home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သားဥအိမ်အရည်အိတ် တည်ခြင်း

သားဥအိမ်အရည်အိတ် တည်ခြင်း

အမျိုးသမီးတော်တော်များများဟာ သားဥအိမ်အရည်အိတ် တည် တာဖြစ်ဖူးကြပါတယ်။ အလုံးသေးလို့ ဘာလက္ခဏာမှမပြတာ၊ သူ့အလိုလိုပျောက်သွားတာ‌ကြောင့် မသိလိုက်တာများပါတယ်။ သားဥအိမ်အရည်အိတ် တည်တာ မပြောခင် သားဥအိမ်ဆိုတာကိုအရင်ပြောပြပေးပါ့မယ်။ သားဥအိမ်က သားအိမ်ရဲ့ တစ်ဖက်တစ်ချက်မှာ တစ်လုံးစီရှိပါတယ်။ ရာသီလာဖို့ကူညီပေးသလို အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေထုတ်ပေးပါတယ်။ သားဥအိမ်က၂လုံးရှိတဲ့အတွက် အရည်အိတ်ကလည်း ၁ဖက် ဒါမှမဟုတ် တစ်ချိန်တည်းမှာ ၂ဖက်ဖြစ်တတ်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ။

အများအားဖြင့်တော့ ရာသီစက်ဝန်းကြောင့် အရည်အိတ် တည်တာများပါတယ်။ ဒါကို functional cystလို့ခေါ်ပါတယ်။ သူက အန္တရာယ်မပေးတတ်ပါဘူး။ ၂လ ၃လလောက်နေရင် အလိုလိုပျောက်သွားတတ်ပါတယ်။ တခြားအမျိုးအစားတွေကတော့

  • dermoid cyst (အရည်အိတ်ထဲမှာ ဆံပင်တွေ၊ လက်သည်းတွေပါနေတာ)
  • cystadenoma
  • endometrioma (သားအိမ်တစ်ရှူးတွေ သားဥအိမ်ကို ရောက်ပြီး အရည်အိတ်တည်ခြင်း)

ဘယ်သူတွေပိုဖြစ်နိုင်လဲ။

  • ဟော်မုန်းပြဿနာရှိသူတွေ (ကလေးလိုချင်လို့ သားဥကြွေဆေးသောက်သူတွေ)
  • ကိုယ်ဝန်ဆောင်တွေ
  • Endometriosis (သားအိမ်တစ်ရှူးတွေ သားဥအိမ်ကို ရောက်ပြီး အရည်အိတ်တည်ခြင်း)ရောဂါရှိသူတွေ
  • မိန်းမကိုယ်အတွင်းပိုင်းရောင်ရမ်းသူတွေ
  • အရင်က အရည်အိတ်တည်ဖူးတဲ့သူတွေ

ဘာလက္ခဏာတွေပြမှာလဲ။

များသောအားဖြင့် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ နည်းနည်းကြီးလာရင်တော့

  • ဗိုက်ဖောင်းတာ
  • ဝမ်းသွားရခက်တာ၊ အစာမကြေတာ
  • ရာသီမလာခင်နဲ့ လာနေချိန်မှာ မိန်းမကိုယ်အတွင်းပိုင်းက နာတာ
  • အမျိုးသားနဲ့အတူနေရင်နာတာ
  • ခါးနဲ့ ပေါင်ကြောတွေ နာတာ
  • ရင်သားတွေနာတာ
  • ပျို့အန်တာစတာတွေဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲဘာတွေဖြစ်မလဲ။

အရည်အိတ်တွေက သေးရင် ပြဿနာမရှိပါဘူး။ အများစုကတော့ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ အရွယ်အစားပိုကြီးလာရင်တော့ အရည်အိတ်ပေါက်ထွက်တာ၊ အညှာကနေ လိမ်ပြီး သွေးမလျှောက်တော့တာ (Torsion)ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့

  • ရုတ်တရက် ဗိုက်အောင့်တာ
  • ပျို့အန်တာ
  • ဖြူဖျော့တာ
  • အသက်ရှူမြန်တာ
  • ခေါင်းမူးတာတွေဖြစ်တတ်ပါတယ်။ ဒါက အရေးပေါ်အခြေအနေမို့လို့ ဆေးရုံကိုအမြန်ဆုံးသွားသင့်ပါတယ်။

ကုသနည်းများ

  • စောင့်ကြည့်ကုသနည်း

အရည်အိတ်တော့ရှိတယ်။ အလုံးသေးတယ်။ ဘာလက္ခဏာမှလည်းမရှိဘူးဆိုရင် ပုံမှန်ရက်ချိန်းပြသပြီးစောင့်ကြည့်နိုင်ပါတယ်။ အများစုကဒီအတိုင်းပျောက်သွားတတ်လို့ပါ။

တားဆေးတွေက ထပ်မဖြစ်အောင်ပဲ ကာကွယ်နိုင်ပါတယ်။ ရှိပြီးသားအရည်အိတ်ကို မပျောက်စေပါဘူး။

  • ခွဲစိတ်နည်း

အရည်အိတ်အမျိုးအစားပေါ်မူတည်ပြီး လိုအပ်ရင် ခွဲစိတ်တာမျိုးလည်းလုပ်ရနိုင်ပါတယ်။ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကင်ဆာပြောင်းနိုင်လား။

အရည်အိတ်အများစုကသူ့အလိုလိုပျောက်ပြီး ကင်ဆာလည်းမဖြစ်ပါဘူး။ တချို့သော အရည်အိတ်အမျိုးအစားတွေက ကင်ဆာပြောင်းနိုင်ပေမယ့် ရှားပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်ရင်ဘယ်လိုလုပ်မလဲ။

တစ်ခါတစ်လေ ကိုယ်ဝန်အပ်ရင်း ဆေးစစ်ကြည့်တော့မှ အရည်အိတ်တည်နေတာမျိုးလည်း တွေ့ရတတ်ပါတယ်။ များသောအားဖြင့်တော့ ဒါတွေက ချက်ချင်းခွဲစိတ်စရာမလိုပါဘူး။ ကင်ဆာပြောင်းတယ်လို့ ယူဆရင်၊ အလုံးကြီးလာလို့ပေါက်ထွက်တာ၊ အညှာလိမ်တာတို့ဖြစ်ရင်၊ အလုံးအရွယ်အစားကြောင့် ကိုယ်ဝန်ကိုထိခိုက်နိုင်ရင်တော့ ခွဲစိတ်ရတတ်ပါတယ်။ အများအားဖြင့် အန္တရာယ်မရှိတာ များပါတယ်။

ကာကွယ်နည်း

သားဥအိတ်မှာအရည်အိတ်မတည်အောင် ကာကွယ်လို့ရတဲ့ နည်းရယ်လို့ မရှိသေးပါဘူး။ အရည်အိတ်အများစုကလည်း ကျန်းမာရေးစစ်ဆေးရင်း၊ တခြားရောဂါကုသရင်းနဲ့ မတော်တဆတွေ့မိတာများပါတယ်။ ဒါပေမယ့် ရာသီလာချိန်မှာ တစ်ခုခုထူးခြားတာ ခံစားရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးကြည့်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။