backup og meta

သွေးဆဲလ်တွေနည်းခြင်း (Pancytopenia)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးဆဲလ်တွေနည်းခြင်း (Pancytopenia)

    သွေးဆဲလ်တွေနည်းခြင်း (Pancytopenia) ဆိုတာ

    ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုစနစ်မှာ သွေးဆဲလ်၃မျိုး ရှိပါတယ်။ သွေးနီဥရယ် သွေးဖြူဥရယ် သွေးဥမွှားရယ်ပါ။ ဒီသွေးဆဲလ်တွေက နည်းရင်ပဲဖြစ်ဖြစ် များရင်ပဲဖြစ်ဖြစ် ရောဂါဖြစ်တတ်ပါတယ်။ သွေးဆဲလ်တွေ နည်းတာကလည်း ရောဂါပါပဲ။ ဥပမာ ပြောရရင် သွေးနီဥနည်းတာကို ဆေးပညာအရ Anaemia လို့ခေါ်ပါတယ်။ သွေးဖြူဥနည်းတာကို Leucopenia၊ သွေးဥမွှားနည်းတာကို Thrombocytopenia လို့ခေါ်ပါတယ်။ ဒီလို တစ်ခုချင်းစီ နည်းတာလည်း ရှိသလို လူတစ်ယောက်တည်းမှာပဲ သုံးမျိုးလုံး နည်းတာလည်း ရှိပါတယ်။ ဒါကို သွေးဆဲလ်များနည်းခြင်း (Pancytopenia) လို့ ခေါ်ပါတယ်။ ဒီလိုရောဂါမျိုးက တကယ်ရှိတာလား။ ဘာကြောင့်ဖြစ်တာလဲ ဆိုတာ ရှင်းပြပေးပါမယ်။

    သွေးဆဲလ်တွေနည်းခြင်း (Pancytopenia) ဘာကြောင့်ဖြစ်ရတာလဲ။

    သွေးဆဲလ်နည်းတာက သွေးဆဲလ်ထုတ်ပေးတဲ့ ရိုးတွင်းခြင်ဆီမှာ ပြဿနာတစ်ခုခုရှိနေလို့ပါ။ တခြားရောဂါ တစ်ခုခုရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ တကယ်တော့ သွေးဆဲလ်နည်းတယ် ဆိုတာက ရောဂါတစ်ခုရဲ့ နောက်ကွယ်က လက္ခဏာတစ်ခုပါပဲ။

    ဒါကို မပြောခင် သွေးဆဲလ်တွေက ဘာလို့ပေးလဲဆိုတာ ပြောပြပေးပါ့မယ်။

    • သွေးနီဥက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ပို့ပေးပါတယ်။
    • သွေးဖြူဥက ခုခံအားစနစ်ကို ဖြစ်စေတဲ့ အပြင် ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။
    • သွေးဥမွှားတွေကတော့ သွေးခဲအောင် ကူညီပေးပါတယ်။

    ဒီလို အလုပ်တွေ အများကြီးလုပ်ပေးတဲ့ သွေးဆဲလ်တွေ နည်းသွားရင် ခန္ဓာကိုယ်မှာ ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါကို လျစ်လျမရှုသင့်ပါဘူး။

    သွေးဆဲလ်များနည်းခြင်း ရဲ့လက္ခဏာ

    လက္ခဏာကတော့ သွေးဆဲလ်သုံးခုစာ ခံစားရမှာပါ။ သွေးနီဥနည်းတဲ့ လက္ခဏာရော၊ သွေးဖြူကနည်းတဲ့ လက္ခဏာရော၊ သွေးဥမွှားနည်းတဲ့ လက္ခဏာရော ပေါင်းပြီး ခံစားရမှာပါ။ အသေးစိတ် ပြန်ပြောရရင်

    သွေးနီဥ နည်းတဲ့အတွက်

    • ဖြူဖျော့မယ်
    • နုံးမယ်
    • ရင်တုန်မယ်
    • မောမယ်
    • ခေါင်းမူးမယ်
    • အလွယ်ပြောရရင်တော့ သွေးအားနည်းတဲ့ လက္ခဏာကို ခံစားရမှာပါ။

    သွေးဖြူဥ နည်းတဲ့အတွက်

    • ဖျားမယ်
    • ချောင်းဆိုးမယ်
    • ဆီးပူဆီးအောင့်မယ်
    • အလွယ်ပြောရရင် ပိုးဝင်တဲ့ လက္ခဏာတွေကို ခံစားရမှာပါ။

    သွေးဥမွှား နည်းတဲ့အတွက်

    • နှာခေါင်းသွေးယိုမယ်
    • သွားဖုံးသွေးလျှံမယ်
    • အညိုအမည်းစွဲလွယ်မယ်
    • အနီစက်တွေထွက်မယ်
    • ခန္ဓာကိုယ်အနှံ့ကနေ သွေးယိုမယ်
    • ဦးနှောက်ထဲမှာသွေးယိုရင် တက်တာ၊ သတိလစ်တာတွေ ဖြစ်မယ်။

    သွေးဆဲလ်များနည်းခြင်း ရဲ့အကြောင်းရင်း

    သွေးဆဲလ်တွေနည်းခြင်း (Pancytopenia) ဖြစ်ရခြင်းရဲ့ အဓိက တရားခံကတော့ ရိုးတွင်းခြင်ဆီ ပျက်စီးတာပါ။ ရောဂါတွေ၊ ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကလည်း ရိုးတွင်းခြင်ဆီကို ဖျက်ဆီးပစ်ပါတယ်။ အကြောင်းရင်းတွေကတော့

    • ကင်ဆာရောဂါများ (ဥပမာ Leukemia, Lymphoma)
    • Megaloblastic anaemiaလို့ခေါ်တဲ့ ဗီတာမင် ဘီ12 ဒါမှမဟုတ် ဖောလစ်အက်စစ် ချို့တဲ့လို့ ဖြစ်တဲ့ သွေးအားနည်းရောဂါ
    • Aplastic anaemiaလို့ခေါ်တဲ့ ရီုးတွင်းခြင်ဆီကနေ သွေးဆဲလ်တွေ မထုတ်နိုင်တဲ့ ရောဂါ
    • Paroxysmal nocturnal haemoglobinuriaလို့ခေါ်တဲ့ သွေးနီဥတွေ ဖျက်ဆီးခံရပြီး ဆီးထဲမှာ သွေးပါတဲ့ရောဂါ
    • ဗိုင်းရပ်စ်ရောဂါပိုးတွေ (ဥပမာ အသည်းရောင်အသားဝါHIVငှက်ဖျားရောဂါ၊ သွေးပိုးဝင်တာ)
    • ကင်ဆာအတွက် ဆေးသွင်းတာ၊ ရောင်ခြည်ပြတာ
    • ပတ်ဝန်းကျင်ကနေ အာဆင်းနစ်တို့ ဓာတ်ရောင်ခြည်တို့ ထိတွေ့မှုများတာ
    • ဘေလုံးကြီးတာ
    • ရိုးတွင်းခြင်ဆီကို ပျက်စီးစေတဲ့ ဆေးတွေအလွန်အကျွံသောက်မိတာ
    • အသည်းရောဂါ
    • အရက်အလွန်အကျွံသောက်လို့ အသည်းပျက်စီးတာ
    • အရေပြားလေးဖက်နာ (SLE) လိုမျိုး ခုခံအားကမောက်ကမရောဂါ
    • မျိုးရိုးလိုက် ရိုးတွင်းခြင်ဆီရောဂါ

    ရောဂါဖြစ်တဲ့သူ တစ်ဝက်လောက်မှာတော့ ဖြစ်ရတဲ့ အကြောင်းရင်းရှာမတွေ့ပါဘူး။ ဒါကို idiopathic pancytopenia လို့ ခေါ်ပါတယ်။

    နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

    နောက်ဆက်တွဲကတော့ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားတွေ လျော့နည်းလို့ ဖြစ်ရတာပါ။ တွေ့ရတဲ့ ပြဿနာတွေကတော့

  • သွေးဥမွှား နည်းလို့ သွေးထွက်လွန်တာ
  • သွေးဖြူဥ နည်းလို့ ပိုးဝင်လွယ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။
  • သွေးဆဲလ်တွေ နည်းလွန်းရင် အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်များပါတယ်။
  • ဘယ်လို ကုသလို့ရလဲ။

    အဓိကကတော့ သွေးဆဲလ်နည်းစေတဲ့ အကြောင်းရင်းကို ရှာပြီး ကုသရမှာပါ။ ဥပမာပြောရရင် ဆေးကြောင့်ဆိုရင် ဆေးကို ရပ်လိုက်တာမျိုး၊ ခုခံအား ကမောက်ကမဖြစ်တာကြောင့်ဆိုရင် ခုခံအား ထိန်းညှိတာမျိုး လုပ်ရမှာပဲ ဖြစ်ပါတယ်။ ကုသနည်းတွေကတော့

    • ရိုးတွင်းခြင်ဆီကနေ သွေးဆဲလ်တွေ ထုတ်အောင် လှုံ့ဆော်တဲ့ ဆေးတွေပေးတာ
    • သွေးသွင်းတာ
    • ပိုးဝင်တာအတွက် ပိုးသတ်ဆေးတွေ ပေးတာ
    • လိုအပ်ရင် ရိုးတွင်းခြင်ဆီအစားထိုးတာ စတဲ့ နည်းလမ်းတွေနဲ့ ကုသလို့ရပါတယ်။

    ကုသလို့ ပျောက်ကင်းနိုင်ပါ့မလား။

    ကုသလို့ ပျောက်မပျောက်ကတော့ ဖြစ်တဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ ခုနောက်ပိုင်းမှာ တိုးတက်လာတဲ့အတွက် လိုအပ်နေတဲ့ သွေးဆဲလ်ကို ထုတ်နိုင်အောင် လှုံ့ဆော်ပေးတဲ့ ဆေးတွေလည်း ပေါ်နေပြီ ဖြစ်တာကြောင့် အရင်ကထက်စာရင် ပျောက်နိုင်ခြေ ရှိနေပါပြီ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement