Spinal cord tumor (ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
အာရုံကြောမကြီးမှလာသော ကင်ဆာနှင့် ကင်ဆာမဟုတ်သောအကျိတ်များကို ခွဲစိတ်ဖို့ ပိုမိုတိုက်တွန်းလာကြပေမယ့် ကျောရိုးကို ပြန့်လာတဲ့ကင်ဆာအကျိတ်ကို ခွဲစိတ်သင့်မသင့်ကိုတော့ ဒွိဟဖြစ်နေကြပါတယ်။
ပုံရိပ်ဖော်နည်းပညာများတိုးတက်လာမှုအပြင် အသံလွန်လှိုင်း၊ လေဆာကဲ့သို့ ခွဲစိတ်ကိရိယာသစ်များ၊ နည်းလမ်းသစ်များ ပေါ်ပေါက်လာခြင်းကြောင့် ခွဲစိတ်ကုသခြင်းကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာကြပါတယ်။
အာရုံကြောမကြီးကို အခြားနေရာက ကင်ဆာပြန့်လာပြီး ဖိမိနေတဲ့အခါ ဦးနှောက်နဲ့အာရုံကြောခွဲစိတ်ဆရာဝန်များက လူနာတွေမှာ ဖိအားနဲ့ နာကျင်မှုသက်သာစေဖို့၊ ကျောရိုးတည်ငြိမ်စေဖို့/ပြန်လည်တည်ဆောက်ဖို့၊ လှုပ်ရှားနိုင်စေဖို့ ဆီးဝမ်းသွားနိုင်စေဖို့နဲ့ နေထိုင်ရအဆင်အပြေဆုံးဖြစ်အောင် ခွဲစိတ်ကုသပေးကြပါတယ်။ အချို့ဆရာဝန်များကတော့ ပြန့်လာတဲ့အကျိတ်တစ်ခုတည်းရှိပြီး အခြားနေရာတွေမှာ အကျိတ်ရှိမနေမှ ခွဲစိတ်သင့်ကြောင်း အကြံပြုကြပါတယ်။
- ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း
အာရုံကြောမကြီးမှလာသော အကျိတ်ရှိသည့် လူနာအများစုဟာ ဓါတ်ရောင်ခြည်ပြဖို့ မလိုပါ။ အခြားနေရာတွေက ပြန့်လာသောအကျိတ်က အာရုံကြောမကြီးကို ဖိမိနေတဲ့အခါမျိုးမှာ ကုသဖို့ သုံးပါတယ်။ အခြားဓါတ်ရောင်ခြည်ကုသမှု လိုအပ်သူများကတော့ အာရုံကြောမကြီးမှ ဖြစ်တဲ့ကင်ဆာနဲ့ ရှားရှားပါးပါး ခွဲစိတ်ပြီးအကုန်ဖယ်ထုတ်လို့မရနိုင်တဲ့ အကျိတ်ရှိသူများ ဖြစ်ပါတယ်။
အာရုံကြောမကြီးဟာ ဦးနှောက်ထက်တောင် ဓါတ်ရောင်ခြည်ကို တုန့်ပြန်မှု ပိုကောင်းပါတယ်။ ကင်ဆာအထူးကု ဓါတ်ရောင်ခြည်ပညာရှင်များဟာ ပုံမှန်အာရုံကြောတစ်သျှူးများကို ဓါတ်ရောင်ခြည်ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင် အထူးအလေးထားဆောင်ရွက်ကြပါတယ်။ ထိုသို့ ထိခိုက်မှုကြောင့် ကုသမရတဲ့ ပျက်စီးမှု ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။ ရင်ဘတ်ပိုင်းကျောရိုးအဆစ်များမှာ အာရုံကြောမကြီးရှိ အကျိတ်များအားလုံးရဲ့ တစ်ဝက်လောက်ဖြစ်ပွားလေ့ရှိပြီး ဓါတ်ရောင်ခြည်ကို တုန့်ပြန်မှုအကောင်းဆုံး ဖြစ်ပါတယ်။
CyberKnife လို့ခေါ်တဲ့ ဓါတ်ရောင်ခြည်ခွဲစိတ် ကိရိယာသစ်တစ်မျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဒါဟာ မနာကျင်စေဘဲ အပေါ်ယံကနေအကျိတ်နေရာကို တိကျစွာပစ်မှတ်ထားပြီး စွမ်းအားမြင့်ဓါတ်ရောင်ခြည်နဲ့ ဖျက်ဆီးနိုင်တဲ့ ကိရိယာဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်ခွဲစိတ်မှုဟာ အကျိတ်ပတ်လည်က ကျန်းမာတဲ့တစ်သျှူးတွေကို ဓါတ်ရောင်ခြည်ထိနိုင်ခြေ အနည်းဆုံးအထိ လျှော့ချပေးနိုင်ပါတယ်။
CyberKnife ဟာ စက်ရုပ်လက်တံကိုသုံးပြီး ပစ်မှတ်အတိအကျနေရာကို ဓါတ်ရောင်ခြည်ပေးနိုင်ပါတယ်။ စက်ရုပ်လက်တံရဲ့ ကွေးဆန့်နိုင်မှုကြောင့် အခြားဓါတ်ရောင်ခြည်ခွဲစိတ်မှုများနဲ့ မကုသနိုင်တဲ့ ကျောရိုးနဲ့အာရုံကြောမကြီးလို နေရာများကို ကုသနိုင်စေတာ ဖြစ်ပါတယ်။
ဦးနှောက်အကျိတ်များမှာကဲ့သို့ ကင်ဆာဆေးသွင်းကုသခြင်းကို ခွဲစိတ်မှုနဲ့ ဓါတ်ရောင်ခြည်ပြအပြီး ဆက်လက်ကြီးထွားနေတဲ့ ကျောရိုးမကြီးမှ glioma အကျိတ်များမှာ သုံးနိုင်ပါတယ်။ ကင်ဆာဆဲလ်ကိုသတ်သော ဆေးများပေးပြီးကုသခြင်း ဖြစ်ပါတယ်။ ဆရာဝန်က ဆေးတစ်မျိုး သို့မဟုတ် ဆေးများကို သောက်ဆေး/ထိုးဆေး/အကြောဆေး အနေနဲ့ ပေးနိုင်ပါတယ်။ ဦနှောက်နဲ့ကျောရိုးထဲမှာ လှည့်လည်နေတဲ့ အရည်ထဲကို ဆေးသွင်းခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။
ဆေးသွင်းကုသခြင်းကို သွင်းလိုက်နားလိုက် ဆေးပတ်များခွဲပြီး ပေးရပါတယ်။ လူနာများက ကုသခံဖို့ ဆေးရုံတက်နေရန် မလိုပါ။ ဆေးအများစုကို ဆေးခန်းမှာတင် ပေးနိုင်ပါတယ်။ သို့ပေမယ့် သုံးတဲ့ဆေးမျိုးအစား၊ ဆေးပေးတဲ့နည်းလမ်း၊ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆေးရုံမှာ ခဏတဖြုတ်နေဖို့ လိုကောင်းလိုနိုင်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
ဒီနည်းလမ်းတွေဟာ ကင်ဆာပျောက်ကြောင်း သက်သေမပြနိုင်ပေမယ့် ဝေဒနာခံစားရ သက်သာစေနိုင်ပါတယ်။
ဥပမာ အပ်စိုက်ကုထုံး။ အပ်စိုက်ဆရာက အပ်သေးသေးလေးတွေနဲ့ သင့်အရေပြား အချို့နေရာတွေကို ထိုးပါမယ်။ သုတေသနပြုလုပ်ချက်များအရ အပ်စိုက်ကုထုံးဟာ ပျို့အန်ခြင်းကို သက်သာစေကြောင်း တွေ့ရှိရပါတယ်။ ကင်ဆာလူနာတွေအတွက် အချို့နာကျင်ခြင်းများကိုလည်း သက်သာစေပါတယ်။ သင်အသုံးပြုဖို့ စဉ်းစားနေတဲ့ အခြားဆေးနည်းရဲ့ အကျိုးနဲ့ အပြစ်ကို သင့်ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ပါ။ အချို့ တိုင်းရင်းဆေးရွက်တွေဟာ သင်သောက်နေတဲ့ဆေးတွေကို အနှောက်အယှက်ပေးနိုင်ပါတယ်။
- ရောဂါကို ရင်ဆိုင်ခြင်းနှင့် အကူအညီယူခြင်း
သင့်အာရုံကြောမကြီးမှာ အကျိတ်ရှိကြောင်းသိရတာ စိတ်မချမ်းသာစရာပါ။ သို့ပေမယ့် ဒီရောဂါကို ရင်ဆိုင်ဖို့ နည်းလမ်းတွေရှိပါတယ်။
- သင့်အကျိတ် အမျိုးအစားနဲ့ ပတ်သတ်လို့ တတ်နိုင်သမျှ သိအောင်လုပ်ပါ။ သင်သိချင်တဲ့ မေးခွန်းတွေကို ချရေးထားပြီး ဆရာဝန်နဲ့တွေ့လျှင် မေးဖို့ ယူသွားပါ။ ဆရာဝန်ရဲ့ အဖြေကို ရေးမှတ်ဖို့ မိသားစု/မိတ်ဆွေ တစ်ယောက်ကို ခေါ်လာပါ။
သင်နဲ့ သင့်မိသားစုက ရောဂါစောင့်ရှောက်မှုအကြောင်း ပိုနားလည်လေ ကုသမှုနည်းလမ်းရွေးချယ်တဲ့အခါ ယုံကြည်မှုပိုရှိလေ ဖြစ်ပါတယ်။
- အကူအညီရယူပါ။ သင့်ခံစားချက်များ ပူပန်မှုများကို မျှဝေခံစားပေးမည့်လူ ရှာပါ။ ကောင်းစွာ နားထောင်ပေးနိုင်မယ့် ရင်းနှီးသောမိတ်ဆွေ/ မိသားစုဝင်တစ်ဦး ရှိရပါမယ်။ ဘုန်းတော်ကြီး၊ နှစ်သိမ့်ဆွေးနွေးသူများနဲ့လည်း ပြောနိုင်ပါတယ်။
ဒီရောဂါရှိတဲ့ အခြားသူများမှာလည်း သူမတူတဲ့ တွေးခေါ်ပုံသဘောထားတွေ ရှိနေပါလိမ့်မယ်။ သင့်အနီးအနားက ကူညီရေးအဖွဲ့အကြောင်း ဆရာဝန်ထံ စုံစမ်းပါ။ Spinal cord tumor association ကဲ့သို့ online မှ ဆွေးနွေးသည့် အဖွဲ့များလည်း ရှိပါတယ်။
- မိမိကိုယ်ကို ဂရုစိုက်ပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက် နှင့် ကောက်နှံများပါဝင်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံကို ရွေးချယ်ပါ။ ဆရာဝန်ထံမှာ သင်လေ့ကျင့်ခန်းပြန်လုပ်နိုင်ပြီလား စစ်ဆေးကြည့်ပါ။ အနားရအောင် အိပ်ရေး၀၀အိပ်ပါ။
သီချင်းနားထောင်ခြင်း၊ စာရေးခြင်း စသဖြင့် အနားယူသည့်အလေ့အကျင့်များလုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။