backup og meta

HIV ပိုးရှိသူများ ဘဝကိုအကောင်းဆုံးဖြစ်အောင် နေထိုင်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ပိုးရှိသူများ ဘဝကိုအကောင်းဆုံးဖြစ်အောင် နေထိုင်နည်း

    ဒီဘက်ခေတ် ၂၁ ရာစုမှာတော့ HIV ပိုးရှိခြင်းဟာ သိပ်ပြီး ကြောက်စရာကောင်းတဲ့ ကိစ္စတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း လူဆိုတာက ရာနှုန်းပြည့်ကျန်းမာတာမျိုးပဲ လိုချင်ကြတာလေ၊ ဘယ်သူကတော့ ဒီလိုရောဂါပိုးမျိုး လိုချင်ကြပါ့မလဲ။ အထူးသဖြင့် HIV လိုမျိုး လူ့ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ကဲ့ရဲ့ဝေဖန်ကြမယ့် ရောဂါပိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ ဒါပေမယ့်လည်း ကံအကြောင်းမလှလို့ ကိုယ့်မှာရောဂါပိုးရှိလာတဲ့အခါ ဘဝကို အကောင်းဆုံး ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ သေချာဖတ်ကြည့်ပြီး စိတ်ခွန်အားတစ်စုံတစ်ရာ ရနိုင်မယ်ဆိုရင် စာရေးသူ တော်တော်ဝမ်းသာပီတိဖြစ်မိမှာပါ။

    HIV ဟာ ဘဝအဆုံးသတ်မဟုတ်ဘူးဆိုတာကို သိထားပါ။

    HIV ပိုးကူးစက်ခံရတာနဲ့ အသက်သေဆုံးရတော့မယ်၊ ဘယ်လိုမှ ကုလို့လည်း မရတော့ဘူးဆိုတာ အရင်ခေတ်တွေမှာ ကျန်ခဲ့ပါပြီ။ အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးမပေါ်သေးတဲ့တိုင်အောင် ရောဂါပိုးကို ဆက်မပြန့်ပွားအောင် ထိန်းချုပ်ပေးနိုင်မယ့် ART ဆေး (Anti Retroviral Therapy) တွေ ပေါ်လာပါပြီ။ နည်းပညာတိုးတက်လာတာနဲ့အမျှ အရင်ကလို ဆေးအလုံးရေ အများကြီးသောက်စရာလည်း မလိုတော့ဘဲ တစ်နေ့တစ်လုံး အချိန်မှန်သောက်ပေးရုံနဲ့တင် ကိုယ့်ရဲ့ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ရောဂါပိုးတွေကို ထပ်ပြီး မပွားတော့အောင် ထိန်းချုပ်ပေးနိုင်မှာပါ။ ဆေးကိုသာ သေချာသောက်ပေးပါ၊ အရမ်းကြီး စိုးရိမ်ကြောင့်ကြနေရတဲ့ AIDS ဆိုတဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုတဲ့ အဖြစ်ဆိုးမျိုး လုံးဝမကြုံရအောင် ကာကွယ်ပေးနိုင်မှာပါ။

    ဘေးပတ်ဝန်းကျင်က လူတွေ ဘယ်လိုထင်မြင်မလဲဆိုတာ ခဏမေ့ထားပါ။

    ရုပ်ဝတ္ထုပစ္စည်းတွေနဲ့သာမက အတွေးအခေါ်တွေနဲ့ပါ အဆိပ်သင့်နေတဲ့ လူ့ပတ်ဝန်းကျင်က သင်ကောင်းတာ လုပ်နေရင်တောင် မကောင်းပြောတာမျိုး ရှိနေမှာပါ။ ဒီအတွက် တခြားလူတွေ ကိုယ့်အပေါ် ဘယ်လိုထင်မြင်မလဲ၊ ကဲ့ရဲ့ဝေဖန်နေမလဲဆိုတာ ခေါင်းအခြောက်ခံပြီးတောင် မတွေးပါနဲ့။ ကိုယ့်ဘဝ၊ ကိုယ့်အနာဂတ်၊ ကိုယ့်ကျန်းမာရေးဟာ ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။ ကိုယ့်ဘဝကို ကိုယ်တိုင်ဆုံးဖြတ်ပါ၊ လမ်းအသစ်တွေကို ကိုယ့်လက်နဲ့ ဖောက်ထုတ်ပါ။ အနောက်မှာ ကိုယ့်ကို အားပေးကူညီပေးမယ့်သူတွေ အမြဲရှိနေတယ်ဆိုတာ တွေးပါ။

    ကိုယ်ချစ်ရတဲ့သူတွေကို ကိုယ့်ကျန်းမာရေးအခြေအနေအကြောင်း ဖွင့်ပြောပြပါ။

    ဘယ်သူမဆို ကိုယ့်မှာ HIV ပိုးရှိတယ်ဆိုတာကို တခြားသူတစ်ယောက်ကို ပြောပြဖို့ဆိုတာ အရမ်းခက်ခဲသလို ရှက်စရာကောင်းတယ်လို့လည်း တွေးနေမိမှာပါ။ အထူးသဖြင့် ကိုယ်ဖွင့်ပြောလိုက်လို့ အရင်ကလို အကြင်နာမျက်လုံးတွေနဲ့ မဟုတ်ဘဲ ရွံရှာတဲ့ အကြည့်စိမ်းတွေနဲ့များ သူစိမ်းဆန်လိုက်လေမလား တွေးမိမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘဝအတွက် အမြဲတမ်း အားပေးကူညီပေးတဲ့ ကိုယ့်မိသားစုတွေကို ဖွင့်ပြောလိုက်တာတော့ အကောင်းဆုံးပဲပေါ့။ မိသားစုဝင်တွေလည်း အစပိုင်းမှာ ဝမ်းနည်းပူဆွေးတာ၊ ရှက်ရွံ့သလို ခံစားမိတာ ဖြစ်နိုင်ပါတယ်။ အချိန်နည်းနည်းပေးလိုက်ပါ။ မေတ္တာတရားနဲ့ သံယောဇဉ်ကြိုးတွေဟာ အရာရာကို ကျော်လွှားသွားစေနိုင်တယ်၊ အပြစ်တွေကို ဖုံးလွှမ်းပေးနိုင်တဲ့အထိ အရှိန်ကြီးမားပါတယ်။

    ကိုယ့်ရဲ့ စိတ်ကို အမြဲအားတင်းထားပါ။

    HIV ပိုးမှ မဟုတ်ပါဘူး၊ ဘယ်လိုရောဂါမျိုးပဲ ရှိရှိ ငါ့မှာတော့ ဒါမျိုးတွေ ဖြစ်နေပါလားဆိုပြီး ခံစားရနိုင်ပါတယ်။ ဒီနေရာမှာ ပြောပြချင်တာကတော့ လက်လျှော့အရှုံးပေးတာမျိုး လုံးဝမလုပ်ဖို့ပါ။ ရောဂါပိုးရှိမှန်း သိကာစအချိန်တွေဟာ အခက်ခဲဆုံးကာလတွေဆိုပေမယ့် ဒီကာလတစ်ခုကို ကျော်လွန်လာပြီးနောက် ကိုယ်ထင်ထားသလောက် အခြေအနေဆိုးတာမျိုး မဟုတ်မှန်း သိလာမှာပါ။ အဲ့ဒီအချိန်မှာ အရင်ကထက်တောင် ပိုပြီး ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတာ၊ ဂရုစိုက်တာ၊ အကောင်းမြင်တတ်လာတာ၊ လက်ရှိကို အရှိအတိုင်း လက်ခံလိုက်နိုင်မှာပါ။

