ရာသီလာခါနီး အချိန်တွေနဲ့ ရာသီလာချိန်တွေမှာ နာကျင်ကိုက်ခဲတာကို ခံစားရတာက ပုံမှန်ပဲ ဆိုပေမယ့် ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အခြေအနေက ပုံမှန် မဟုတ်ဘူးဆိုတာကို လေဒီလေးတွေ စဉ်းစားမိမယ် ထင်ပါတယ်။ အခုတစ်ခေါက်မှာတော့ လေဒီလေးတွေ သိထားသင့်တဲ့ ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ! ဆိုတာကို လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲတာ ဖြစ်တတ်တဲ့ အရာလား!
ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲတာက အရမ်း မပြင်းထန်ဘူး။ ဆေးသောက်စရာ မလိုဘဲ သူ့အလိုလို သက်သာသွားနိုင်တဲ့ အခြေအနေမျိုးဆိုရင် ဒါက ပုံမှန် အခြေအနေ တစ်ခုလို့ ဆိုရမှာပါ။ ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မကြာခဏဆိုသလို ဖြစ်နေတာမျိုး မဟုတ်ရပါဘူး။
ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ!
ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။
အချို့သော အမျိုးသမီးတွေမှာ သားဥကြွေချိန်မှာ နာကျင်တာ ကိုက်ခဲတာကို အနည်းအကျဉ်း ခံစားရနိုင်ပါတယ်။ မျိုးဥအိမ်က သားဥကို ထုတ်လွှတ်လိုက်ပြီး သားဥလေးက သားအိမ်ဆီကို ခရီးစဉ် စတင်ချိန်မှာ နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။ ဒီလို နာကျင်ကိုက်ခဲမှုကို ရာသီသွေးဆင်းပြီးတဲ့ ရက်ကနေ ၅ ရက် ကနေ ၁ ပတ်တာအတွင်းမှာ ခံစားရနိုင်ပါတယ်။
ဒီအခြေအနေကို လူတိုင်းခံစားရတာ မဟုတ်ပါဘူး။ ရာသီရက်ရှည်ပြီး ရာသီစက်ဝန်းတိုတဲ့သူ ဥပမာ ရာသီလာတာ ၇ရက်လောက်ကြာပြီး ၂၁ ရက် ရာသီစက်ဝန်း ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေက ပိုခံစားရနိုင်ပါတယ်။
ပိုးဝင်ကူးစက်တာ အထူးသဖြင့် နာတာရှည် တင်ပဆုံပိုင်းဆိုင်ရာ ရောင်ရမ်းခြင်း (pelvic inflammatory disease) နဲ့ လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STIs) တွေကလည်း ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲတာကို ဖြစ်စေနိုင်ပါတယ်။ ရာသီလာပြီးချိန်မှာတင် မဟုတ်ပါဘူး။ တခြားအချိန်တွေမှာလည်း ခံစားရနိုင်ပါတယ်။
ဒီလို နာကျင်ကိုက်ခဲမှုနဲ့အတူ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာလိုမျိုး လက္ခဏာတွေကိုပါ ခံစားရနိုင်ပါတယ်။ နောက်ထပ် လက္ခဏာ တစ်ရပ်အနေနဲ့ကတော့ ကိုယ်လက်နှီးနှောချိန်မှာ နာကျင်မှုကို ခံစားရနိုင်တာပါ။
- သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း ( Endometriosis )
သားအိမ်အတွင်းက တစ်ရှူးတွေ သားအိမ်ပြင်ပဆီကို ရောက်ရှိကြီးထွားခြင်းကလည်း ရာသီလာနေချိန်မှာသာမက ရာသီလာပြီးချိန်မှာပါ နာကျင်ကိုက်ခဲမှုကို ခံစားရစေနိုင်ပါတယ်။ ဒီလို အခြေအနေကို ခံစားရတဲ့အခါ နာကျင်ကိုက်ခဲမှုနဲ့ အတူ တင်ပဆုံပိုင်းက နာကျင်တာ၊ ကိုယ်လက်နှီးနှောချိန်မှာ နာကျင်တာ၊ ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
သားအိမ်မှာ သွေးလုံးတည််ာကလည်း ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲမှုကို ခံစားရစေနိုင်တဲ့ အကြောင်းအရင်းပါ။ ဒီပြဿနာကြောင့် ရာသီလာနေချိန်မှာရော လာပြီးချိန်မှာပါ နာကျင်ကိုက်ခဲတာ၊ သွေးဆင်းများတာ၊ ပုံမှန် မဟုတ်တဲ့ ရာသီသွေးဆင်းတာ၊ လေပွတာ၊ တင်ပဆုံပိုင်းမှာ မအီမသာဖြစ်တာတွေကို ခံစားရစေနိုင်ပါတယ်။
ဒါကလည်း အဖြစ်များပါတယ်။ ဒီလို အခြေအနေကို ခံစားရမယ်ဆိုရင်လည်း ရာသီလာနေချိန်မှာရော ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲတာကို ခံစားရနိုင်ပါတယ်။ အခြား လက္ခဏာတွေ အနေနဲ့ကတော့ သွေးဆင်းများတာ၊ တင်ပဆုံတွင်းမှာ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေတာ၊ တဆစ်ဆစ်ကိုက်တာ၊ ဆီးအိမ်ပေါ်မှာ၊ အစာဟောင်းအိမ်ပေါ်မှာ ဖိအား သက်ရောက်နေတာ၊ အတူနေချိန်မှာ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။
ရာသီရက်ကျော်နေမယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံထားတာလည်း ရှိမယ်ဆိုရင် ကိုယ်ဝန် စစ်ကြည့်ပါ။ ဗိုက်ကလည်း အောင့်သလိုလို ဖြစ်မယ် ရာသီလာချိန် နာကျင်ကိုက်ခဲသလိုမျိုးလည်း နာကျင်ကိုက်ခဲတာကို ခံစားရမယ်ဆိုရင် ကိုယ်ဝန်ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာကလည်း ကိုက်ခဲနာကျင်မှုကို ခံစားရနိုင်ပါတယ်။ ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲတာနဲ့အတူ ဆီးသွားရင်နာကျင်တာကိုပါ ခံစားနေရမယ်။ ဆီးက အရောင်ပြောင်းနေမယ်။ ဆီးထဲ သွေးပါမယ်ဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်နေတာပါ။ ရာသီလာပြီးချိန်အပါအဝင် ဘယ်အချိန်မှာမဆို ခံစားရနိုင်ပါတယ်။
အစာခြေစနစ် ပိုးဝင်ကူးစက်တာကလည်း ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲတာကို ခံစားရနိုင်ပါတယ်။ အူရောင်တာ၊ အူမကြီးမှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိတာကလည်း ရာသီလာပြီးချိန်အပါအဝင် တခြားအချိန်တွေမှာပါ နာကျင်ကိုက်ခဲတာကို ခံစားရနိုင်ပါတယ်။ ဒီလို အခြေအနေမှာ နာကျင်ကိုက်ခဲတာနဲ့အတူ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းပျက်တာတွေကို ခံစားရနိုင်ပါတယ်။
ဘယ်လို အခြေအနေမှာ ကုသမှု ခံယူရမလဲ!
ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲမှုကို ခံစားရတာက မကြာခဏဆိုသလို ဖြစ်နေမယ်။ ပြင်းပြင်းထန်ထန်ကို ခံစားရမယ်။ အိမ်တွင်းကုထုံးတွေ လုပ်ပေမယ့်လည်း မသက်သာဘူး။ အကိုက်အခဲ ပျောက်ဆေးတွေ သောက်ပေမယ့်လည်း မသက်သာဘဲ ဖြစ်နေမယ်ဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေး ကုသမှုတွေ ခံယူဖို့ အကြံပြု ချင်ပါတယ်။
ဘယ်လို နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်မလဲ!
ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ဆိုရင်
- OTC အကိုက်အခဲ ပျောက်ဆေး တစ်မျိုးမျိုးကို ဆေးညွှန်းမှန်မှန် သောက်ပေးမယ်
- ရေနွေးအိတ် ကပ်မယ်
- ရေဝဝ သောက်မယ်
- ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ် စတာတွေ လုပ်ပေးလို့ ရပါတယ်။
ရာသီလာပြီးချိန်မှာ ဘာကြောင့် နာကျင်ကိုက်ခဲသလဲ
ရာသီလာပြီးတာတောင် ကိုက်ခဲနာကျင်မှုကို ခံစားရတဲ့ အကြောင်းအရင်းတွေက - သားဥကြွေတာ
- ပိုးဝင်ကူးစက်ခံရတာ
- သားအိမ်အတွင်းက တစ်ရှူးတွေ သားအိမ်ပြင်ပမှာ ကြီးထွားနေတာ
- သားအိမ်သွေးလုံးတည်တာ
- သားအိမ်အသားလုံးတည်တာ
- ကိုယ်ဝန်ရှိနေတာ
- ဆီးလမ်းကြောင်း ပိုးဝင်နေတာ
- အစာခြေစနစ် ပိုးဝင်တာ