home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ရာသီစောစောလာစေမယ့် နည်းလမ်း(၇)ခု

ရာသီစောစောလာစေမယ့် နည်းလမ်း(၇)ခု
မကြာခင်မှာ အရေးကြီးတဲ့ပွဲတွေရှိတယ်၊ ခရီးသွားဖို့ရှိနေတယ်၊ ရာသီလာမယ့်ရက်နဲ့တိုက်မှာကို စိုးရိမ်နေတယ်ဆိုရင် အသုံးဝင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးတွေအတွက်တင်မကဘဲ ရာသီလာတာနောက်ကျနေသူတွေ၊ ထိမ်နေတဲ့သူတွေလည်း သုံးလို့ရပါတယ်။

တစ်ခုတော့ရှိတာပေါ့။ တစ်ရက်နှစ်ရက်အတွင်း ဝုန်းဆို ချက်ချင်းရာသီလာမယ်လို့တော့ အာမခံနိုင်တဲ့နည်းလမ်းမရှိပါဘူး။ ရက်ပိုင်းအနည်းငယ်တော့စောင့်ရပါလိမ့်မယ်။ အရင်ဆုံး ရာသီလာအောင် ကူညီပေးမယ့် အစားအသောက်လေးတွေပြောပြမယ် –

(၁) နာနတ်သီး

နာနတ်သီးမှာ အက်စထရိုဂျင်နဲ့တခြားဟော်မုန်းတွေကို သက်ရောက်မှုရှိနိုင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့bromelain ကြွယ်ဝပါတယ်။bromelain က ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးစေတယ်။ ရာသီမမှန်ဖြစ်စေတဲ့ အကြောင်းရင်းတချို့ကို နာနတ်သီးက ကူညီကုစားပေးနိုင်ပါတယ်။ ဒါ့ကြောင့် ရာသီစောလာချင်တဲ့သူတွေရော၊ ရာသီမမှန်တဲ့သူတွေပါ နာနတ်သီးစားပေးလို့ရပါတယ်။

(၂) ဗီတာမင် စီ (Vitamin C)

ဗီတာမင် စီပါတဲ့အစားအသောက်တွေ အများကြီးစားရင် ရာသီလာစေနိုင်တယ်လို့ အတော်များများက ယုံကြည်ထားကြပါတယ်။ ဒါဟာ ဗီတာမင် စီ က အက်စထရိုဂျင်နဲ့ ပရိုဂျက်စတုန်းပမာဏအပေါ် သက်ရောက်မှုရှိနိုင်တာကြောင့်ဖြစ်ပါလိမ့်မယ်။ ဒီဟော်မုန်းနှစ်မျိုးလုံးက ဘယ်အချိန်မှာ ရာသီလာမလဲဆိုတာနဲ့ သက်ဆိုင်နေတာပါ။

ဆေးပညာအထောက်အထား အတိအကျမရှိပေမယ့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီကို စားသုံးတာက လွန်တယ်တော့မရှိပါဘူး။ ဗီတာမင် စီ ကြွယ်ဝတာတွေက –

  • အစိမ်းရင့်ရောင် အသီးအရွက်တွေ (ဥပမာ ကိုက်လန်ရွက်)
  • အရည်ရွှမ်းအချဉ်သီးတွေ (လိမ္မော်၊ ကဗ္ဗလာသီး)
  • ဂေါ်ဖီထုပ်နွယ်ဝင်တွေ ( ပန်းဂေါ်ဖီစိမ်း)

(၃) ချင်း

ချင်း ကတော့ မိန်းကလေးတွေရဲ့ ရာသီစက်ဝန်းနဲ့ပတ်သက်ရင် ဟိုအရင်တည်းကသုံးကြတဲ့ဆေးဖက်ဝင်ပစ္စည်းပါပဲ။ ရာသီလာချိန်ကိုက်ခဲမှုလျော့ပါးစေဖို့၊သွေးသားသန့်စင်စေဖို့ဆိုပြီး ရာသီလာချိန်မှာ ချင်းရေနွေးကြမ်းသောက်လေ့ရှိကြပါတယ်။

အလွှာပြားလေးတွေလှီးထားတဲ့ ချင်းကိုရေနွေးဆူဆူမှာ ခတ်ပြီး ၅ မိနစ်လောက်တည်ပါ။ အရည်ကိုယူပြီး ပျားရည် သို့မဟုတ် သကြားလေးထည့်သောက်ပါ။

(၄) တရုတ်နံနံ

တရုတ်နံနံမှာ ဗီတာမင် စီပါဝင်မှုပမာဏမြင့်မားသလို သားအိမ်ကျုံ့ဆန့်နိုင်အားကိုကောင်းစေတဲ့apiol ဓာတ်လည်းကြွယ်ဝပါတယ်။ ဒါ့ကြောင့် တရုတ်နံနံခတ်ထားတဲ့ ဟင်းချို သို့မဟုတ်ရေနွေးကြမ်းကိုသောက်ပေးသင့်ပါတယ်။

ရေနွေးပူတစ်ခွက်ထဲ တရုတ်နံနံခတ်၊ ၅ မိနစ်လောက်နှပ်ထားပြီးသောက်ပါ။ ဒါပေမယ့်apiol က ကိုယ်ဝန်ဆောင်တွေအတွက် မသင့်တော်တာကြောင့် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ကျောက်ကပ်မကောင်းသူတွေ မသောက်သင့်ပါဘူး။

(၅) ကိုယ်လက်လေ့ကျင့်ခန်း

လေ့ကျင့်ခန်းဆိုတိုင်း အကြမ်းကြီးတွေမလုပ်ပါနဲ့။ တချို့တွေမှာ အားစိုက်ရတဲ့လေ့ကျင့်ခန်းအကြမ်းတွေလုပ်တာကြောင့် ရာသီမမှန်ဖြစ်တတ်ကြလို့ပါ။ ဒါ့ကြောင့် ထိုက်သင့်သလောက် ကိုယ်လက်လှုပ်ရှားမှု၊ အားကစားလေးလုပ်ပေးတာကဟော်မုန်းတွေကိုပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ပြီး ရာသီစက်ဝန်းကိုမှန်စေနိုင်ပါတယ်။

(၆) ရေနွေးနဲ့ရေချိုး

ရေနွေးနဲ့ရေချိုးတာကတောင့်တင်းနေတဲ့ကြွက်သားတွေကိုပြေလျော့စေပြီး စိတ်ထဲက ဖိစီးမှုတွေကို သက်သာလျော့ပါးစေပါတယ်။ အနွေးဓာတ်ပေးတာကပြေလျော့စေရုံတင်မကပါဘူး။သွေးလည်ပတ်မှုကိုကောင်းစေပြီး ရာသီစက်ဝန်းကိုမြန်လာအောင် ညင်သာစွာနဲ့ ကူညီပေးပါတယ်။ ဗိုက်အောက်ပိုင်းနားကိုရေနွေးပုလင်းလေးကပ်ပေးတာ၊ရေနွေးအိတ်ကပ်တာလည်း ရပါတယ်။

(၇) စိတ်ဖိစီးမှုကိုလျှော့

စိတ်ဖိစီးမှုပြင်းထန်နေရင် ရာသီမမှန်ဖြစ်တတ်တယ်လို့ သုတေသနတွေကတွေ့ရှိထားပါတယ်။ စိတ်ဖိစီး၊ လူပင်ပန်းနေရတဲ့ကာလတွေမှာ ရာသီလာနောက်ကျတာ၊ ထိမ်တာတွေဖြစ်တတ်တယ်ဆိုရင် စိတ်ကိုဖြေလျှော့တာ အကောင်းဆုံးနည်းပါပဲ။ယောဂကစားတာ၊ စာဖတ်တာ၊ တရားထိုင်တာ၊ သူငယ်ချင်းတွေနဲ့တွေ့ဆုံတာလိုမျိုး စိတ်ပေါ့ပါးစေမယ့်အလုပ်တွေ လုပ်ကြည့်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 10/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။