    ကျန်းမာရေးဗဟုသုတတွေကို အမြဲရှာဖွေလေ့လာဆည်းပူးပါ။

    ကျန်းမာရေးနဲ့ပတ်သက်လာရင် ဗဟုသုတရှိတဲ့သူတွေဟာ တခြားသူတွေထက် ပိုပြီး အသက်ရှည်ရှည်နေနိုင်သလို ရောဂါတစ်ခုခု ဖြစ်လာရင်လည်း ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဂရုစိုက်သင့်လဲ၊ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားပြသင့်လဲ၊ ဖြစ်နေတဲ့ ရောဂါက စိုးရိမ်စရာလား၊ ဘယ်လိုအနေအထိုင်ဆင်ခြင်မလဲဆိုတာကို သေချာနားလည် သဘောပေါက်မှာပါ။ HIV ပိုးရှိတဲ့ အခြေအနေမှာလည်း ဒီလိုပါပဲ။ ART ဆေးကို နေ့စဉ်အချိန်မှန် သောက်မယ်၊ အိပ်ချိန်မှန်အောင်၊ အစာအာဟာရစုံလင်အောင်၊ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်မယ်ဆိုရင် ပုံမှန်လူတွေထက်တောင် အသက်ရှည်ရှည် နေရဦးမှာပါ။ ဒါ့အပြင် ကိုယ့်ဘဝလက်တွဲဖော်နဲ့ မိသားစုကိုလည်း မကူးစက်စေဖို့ ဘယ်လိုနေထိုင်ရမလဲဆိုတာတွေ ပြန်လည်ဝေမျှပေးလို့ရပါတယ်။ ပညာဆိုတာ ရှာတတ်ရင် ကိုယ့်ဘဝအတွက် အကျိုးရှိတာချည်းပါပဲ။

    မိသားစုဘဝတည်ဆောက်တဲ့နေရာမှာ HIV ပိုးဟာ အဟန့်အတားမဖြစ်စေပါဘူး။

    ဒါကတော့ အဓိက ကိုယ့်အပေါ်မှာ မူတည်ပါတယ်။ ရောဂါပိုးရှိပြီဆိုတာ သိတာနဲ့ ကိုယ့်ဇနီး၊ ခင်ပွန်းကို ပြောပြမယ်၊ လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးသုံးပြီး ဆက်ဆံမယ်၊ ကလေးယူဖို့ စဉ်းစားထားတယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး နှစ်ဦးသား ကျန်းမာရေးစစ်ဆေးတာမျိုး လုပ်ပေးလို့ရပါတယ်။ ART ဆေးကို ပုံမှန်သောက်မယ်ဆိုရင် သွေးထဲမှာ ရှိတဲ့ HIV ပိုးကောင်ရေ ပမာဏ (Viral Load) ကို တခြားသူဆီ မကူးစက်စေနိုင်တဲ့အထိ ထိန်းချုပ်ပေးနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်တဲ့အခါ ဗိုက်ထဲက သန္ဓေသားဆီကို မကူးစက်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။

    အားလုံးပဲ ကိုယ့်ရဲ့ ကျန်းမာရေးကို အမြဲတမ်း မျက်ခြေမပြတ် စောင့်ကြည့်ပြီး ဂရုစိုက်နေရင်တော့ အကောင်းဆုံးပါပဲ။ HIV ပိုးရှိတယ်ဆိုပြီး ဘဝကို လက်လျှော့လိုက်စရာ မလိုပါဘူး။ ကိုယ့်ဘဝအနာဂတ်က ကိုယ့်လက်ထဲမှာပဲ အမြဲတမ်းရှိပါတယ်။ မမြင်ရတဲ့ ရောဂါပိုးတွေလောက်နဲ့တော့ ဘယ်တော့မှ ကျရှုံးမခံလိုက်ပါနဲ့။ အနိုင်ယူပါ၊ တိုက်စစ်ထိုးပါ၊ ပျော်ပျော်နေပါ၊ ကျန်းမာအောင်လည်း ဂရုစိုက်ပါ။ ဒါဆိုရင်တော့ အရာရာက သူ့အလိုလို အဆင်ပြေသွားမှာပါ။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement