backup og meta

HIV ပိုးရှိသူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်ဆိုရင်


Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ပိုးရှိသူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်ဆိုရင်

    HIV ပိုးရှိတာနဲ့ပဲ လူတစ်ယောက်ကို ပစ်ပယ်ထားလိုက်ဖို့ဆိုတာ ဒီခေတ်ထဲမှာတော့ မရှိတော့ပါဘူး။ ကုသဖို့ဆေးတွေ မပေါ်လာသေးတဲ့တိုင်အောင် ရောဂါပိုးကို တခြားသူဆီ မပြန့်အောင် ထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေလည်း ရှိနေပါပြီ။ ဒါပေမယ့်လည်း လူတွေမှာက ကြောက်စိတ်တစ်ခုစီ ရှိတတ်ကြတာ သဘာဝပါ။ HIV ပိုးနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ကလူတွေက အထင်အမြင်သေးတာ၊ ကဲ့ရဲ့ရှုံ့ချတာတွေကို အမြဲလိုလို မြင်နေရတဲ့အခါ ဦးနှောက်က ဒီပြဿနာကို ကြောက်စရာကောင်းတယ်၊ ရွံစရာကောင်းတယ်ဆိုပြီး တရားသေယူဆတတ်ပါတယ်။

    အဲ့တော့ ကိုယ်လက်တွဲဖို့ ရည်ရွယ်ထားတဲ့သူမှာ မမျှော်လင့်ဘဲ HIV ပိုးရှိနေခဲ့မယ်ဆိုရင် အစပိုင်းမှာတော့ အနည်းငယ်တုန်လှုပ်မိမှာပါ။ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော ဘယ်သူကတော့ ကိုယ့်ကိုယ်ကိုယ် ဒီလိုရောဂါပိုးကူးစက်ခံရတဲ့အဖြစ်မျိုး လိုချင်ပါ့မလဲ။ အကယ်လို့ နားလည်လက်ခံပေးနိုင်တယ်ဆိုရင်ရော ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ။ ဒါတွေအားလုံးကို ကိုယ့်ဘက်က စိတ်ပိုင်းဆိုင်ရာအနေနဲ့ အားလုံးပြင်ဆင်ထားဖို့ အရေးကြီးတယ်နော်။

    HIV ပိုးရှိသူနဲ့ လက်တွဲတော့မယ်ဆိုရင်…

    ၁။ ကိုယ့်ဘက်က ကြိုတင်ကာကွယ်မှု ယူပါ။

    အိမ်ထောင်ဖက်ရယ်လို့ ဖြစ်လာတော့မယ်ဆိုရင် လိင်မှုကိစ္စတွေသည် မပါမဖြစ်ပါပဲ။ အဲ့တော့ နှစ်ဦးနှစ်ဘက် ဘေးကင်းစေဖို့ ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပေးဖို့ အရမ်းအရေးကြီးပါတယ်။ ကွန်ဒုံးသုံးရတာ မကြိုက်ဘူး၊ ကလေးယူဖို့ စဉ်းစားထားတယ်ဆိုရင် HIV ပိုးကို ကာကွယ်ပေးနိုင်တဲ့ PrEP ဆေးတွေကို ပုံမှန်သောက်ပေးနေဖို့ လိုပါတယ်။

    ၂။ ကလေးယူမှာလား၊ မယူဘူးလား။

    HIV ပိုးရှိမှမဟုတ်ပါဘူး။ ဘယ်လိုစုံတွဲမဆို ဒီကိစ္စက လက်မထပ်ခင်ရော၊ လက်ထပ်ပြီးသွားရင်ပါ အတူညှိနှိုင်းတိုင်ပင်ထားဖို့ အရေးကြီးပါတယ်။ မယူရင်တော့ ပြဿနာမရှိပေမဲ့ ယူဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ခင်ပွန်းရော၊ ဇနီးပါ ကျန်းမာရေးစစ်ဆေးထားဖို့ အရေးကြီးပါတယ်။ HIV ပိုးရှိတယ်ဆိုရင်တောင် ART ဆေးကို အမြဲပုံမှန်သောက်ပြီး သွေးထဲမှာ ပိုးကောင်ရေပမာဏ (Viral Load) မရှိသလောက် နည်းသွားတဲ့အခြေအနေမှာဆိုရင် ကိုယ့်ရဲ့ ကလေးကို မကူးစက်နိုင်ပါဘူး။

    ၃။ ကိုယ့်စိတ်ကို သေချာလား ပြန်ဆန်းစစ်ပါ။

    မယူခင်တုန်းကတော့ ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ပြီး လက်တွဲဖို့ ကြိုးစားတယ်၊ ယူပြီးတော်တော်ကြာသွားလို့ လင်မယားအဆင်မပြေ ဖြစ်တော့မှ ဒီပြဿနာကို ပြန်ပြီးအစဖော်မယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ အဲ့တော့ စစချင်း မယူခင်ကတည်းက ကိုယ်က ဒီကျန်းမာရေးအခြေအနေကို လက်ခံနိုင်လား၊ လက်မခံနိုင်ဘူးလားဆိုတာ သေချာစဉ်းစားပါ။ အဖြေတစ်ခုကို သေချာဆုံးဖြတ်ပြီးတာနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲကိစ္စတွေ အကုန်လုံးကို တာဝန်ခံနိုင်ဖို့ ပြင်ဆင်ပါ။ နောင်တ တရားနဲ့တော့ တစ်ဘဝလုံး စိတ်အညစ်ခံပြီး အသက်မဆက်ပါနဲ့။

    ၄။ ခင်ပွန်းရော၊ ဇနီးပါ အမြဲသွေးစစ်ပါ။

    HIV ပိုးရှိသူနဲ့ အတူနေထိုင်တဲ့သူတိုင်း ကိုယ့်ရဲ့ ကျန်းမာရေးကို အမြဲစစ်ဆေးနေဖို့ အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ်က ကျန်းမာနေလား၊ မကျန်းမာနေဘူးလား၊ ဘာတွေကို ဆောင်ရ၊ ရှောင်ရမလဲဆိုတာ သေချာသိမှာပါ။ ကျန်းမာရေးနဲ့ပတ်သက်လာရင် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာ၊ စောစောသိလေ ကုသမှု အမြန်ဆုံးခံယူခြင်းဟာ ကိုယ့်ရဲ့ အိမ်ထောင်ရေးကို တည်မြဲစေတဲ့ အဓိကသော့ချက်ပါပဲ။

    ၅။ လိင်မှုကိစ္စအတွက် ဒါတွေကို ပြင်ဆင်ပါ။

    HIV ပိုးသည် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်ပါတယ်။ ကွန်ဒုံးအသုံးမပြုဘဲ ထိုးသွင်းဆက်ဆံတဲ့အခါ (ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်း လိင်အင်္ဂါဖြင့် ထိုးသွင်းဆက်ဆံခြင်း) ကူးနိုင်ခြေက အနည်းနဲ့ အများရှိနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာတွေ နည်းနိုင်သမျှ နည်းဖို့ ချောဆီကို သုံးပေးပါ။

    HIV နဲ့ပတ်သက်လာရင် လူ့ပတ်ဝန်းကျင်မှာ ထင်မြင်ပြောဆိုနေကြတဲ့ စကားလုံးတွေကို လိုက်ပြီးနားယောင်တာထက် ကိုယ်တိုင် လေ့လာထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ရောဂါအကြောင်းကို ကိုယ်က နားလည်လေ၊ ကိုယ့်အတွက် ဘေးကင်းမယ့် အခြေအနေကို ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်နိုင်လေပါပဲ။

    HIV ရှိတဲ့သူကို လက်တွဲဖော်အဖြစ် ရွေးချယ်ခြင်း၊ မရွေးချယ်ခြင်းကတော့ ကိုယ့်ဆုံးဖြတ်မှုပါပဲ။ ဒါပေမယ့် ကိုယ့်အနေနဲ့ ဘယ်လိုနေထိုင်ပြုမူရင် နှစ်ဦးနှစ်ဘက်လုံးအတွက် အန္တရာယ်ကင်းတယ်ဆိုတာ ကြိုတင်သိထားရင် ဒီရောဂါပိုးဟာ လူတွေထင်ထားသလောက် ကြောက်ဖို့ မကောင်းဘူးဆိုတာ နားလည်မှာပါ။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement