ကလေးလေဖြတ်ခြင်းကြောင့်ဖြစ်စေသော ပြဿနာများ

    ကလေးလေဖြတ်ခြင်းကြောင့်ဖြစ်စေသော ပြဿနာများ

    လေဖြတ်ခြင်းဟာ အသက်ကြီးပိုင်းများမှာ အဖြစ်များတယ်ဆိုပေမယ့် တခါတရံ ကလေးသူငယ်များမှာလည်း ဖြစ်တတ်ပါတယ်။ ကလေးများမှာ လေဖြတ်ရတဲ့အကြောင်းရင်းဟာ လူကြီးတွေနဲ့ ကွာခြားပါတယ်။

    လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးထောက်ပံ့မှု ပြတ်တောက်သွားတဲ့အခါ ဖြစ်တတ်ပါတယ်။ အဓိကအားဖြင့် လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။ သွေးမရ၍လေဖြတ်ခြင်းဟာ ဦးနှောက်ကို လာတဲ့ သွေးစီးဆင်းမှုကို ပိတ်ဆို့မိရင် ဖြစ်တတ်ပြီး သွေးယိုပြီးဖြစ်တဲ့ လေဖြတ်ခြင်းကတော့ ဦးနှောက်ကို သွားတဲ့ သွေးကြောပေါက်ရင် ဖြစ်တတ်ပါတယ်။ လူကြီးတွေမှာ ၈၀%ခန့်ဟာ သွေးကြောပိတ်ခြင်းကြောင့်ဖြစ်ပြီး ၂၀% ခန့်ဟာ ဥိးနှောက်တွင်း သွေးယိုခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ကလေးတွေမှာတော့ ဖြစ်နိုင်ခြေ အတူတူပဲ ဖြစ်ပါတယ်။ ကလေးတွေမှာလည်း ယာယီလေဖြတ်ခြင်း (TIA) ဖြစ်တတ်ပါတယ်။ ယာယီလေဖြတ်ခြင်းဟာ ဦးနှောက်ရဲ့ သွေးလည်ပတ်မှု ခဏ ရပ်တန့်သွားလို့ ဖြစ်ပါတယ်။ လက္ခဏာတွေဟာ မိနစ်အနည်းငယ်၊ နာရီပိုင်းလောက်ပဲ ကြာပြီး ပျောက်သွားတတ်ပါတယ်။ လူကြီးတွေမှာ ယာယီလေဖြတ်ခြင်းဟာ ဦးနှောက်ကို အမြဲတမ်းထိခိုက်ခြင်း မဖြစ်စေပါဘူး။ ဒါပေမယ့် သုတေသနပြုချက်တွေအရ ကလေးတွေမှာ ဖြစ်ရင်တော့ နောက်ပိုင်းမှာ လက္ခဏာမပြရင်တောင် ဦးနှောက်မှာ ဒဏ်ဖြစ်သွားတတ်တယ်လို့ ဆိုပါတယ်။

    လေဖြတ်ခြင်းရဲ့ အကျိုးသက်ရောက်မှုဟာ ဖြစ်တဲ့ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်ပြီး အတော်အသင့်ကနေ ဆိုးရွားတဲ့ အဆင့်အထိ ရောက်တတ်ပါတယ်။ သင့်ရဲ့ကလေးဟာ စကားပြောခြင်း၊ ပြုမူပုံနဲ့ သင်ယူမှုစတဲ့နေရာတွေမှာ အခက်အခဲ ဖြစ်သွားတတ်ပါတယ်။ ကလေးတွေမှာ လေဖြတ်ခြင်းဟာ နာကျင်ခြင်း၊ တက်ခြင်းနဲ့ အမြင်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိသွားတတ်ပါတယ်။ ဒီလိုဖြစ်ရင် အချိန်ယူပြီး ကာယကုသမှု လေ့ကျင့်ခန်းတွေလုပ်ဖို့ အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် လအနည်းငယ်အတွင်း ပြန်ကောင်းနိုင်ပေမယ့် ပိုလည်းကြာသွားတတ်ပါတယ်။ ပိုဆိုးတာက လူကြီးတွေမှာလိုပဲ ကလေးတိုင်းဟာ ပြန်မကောင်းနိုင်တာပါပဲ။ လေဖြတ်ခြင်းကြောင့် ကလေးဆုံးရှုံးရတဲ့အခါ အထူးကုသရေးအဖွဲ့ဟာ မိဘတွေကို နှစ်သိမ့်မှုပေးတတ်ကြပါတယ်။

    သွေးကြောပိတ်ဆို့ပြီးလေဖြတ်စေတဲ့ အဓိကနည်းလမ်း ၂ခုရှိပါတယ်။

    • ကိုယ်ခန္ဓါရဲ့ တခြားနေရာက သွေးခဲဟာ ဦးနှောက်ကို ရောက်လာပြီး ပိတ်စေနိုင်ပါတယ်။ Embolus လို့ ခေါ်ပါတယ်။
    • ဦးနှောက်ရဲ့ သွေးကြောထဲမှာပဲ သွေးခဲပြီး ပိတ်ဆို့စေတာ ဖြစ်ပါတယ်။ Thrombosis လို့ ခေါ်ပါတယ်။

    ကလေးတွေမှာ သွေးမလျောက်ဘဲ လေဖြတ်ခြင်းစေတဲ့ တခြားကွဲပြားတဲ့ ဖြစ်နိုင်ခြေတွေလည်း ရှိပါသေးတယ်။ အောက်ပါအခြေအနေတွေ ဖြစ်ပါတယ်။

    • နှလုံးရောဂါများ
    • သွေးရောဂါများ
    • ရောဂါပိုးကူးစက်ခြင်းများ
    • သွေးကြောဆိုင်ရာ ရောဂါများ

    ကလေးတွေမှာ လေဖြတ်ခြင်းရဲ့ ၅၀% ခန့်ဟာ သွေးမလျှောက်တာကြောင့် ဖြစ်ပါတယ်။ သူတို့တွေရဲ့ ၃၀ ကနေ ၅၀%လောက်ဟာ ဦးနှောက်သွေးကြော ပုံပျက်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ဦးနှောက်သွေးကြော ပုံပျက်ခြင်းဆိုတာ ဦးနှောက်ကို လာတဲ့ သွေးလွှတ်ကြောဟာ သွေးပြန်ကြောနဲ့ ပုံမှန်မဟုတ်ဘဲ တိုက်ရိုက် သွားဆက်လို့ ဖြစ်ပါတယ်။ ကိုယ်ခန္ဓါရဲ့ ဘယ်နေရာမှာမဆို ဖြစ်တတ်ပေမယ့် ဦးနှောက်မှာ အဓိကဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ သွေးလွှတ်ကြောထဲက သွေးဖိအားဟာ ကြားထဲမှာ အခုအခံ မရှိဘဲ သွေးပြန်ကြောထဲ တိုက်ရိုက်ဝင်သွားလို့ ပေါက်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။
    ဒီဆောင်းပါးဟာ သင့်ရဲ့ကလေးနဲ့သင့်မိသားစုမှာ ကြုံနိုင်တဲ့ လေဖြတ်ခြင်းရဲ့ အကြောင်းအရင်းများ၊ ကုသပုံနဲ့ ထိခိုက်မှုတွေကို ရှင်းပြထားတာ ဖြစ်ပါတယ်။ တခြား ရနိုင်တဲ့ အကူအညီတွေကိုလည်း စာရင်းပြုစုထားသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr. Thant Zin မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။