိတ်မှုဖြစ်ပြီး ဆိုးကျိုးတွေကို သယ်ဆောင်လာနိုင်ပါတယ်။ ဒီဆိုးကျိုးတွေကို ခွဲစိတ်နေစဉ်၊ ခွဲစိတ်ပြီးပြီးချင်းနဲ့ ခွဲစိတ်ပြီး နှစ်ပေါင်းများစွာအကြာမှာ ကြုံတွေ့ရနိုင်ပါတယ်။

    အသည်းအစားထိုးကုသခြင်းနဲ့ပတ်သက်တဲ့ အဓိက ပြဿနာတွေကတော့

    • သင့်ကိုယ်ခန္ဓါက အသည်းအသစ်ကို ငြင်းပယ်ခြင်း
    • သွေးထွက်ခြင်း
    • ပထမ အနာရီအနည်းငယ်တွင်း အသည်းအသစ် အလုပ်မလုပ်ခြင်း
    • ရောဂါပိုးဝင်နှုန်း မြင့်များခြင်း
    • ကျောက်ကပ်လုပ်ငန်းဆောင်တာ ကျဆင်းခြင်း
    • အသည်း ဆီသို့ (သို့) ဆီမှ သွားသော သွေးစီးဆင်းမှု ပြဿနာများ
    • ကင်ဆာအမျိုးအစားအချို့ရရှိနှုန်း မြင့်မားခြင်း (ဥပမာ အရေပြားကင်ဆာ)

    သင့်အသည်းအဟောင်းကို ထိခိုက်စေတဲ့ ရောဂါအခြေအနေဟာ သင့်အသည်းအသစ်ကိုလည်း ထိခိုက်စေနိုင်တဲ့ အခွင့်အလမ်း ရှိပါတယ်။

    အသည်းအစားထိုးကုသခြင်းဟာ အသည်းမှာစတင်ဖြစ်ပွားတဲ့ ကင်ဆာရောဂါဝေဒနာရှင်တွေအတွက် ခွဲစိတ်မှုတစ်ခု ဖြစ်ပါတယ်။ အသေးစိတ်အချက်တွေကို သိလိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Translated by Phyu Mon latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement