backup og meta

လေဒီတွေလှချင်လို့ လုပ်မိနေတဲ့ ကျန်းမာရေးထိခိုက်စေတဲ့အပြုအမူတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဒီတွေလှချင်လို့ လုပ်မိနေတဲ့ ကျန်းမာရေးထိခိုက်စေတဲ့အပြုအမူတွေ

    အလှကြိုက်တာ မိန်းကလေးတွေရဲ့ သဘာဝပါ။ မိန်းကလေးတွေက ငယ်စဉ်အရွယ်ကတည်းက အလှကြိုက်တတ်ကြတာပါ။ ဒါပေမယ့် ကျန်းကျန်းမာမာနဲ့ လှဖို့တော့လိုပါမယ်။ စမတ်ကျကျနဲ့ ကျန်းကျန်းမာမာလှပတဲ့လေဒီလေးဖြစ်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားပေးပါနော်။

    လှချင်လို့လေဒီတွေလုပ်မိတတ်တဲ့ အလေ့အထတွေ

    လှပလိုစိတ်နဲ့ဒီအပြုအမူတွေကို သင်ကိုယ်တိုင်ရော ကျူးလွန်မိနေပြီလား။ ကျန်းမာလှပဖို့ဆိုရင်တော့ ဒါလေးတွေကို သတိထားမှဖြစ်ပါမယ်။

    အဝတ်အစားကျပ်ကျပ်တွေဝတ်တာ – အဝတ်အစားခပ်ကျပ်ကျပ်တွေ၊ နိုင်လွန်ပါတဲ့ဘောင်းဘီကျပ်ကျပ်တွေဝတ်တာ၊ ဆွဲသားအဝတ်အစားတွေဝတ်တာက ခန္ဓာကိုယ်အတွက်လေဝင်လေထွက်မကောင်းတာမျိုးဖြစ်စေနိုင်သလို အပူနဲ့အစိုဓာတ်တွေဖြစ်စေနိုင်တာကြောင့် မှိုပိုပေါက်ဖွားပြီး အရေပြားပြဿနာတွေခံစားရနိုင်သလို အရမ်းကျပ်တဲ့အဝတ်စားတွေအချိန်ကြာမြင့်စွာဝတ်ဆင်မှုက နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကိုဖြစ်စေနိုင်သလို မိန်းမကိုယ်ပိုးဝင်ကူးစက်တာကိုဖြစ်စေနိုင်ပါတယ်။

    ဒေါက်မြင့်ဖိနပ်စီးတာ -လေဒီတော်တော်များများက ဒေါက်မြင့်ဖိနပ်စီးရတာကို သဘောကျကြပါတယ်။ တကယ်တော့ ဒါက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထပါ။ဒေါက်မြင့်ဖိနပ်တွေကို အချိန်ကြာမြင့်စွာစီးထားတာက အရိုးတွေကို ထိခိုက်စေနိုင်ပြီး အရိုးပွရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။

    နှုတ်ခမ်းနီဆိုးတာ – နှုတ်ခမ်းနီဆိုးတာကလည်း ကြည့်တော့သာလှတာပါ တကယ်တော့ နှုတ်ခမ်းသားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အချိန်ကြာမြင့်စွာနှုတ်ခမ်းနီဆိုးထားတဲ့အခါ နှုတ်ခမ်းသားခြောက်သွေ့တာ၊ ကွဲအက်တာတွေကိုခံစားရနိုင်ပါတယ်။

    အိုင်းလိုင်နာဆိုးတာ – အိုင်းလိုင်နာက မျက်လုံးလေးကို ထင်းထင်းလေးနဲ့လှစေပေမယ့် အမြဲတမ်းဆိုးနေရင်တော့ မျက်လုံးကျန်းမာရေးကိုထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အိုင်းလိုင်နာကို အမြဲဆိုးထားတာမျိုးမလုပ်ဖို့ပြောပါရစေ။

    ခြေသည်း၊လက်သည်းဆိုးတာလက်သည်းနီတွေက ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အချက်များစွာရှိနေပါတယ်။ လက်သည်းနီတွေက အရေပြားနဲ့မျက်လုံးမှာ ဓာတ်မတည့်တာတွေဖြစ်စေနိုင်သလို မျိုးပွားစနစ်ကိုပါ ထိခိုက်စေနိုင်ပါသေးတယ်။

    မိတ်ကပ်တစ်ချိန်လုံးလူးထားတာ – မျက်နှာကိုအမြဲမိတ်ကပ်လူးထားမယ်ဆိုရင် အသားအရေကို အရွယ်မတိုင်ခင်အိုမင်းမှုဖြစ်စေနိုင်ပါတယ်။ Gym သွားတဲ့အခါမျိုးမှာ မိတ်ကပ်မလူးသင့်သလို တစ်ချိန်လုံးလည်းမိတ်ကပ်လူးမထားပါနဲ့။ အပြင်သွားစရာမရှိတဲ့အခါမျိုး၊ အိမ်မှာပဲနေတဲ့အခါမျိုးမှာတော့ no make up day လို့ သတ်မှတ်ပြီး အရေပြားကို အသက်ဝဝရှူခွင့်ပေးလိုက်ပါ။

    နေရောင်မခံတာ -နေခင်းနေပူပူနဲ့ ထိတွေ့ရမယ်လို့မဆိုလိုပါဘူး။ ခန္ဓာကိုယ်ကျန်းမာဖို့လိုအပ်တဲ့ ဗီတာမင် D ရရှိဖို့အတွက်တော့ မနက်ခင်းနေရောင်နွေးနွေးလေးနဲ့ ထိတွေ့ပေးပါ။

    နေလောင်ကာခရင်မ်မလူးတာ – အပြင်ထွက်ခါနီး နာရီဝက်အလိုတိုင်းမျာနေလောင်ကာခရင်မ်လူးပေးပြီး အသားအရေကို ကာကွယ်သင့်ပါတယ်။ ဒါမှလည်း အရေပြားပြဿနာတွေကင်းမှာပါ။နေလောင်ကာခရင်မ်လူးလို့ မိတ်ကပ်မညီတာမျိုးဖြစ်မှာစိုးပြီး မလိမ်းဘဲနေတာမျိုးမဖြစ်စေဖို့ သတိပြုပါ။

    ရေသောက်နည်းတာ – သွားလေရာကို ရေဘူးယူသွားလို့ အလှမပျက်ပါဘူးနော်။ ရေကိုလုံလောက်အောင် မသောက်ရင်သာအသားအရေမှာ ထိခိုက်ပျက်စီးတာတွေဖြစ်လာနိုင်တာပါ။

    ပုံမှန်ကျန်းမာရေးစစ်ဆေးမှုမလုပ်တာ – မိန်းကလေးတိုင်းအနေနဲ့ တစ်နှစ်ကို တစ်ကြိမ်လောက်တော့ ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်ပါတယ်။ ဒါမှအချို့ရောဂါတွေကို ကာကွယ်နိုင်မှာပါ။နေ့စဉ်အလှအပကိုပဲ ဦးစားပေးမနေဘဲ ခန္ဓာကိုယ်ကျန်းမာဖို့ကိုလည်း ဂရုစိုက်စေချင်ပါတယ်။

    လေဒီတို့မှားတတ်တဲ့ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အခြားအလေ့အထများ

    ကိုယ်လက်လှုပ်ရှားမှုမရှိတာ – မိန်းကလေးအများစုက ပိန်ချင်တယ်၊ ခန္ဓာကိုယ်အချိုးအစားလှချင်တယ်လို့ပြောနေပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ကျတော့ ပျင်းနေတတ်ကြပါတယ်။ တစ်နေ့ကို နာရီဝက်ကနေ ၄၅ မိနစ်လောက်တော့အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။

    အိပ်ချိန်ပြည့်ပြည့်ဝဝမရှိတာ – အိပ်ရေးဝမှ ခန္ဓာကိုယ်က လှပကျန်းမာနိုင်မှာပါ။ အိပ်စက်မှုက ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ ညစဉ်လုံလောက်တဲ့ အိပ်စက်ချိန်ထားရှိတဲ့ လေဒီတွေမှာသွေးတိုး၊ နှလုံးရောဂါ နဲ့ ဆီးချိုလိုမျိုးရောဂါတွေခံစားရနိုင်ခြေတော်တော်လေးနည်းပါတယ်။

    စိတ်ထင်တိုင်းစားတာ – ငါလေးတစ်ယောက် တော်တော်ပင်ပန်းထားတာ၊ ဒီလောက်တော့စားမှဖြစ်မယ်ဆိုပြီး စားတတ်တဲ့လေဒီလေးတွေများရှိလား။ ခဏခဏကိုယ့်ကိုကိုယ်ဆုမချပါနဲ့။ ရေရှည်မှာ မလှဘဲ ဝလာနိုင်တာကြောင့်ပါ။ ဝမှလှဆိုတာက နားထောင်လို့သာကောင်းတာပါ။ ဝလာရင်ခန္ဓာကိုယ်မှာရောဂါမျိုးစုံဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စမတ်ကျလျလှပချင်တယ်ဆိုရင် စိတ်ထင်တိုင်းလျှောက်မစားပါနဲ့။

    အခုပြောခဲ့တဲ့ အချက်လေးတွေကို လိုက်နာဆင်ခြင်လို့နေ့ရက်တိုင်းကို စမတ်ကျလှပတဲ့လေဒီလေးတစ်ယောက်အနေနဲ့ဖြတ်သန်းလိုက်ပါနော်…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement