backup og meta

Depo ရပ်ပြီး ဘယ်လောက်ကြာရင် ကိုယ်ဝန်ပြန်ရနိုင်သလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Depo ရပ်ပြီး ဘယ်လောက်ကြာရင် ကိုယ်ဝန်ပြန်ရနိုင်သလဲ။

    မေ့တတ်တဲ့ သူတွေ၊ ဆေးသောက်ရတာကို အလုပ်ရှုပ်တယ်လို့ ယူဆတဲ့ သူတွေအတွက် ၃လခံတားဆေး Depo က လက်စွဲပါပဲ။ ၃လလောက်နေမှ တစ်ခါလောက် ဆေးထိုးပြီး လွတ်လွတ်လပ်လပ်နေလို့ရတဲ့အတွက် အလုပ်လုပ်တဲ့ အိမ်ထောင်သည်တွေအတွက် တော်တော်အဆင်ပြေပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်က ကလေးရဖို့ စောင့်ရတာပါ။ အလုပ်ရှုပ်သက်သာလို့ ဆေးထိုးချင်ပေမယ့် ကလေးပြန်ရဖို့ ကြာတဲ့အတွက် သုံးသင့် မသုံးသင့် စဉ်းစားစရာ ဖြစ်လာပါတယ်။

    ဆေးခန်းမှာ အမေးများဆုံးကလည်း ဆေးရပ်ပြီး ဘယ်လောက်ကြာရင် ကိုယ်ဝန်ရမလဲဆိုတာပါ။ ဒါကို မပြောခင် Depo ဘယ်လို အလုပ်လုပ်သလဲဆိုတာကို အရင်သိထားသင့်ပါတယ်။

    Depo သုံးလခံတားဆေး

    သူ့နာမည်အပြည့်အစုံက Depo-Provera ပါ။ ပါတာက depot medroxyprogesterone acetate လို့ခေါ်တဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းပါ။ ဒီဟော်မုန်းက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာလည်း သဘာဝအတိုင်း ရှိပါတယ်။ ကိုယ်ဝန်တားဖို့အတွက်ကျတော့ အပြင်ကနေ ထိုးပြီး ဟော်မုန်းကို ထိန်းညှိထားရတာပါ။

    တစ်ခါထိုးရင် ကိုယ်ဝန်ကို ၁၄ပတ်တိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရက်ကျော်မှာနဲ့ မေ့မှာနဲ့ ကာမိအောင်၊ မှတ်ရလည်း လွယ်အောင် ၃လတစ်ခါ (၁၂ပတ်ခြား) လာထိုးကြလို့ မှာလိုက်တာပါ။

    Depo က ကိုယ်ဝန်ဘယ်လိုတားသလဲ။

    နှစ်နည်းနဲ့ တားပါတယ်။ ပထမနည်းက ဟော်မုန်းတွေနဲ့ သားဥမကြွေအောင် တားတာပါ။ နောက်တစ်နည်းက သားအိမ်ခေါင်း အချွဲကို ပျစ်စေတာပါ။ အချွဲပျစ်နေရင် သုက်ကောင်လေး ဝင်လာတဲ့အခါ အထဲကို မဝင်နိုင်တော့ပါဘူး။

    Depo ရဲ့ ကိုယ်ဝန်တားနိုင်စွမ်း

    Depoရဲ့ ကိုယ်ဝန်တားနိုင်စွမ်းက ၉၆ ရာခိုင်နှုန်းပါ။ ဆိုလိုတာက အမျိုးသမီး အယောက် ၁၀၀က Depo ထိုးပြီး ကိုယ်ဝန်တားတယ်ဆိုရင် တစ်နှစ်မှာ ၄ယောက်လောက်ပဲ မတော်တဆ ကိုယ်ဝန်ရသွားနိုင်ခြေ ရှိပါတယ်။ ဒါက တော်တော်ကို ထိရောက်တယ်လို့ ပြောလို့ရပါတယ်။

    Depo ရပ်ပြီး ကိုယ်ဝန်ရမရ

    ကိုယ်ဝန်တားမယ်ဆိုရင်တော့ ၃လတစ်ခါ မှန်မှန် ဆေးသွားထိုးရမှာပါ။ ရက်ကျော်သွားရင် သန္ဓေတားနိုင်စွမ်း လျော့ကျသွားလို့ မတော်တဆ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါနဲ့ ပြောင်းပြန် ကိုယ်ဝန်လိုချင်လို့ ဆေးရပ်မယ် ဆိုရင်ရော။

    အပေါ်ကအတိုင်းဆိုရင် ၉၁ရက်မြောက်နေ့ကစပြီး ကိုယ်ဝန်ရရမှာပါ။ ဒါပေမယ့် လက်တွေ့က ဒီလို မဟုတ်ပါဘူး။ ရက် ၉၀ ကျော်သွားရင် ကိုယ်ဝန်တားနိုင်စွမ်းကျသွားတယ်ဆိုပေမယ့် ကိုယ်ဝန်ရလောက်အောင် ကျသွားတာ မဟုတ်ပါဘူး။

    အကြမ်းအားဖြင့်တော့ ဆေးရပ်ပြီး ၃လ- ၅လလောက်ဆိုရင် ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။ ဒါပေမယ့် ၁နှစ်၊ ၂နှစ် ကြာသွားတဲ့သူလည်း ရှိပါတယ်။ ရှားရှားပါးပါး ဆေးရပ်ပြီး နောက်လမှာ ကိုယ်ဝန်ရသွားတဲ့ အမျိုးသမီးလည်း ရှိပါတယ်။ ဒါပေမယ့် ဒါက ရှားပါး ဖြစ်စဉ်ပါ။

    Depo ထိုးတဲ့သူရဲ့ တစ်ဝက်လောက်က ဆေးရပ်ပြီး ၈လအတွင်းမှာ ကိုယ်ဝန်ပြန်ရတတ်ပါတယ်။

    ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလား။

    Depo ထိုးတာရပ်လိုက်ပြီ။ ဆေးအာနိသင်ကျန်နေသေးလား။ သားဥပြန်ကြွေပြီလားဆိုတာကို အောက်ပါ အချက် ၃ချက်နဲ့ သိနိုင်ပါတယ်။

    • ရာသီပြန်လာပြီလား။

    ရာသီလာပြီ၊ ပုံမှန်လည်း ဖြစ်လာပြီဆိုရင် သားဥကြွေပြီ၊ တားဆေး အာနိသင်ကုန်သလောက်ဖြစ်နေပြီလို့ ခန့်မှန်းလို့ရပါတယ်။ နောက်ပုံမှန်မလာဘဲ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်ပေမယ့် သားဥကြွေနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    • ဆီးစစ်တာ

    ဒါက ကိုယ်ဝန်ရှိမရှိ စစ်တာ မဟုတ်ပါဘူး။ သားဥကြွေမကြွေ စစ်တာပါ။ စစ်နည်းက တူတူပါပဲ။ Ovulation test kits လို့ ခေါ်ပါတယ်။ ဒါနဲ့လည်း သားဥကြွေမကြွေ စစ်နိုင်ပါတယ်။

    Basal body temperature လို့ခေါ်တဲ့ နားနေချိန်မှာ ရှိတဲ့ ကိုယ်အပူချိန်ကို တိုင်းတာပါ။ သာမန်အတိုင်း ရှိနေတဲ့ ကိုယ်အပူချိန်က သားဥကြွေတဲ့ ရက်က စပြီး တက်လာလိုက်တာ ရာသီလာတဲ့အထိပါပဲ။ ပြီးရင်တော့ ပြန်ကျသွားပါတယ်။ ဒါကို တိုင်းတာပါ။

    ဒီအချက်တွေ ရှိနေပြီဆိုရင်တော့ သားဥကြွေပြီ။ တားဆေး အာနိသင်ကုန်ပြီလို့ ပြောလို့ရပါတယ်။

    ဘာလို့ ကိုယ်ဝန်ရဖို့ ကြာနေရတာလဲ။

    အပေါ်မှာ ပြောခဲ့သလို တချို့တွေက ကိုယ်ဝန်ပြန်ရဖို့ ၁နှစ်၊ ၂နှစ်စောင့်ရတာမျိုး ရှိပါတယ်။ ဘာကြောင့် ဒီလိုမျိုး ကြာနေရတာလဲ။ မြုံသွားတာလားဆိုပြီး မေးကြပါတယ်။ Depo က ကလေးရတာကို နောက်ကျစေတတ်ပေမယ့် မြုံတာကို ဖြစ်စေတာမျိုးတော့ မရှိပါဘူး။

    လေ့လာချက်တွေအရတော့ ဝပြီး အဆီများတဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ရဖို့ ပြန်ကြာတတ်ပါတယ်။ အကြောင်းက ဟော်မုန်းကို ဖျက်ဆီးဖို့ အချိန်ပိုကြာလို့ပါတဲ့။

    Depoရပ်ပြီး ကိုယ်ဝန်မြန်မြန်ပြန်ရဖို့ ဘာလုပ်လို့ရမလဲ။

    ပွင့်ပွင့်လင်းလင်း ပြောရရင် ဘာမှလုပ်လို့ မရပါဘူး။ ဘာမှမလုပ်တာကလည်း အကောင်းဆုံး နည်းလမ်းပါပဲ။ ဒီလိုပြောရင် လူနာတွေက မကြိုက်ပေမယ့်လည်း မတတ်နိုင်ပါဘူး။ တစ်ခါတလေ အားဆေးတွေ ပေးပါ။ ဆေးကောင်းလေးများ မရှိဘူးလားလို့ မေးတတ်ကြပါတယ်။

    အကောင်းဆုံးက ခန္ဓာကိုယ်က ဟော်မုန်းတွေ ကုန်သွားတာကို စောင့်ရုံပါပဲ။ ဒါက ဘယ်လောက်ကြာမလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ကွာပါတယ်။ သူက စောစောပြန်ရသွားလို့ သူသောက်တဲ့ ဆေးတွေ လိုက်သောက်လို့ မရပါဘူး။ မလိုအပ်ဘဲ ဆေးတွေ သောက်နေတာကမှ မသိလိုက်ဘဲ ကိုယ်ဝန်ရသွားတဲ့အခါ ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါတယ်။

    ဒါဆို ဘာလုပ်သင့်သလဲ။

    ဆေးရပ်လိုက်ပြီ။ ကိုယ်ဝန်ဆောင်ဖို့ စောင့်နေပြီဆိုရင် ဒါတွေကို လုပ်ထားပါ။

    • ကိုယ်ဝန်ဆောင် အားဆေး သောက်ပါ။ (ဖောလစ်အက်စစ်ကို ပြောတာပါ။) ဒါက ကိုယ်ဝန်မြန်မြန်ပြန်ရစေတာ မဟုတ်ပါဘူး။ မသိလိုက်ဘဲ ကိုယ်ဝန်ရသွားတဲ့အခါ ကလေးကို ချို့ယွင်းချက်မပါအောင် ကာကွယ်ပေးနိုင်ပါတယ်။
    • ကိုယ်ဝန်ယူချင်တဲ့အချိန်နဲ့ ဆေးရပ်မယ့်အချိန် ကြိုတွက်ပါ။ အများစုက ၁နှစ်ပတ်ချာလည်လောက်မှာ ရတတ်တဲ့အတွက် လိုချင်တယ်ဆို တစ်နှစ်ကြိုဖြတ်ပါ။
    • လေ့ကျင့်ခန်း လုပ်ပါ။ အာဟာရပြည့်အောင် စားပြီး အဝလွန် အဆီတက်စေမယ့် အရာတွေကို ရှောင်ပါ။ ကိုယ်အလေးချိန် များနေရင် ချပါ။
    • အတူနေဖို့လည်း မမေ့ပါနဲ့။ ရာသီပြန်လာတဲ့အထိ စောင့်စရာ မလိုပါဘူး။ ရာသီမမှန်ပေမယ့်လည်း သားဥကြွေနေနိုင်ပါတယ်။

    ၂နှစ်ကျော်တဲ့အထိမှ ကလေးမရဘူး၊ ရာသီပြန်လာတာ ၁နှစ်ကျော်ပေမယ့် မရသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement