backup og meta

လိင်ဆက်ဆံခြင်းမှ HIV ပိုး ကူးစက်မခံရစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံခြင်းမှ HIV ပိုး ကူးစက်မခံရစေဖို့

    အိပ်၊ စား၊ ကာမ ဆိုတာ လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါနေတဲ့ အရာတွေပါ။ ကာမ ကိစ္စနဲ့ ပတ်သက်လာရင်လည်း လူတိုင်းက ကာမသုခကို အပြည့်အဝ ခံစားချင်ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့နောက်က ကပ်ပါလာနိုင်တဲ့ HIV လို ရောဂါပိုးတွေ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေတော့ လိုချင်ကြမယ် မထင်ပါဘူးနော်။ ခုဆောင်းပါးမှာတော့ HIV ပိုးကို ထိရောက်စွာ ကာကွယ်ပေးနိုင်မယ့် နည်းလမ်း ၃ ခု အကြောင်း ရှင်းပြပေးချင်ပါတယ်။

    ၁။ ကွန်ဒုံး အသုံးပြုခြင်း

    ဒါကတော့ အမြဲတမ်းလိုလို ကြားနေတတ်တဲ့ အရာပါ။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ကွန်ဒုံးကို စနစ်တကျ အသုံးပြုတာပါပဲ။ ကွန်ဒုံးတွေကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ၉၅ ရာခိုင်နှုန်းအထိ ထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။ ကွန်ဒုံးနဲ့ ပတ်သက်ပြီး စိတ်ချရတဲ့ ကွန်ဒုံးကို ရွေးချယ်ဝယ်ယူတဲ့အခါ

    • သက်တမ်း ကုန်ဆုံးနေတဲ့ ရက်လွန် ကွန်ဒုံးတွေကို မဝယ်ယူရပါဘူး

    • ဝယ်မယ့် ကွန်ဒုံးက ကိုယ့်ပစ္စည်းနဲ့ ကွက်တိဖြစ်လောက်မယ့် အရွယ်အစားမျိုးသာ ဖြစ်ရပါမယ်

    • ကွန်ဒုံးအထုတ်က ဖြဲထားတာ၊ ချောဆီတွေ စိမ့်ထွက်နေတာမျိုး မရှိရပါဘူး

    • ကွန်ဒုံးကို အရမ်းပူလွန်းတဲ့ နေရာတွေမှာ မထားရပါဘူး၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း မရှိရပါဘူး

    ဘောင်းဘီအိတ်ကပ်၊ ပိုက်ဆံအိတ်၊ လွယ်အိတ်တွေထဲမှာ အကြာကြီး သိမ်းပြီး ဆောင်တာမျိုးတော့မလုပ်ပါနဲ့

    အသုံးမပြုခင်မှာ

    ကွန်ဒုံးမှာ ပေါက်နေတာ၊ ပြဲနေတာမျိုး ရှိမရှိ သေချာစစ်ပါ

    • အနံ့က အောက်သိုးသိုးအနံ့ ဖြစ်နေရင် အသုံးမပြုပါနဲ့

    ချောဆီတွေ ခမ်းခြောက်ပြီး ခြောက်ကပ်ကပ်ကြီး ဖြစ်နေရင် အသုံးမပြုပါနဲ့

    • အသုံးပြုမယ့်နေ့မှာ နောက်ဆုံးသက်တမ်းကုန်မယ့် နေ့ကို တစ်ချက်ပြန်စစ်ပါ

    မှန်ကန်စွာ ဘယ်လိုအသုံးပြုမလဲ ဆိုရင်

    • ကွန်ဒုံးထည့်ထားတဲ့ အထုတ်ကို သတိထားပြီး ဖွင့်ပါ။ သွားနဲ့ ကိုက်ဖွင့်လိုက်တာ၊ ကပ်ကြေးနဲ့ ညှပ်တာမျိုးမလုပ်ပါနဲ့။ အခန့်မသင့်ရင် ကွန်ဒုံးပါ ပေါက်ပြီးပြဲသွားနိုင်ပါတယ်။

    ကွန်ဒုံးကို မစွပ်ခင်မှာ ပေါက်ပြဲနေတာ၊ ထိခိုက်မှု တစ်စုံတစ်ရာ ရှိ၊ မရှိ အရင်စစ်ဆေးပါ။

    • ကွန်ဒုံးရဲ့ ဖုဖောင်းနေတဲ့ ထိပ်ကလေးကို လက်မနဲ့ လက်ညှိုးဖြင့် ဖိထားပါ။ အဲ့ဒီထိပ်က လိင်ဆက်ဆံပြီးတဲ့အခါ ထွက်လာမယ့် သုက်ရည်တွေကို အပြင်မထွက်အောင် သိမ်းဆည်းထားဖို့ပါ။

    ထောင်မတ်နေတဲ့ လိင်တံထိပ်ကနေ ကွန်ဒုံးအနားသားတွေကို အောက်ကို ဖြည်းဖြည်းချင်း လိပ်ဆွဲပါ။ ဆွဲလို့ အဆင်မပြေတာ၊ အရမ်းကျပ်နေတာ၊ ဆွဲနေရင်းနဲ့ ပြဲသွားတာဆိုရင် လွှင့်ပစ်ပြီး အသစ်တစ်ခု ယူသုံးပါ။

    • ထိခိုက်ပွန်းပဲ့မှု နည်းစေဖို့နဲ့ ထိုးသွင်းဆက်ဆံတာ ပိုလွယ်သွားအောင် ရေအခြေပြု (Water-based) ချောဆီနည်းနည်းကို ကွန်ဒုံးအပြင်ဘက်ကို သုတ်လိမ်းထားပါ။

    သုက်လွှတ်ပြီးသွားချိန် လိင်တံမပျော့သွားခင် အမြန်ဆွဲထုတ်ပြီး ကွန်ဒုံးကို လွှင့်ပစ်ပါ။ လိင်တံပျော့သွားတဲ့အခါ စွပ်ထားတဲ့ ကွန်ဒုံးက ချောင်ပြီး အပြင်ကို ကျွတ်ထွက်သွားနိုင်သလို သုက်ရည်တွေပါ စိမ့်သွားနိုင်တာကြောင့်ပါ။

    • ကွန်ဒုံးကို ဆွဲချွတ်တဲ့အခါ ထိပ်နားကို လက်နဲ့ထိန်းပြီး ကျန်လက်တစ်ဖက်ဖြင့် ဖြည်းဖြည်းချင်း ဆွဲချွတ်ပေးရပါမယ်။

    • ပြီးတာနဲ့ သုက်ရည်တွေကို အပြင်ဘက် မဖိတ်ကျအောင် သေချာဂရုစိုက်ပြီး အမှိုက်ပုံးထဲ ကွန်ဒုံးကို ပစ်လိုက်ရုံပါပဲ။

    နောက်ထပ်နည်းလမ်းကတော့ ကွန်ဒုံးအသုံးပြုရတာ မကြိုက်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။ ဒီနည်းလမ်းကတော့ ကြိုတင်ကာကွယ်တဲ့ ဆေး (PrEP) နဲ့ အရေးပေါ် ကာကွယ်ဆေး (PEP) တို့ပဲ ဖြစ်ပါတယ်။ မကောင်းတဲ့အချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ဒီဆေးတွေက ရှာရခက်သလို အတုအပတွေ ပေါနိုင်ပါတယ်။ အရေးပေါ် ကာကွယ်ဆေး (PEP) ကတော့ ဆေးရုံကြီးတွေမှာ သွားရောက် စစ်ဆေးပြသပြီး လိုအပ်မှသာ ဆရာဝန်က ထုတ်ပေးမှာဖြစ်ပါတယ်။

    PrEP ဆေးဆိုတာဘာလဲ။

    • ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။

    • အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။

    • HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာဖြစ်ပါတယ်။

    • နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရက် ရှိဖို့ လိုအပ်ပါတယ်။

    • နေ့တိုင်း PrEP ဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်း လျှော့ချပေးနိုင်ပါတယ်။

    • ဆေးထိုးအပ်မျှဝေသုံးစွဲရာမှ HIV ကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။

    • မူးဝေတာ၊ အော့အန်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။

    • ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစွဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။

    • PrEP ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ လိုပါတယ်။

    • ဒီဆေးဟာ HIV ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။

    • ၃လခြား တစ်ခါ HIV ပိုးရှိ၊ မရှိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။

    PEP ဆေးကို ဘာအတွက် သောက်တာလဲ။

    • Post-exposure prophylaxis လို့ အမည်ရတဲ့ PEP ဆေးဟာ အရေးပေါ် သောက်ရတဲ့ HIV ပိုးကာကွယ်ဆေးဖြစ်ပါတယ်။

    • ကိုယ့်မှာတော့ HIV ရောဂါပိုးမရှိဘူး။ ဒါပေမယ့် HIV ရှိတယ်လို့ သံသယဖြစ်ရတဲ့ သူတစ်ယောက်နဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိတဲ့အခါ ဒီဆေးကို အရေးပေါ်အနေနဲ့ သောက်ဖို့ လိုပါတယ်။

    လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်မှ ဆေးရဲ့ အာနိသင်ကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။

    • အထူးသဖြင့် အလိုမတူဘဲ အဓမ္မပြုကျင့်ခံရပြီးနောက် HIV ပိုး ကူးစက်ခံရခြင်းမဖြစ်စေဖို့ PEP ဆေးကို စောနိုင်သမျှ အစောဆုံး သောက်ပေးရပါမယ်။

    • PrEP ဆေးလိုပဲ မူးဝေတာ၊ အော့အန်တာ၊ ခေါင်းမူးတာ၊ ကိုယ်လက်မအီမသာဖြစ်တာ အစရှိတဲ့ ဓာတ်မတည့်လက္ခဏာတချို့ကို တွေ့ရတတ်ပါတယ်။

    • ဒီဆေးကို သောက်ဖို့အတွက် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

    ဒီဆေးတွေက သေချာသောက်မယ်ဆိုရင် HIV ပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပေမယ့် တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့၊ ဂနို၊ ကာလသားရောဂါတွေ၊ အရေပြားပြဿနာတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဘေးကင်းအန္တရာယ်ရှင်းစွာ လိင်ဆက်ဆံနိုင်ဖို့ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးက ကွန်ဒုံးအသုံးပြုဖို့ အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement