backup og meta

လေဆာကုထုံးနဲ့ melasma ကို ဘယ်လိုကုသမလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဆာကုထုံးနဲ့ melasma ကို ဘယ်လိုကုသမလဲ

    အာရှအသားအရေဟာ ရောဂါအခြေအနေအမျိုးမျိုး ဖြစ်နိုင်ခြေရှိပြီး ရောဂါတစ်မျိုးကတော့ melasma လို့ခေါ်တဲ့ အရေပြားအရောင်ရင့်ခြင်း ပဲဖြစ်ပါတယ်။ သင့်မှာ melasma ရှိတာကြောင့် ရုပ်ရည်နဲ့ပတ်သက်ပြီး ယုံကြည်ချက်မရှိဘူးဆိုရင် သင့်ကို သတင်းကောင်းပေးလိုပါတယ်။

    သိပ္ပံပညာရှင်တွေဟာ melasma ရဲ့ ကုသနည်းကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ဒါကတော့ လေဆာကုထုံးပဲဖြစ်ပါတယ်။

    Melasma ဆိုတာဘာလဲ။

    သင့်အရေပြားရဲ့ အရောင်ကို melanin ပမာဏက ဆုံးဖြတ်ပေးပါတယ်။ melasma ဟာ melanin ပိုထုတ်ခြင်းကြောင့် ဖြစ်တတ်တဲ့ အသားအရောင်ရင့်ခြင်း တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ နဖူး၊ ပါး၊ အပေါ်နှုတ်ခမ်းနဲ့ မေးရိုးတစ်လျှောက်မှာ အညိုရောင် အစက်အပြောက်တွေ အဖြစ်တွေ့မြင်ရပြီး နေရောင်၊ ဟော်မုန်းကြောင့် ဖြစ်တာများပါတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဟော်မုန်းအစားထိုးကုသမှု ခံယူနေသူတွေမှာ melasma ကို တွေ့ရတာဖြစ်ပါတယ်။ နေရောင်ခြည် ရရှိမှုများတဲ့ နေရာတွေ ဖြစ်တဲ့ အာရှနဲ့ Mediterranean နေရာတွေမှာ နေထိုင်သူတွေဟာ အခြားနေရာတွေမှာ နေထိုင်သူတွေနဲ့ နှိုင်းယှဉ်ရင် melasma ဖြစ်နိုင်ခြေ ပိုများပါတယ်။

    လေဆာကုထုံးက melasma ကို ဘယ်လိုကုသပေးနိုင်သလဲ။

    လေဆာကုထုံးဟာ melasma ကုသမှုအတွက် လူကြိုက်အများဆုံး ကုထုံးတစ်ခုဖြစ်ပါတယ်။ အချို့လေဆာ အမျိုးအစားဖြစ်တဲ့ dual fractional laser ဟာ အရေပြား အရောင်ရင့်ခြင်းကို ကုသဖို့အတွက် အလွန်အစွမ်းထက်ပါတယ်။

    တကယ်တော့ ဒီနည်းပညာဟာ အစပိုင်းမှာ ဆေးမင်ကြောင်တွေကို ဖယ်ရှားဖို့အတွက် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ လေဆာကုသမှုဟာ ကုသလိုတဲ့နေရာက ပြဿနာကိုသာ ဖယ်ရှားပေးပြီး ဘေးပတ်ဝန်းကျင်က တစ်ရှူးတွေကို ထိခိုက်မှုမရှိတာကြောင့် လူကြိုက်များလာတဲ့ ကုထုံးတစ်ခု ဖြစ်ပါတယ်။

    သင့်အရေပြားအောက်မှာ melanin ဘယ်လို ပြန့်လဲဆိုတာပေါ် မူတည်ပြီး လေဆာကုထုံးမှာ ကန့်သတ်ချက်တွေရှိပါတယ်။ တကယ်လို့ သင့်မှာ mixed-type melasma (melanin ဟာ အရေပြားရဲ့ dermis ရော၊ epidermis မှာပါ ပြန့်နေခြင်း) ရှိတယ်ဆိုရင် dual fractional လေဆာကုထုံးဟာ ဒီအခြေအနေကို ကုသဖို့ ပျော့လွန်းနေနိုင်ပြီး ပိုပြင်းတဲ့လေဆာကုထုံးတွေကတော့ အရေပြားကိုပျက်ဆီးစေပြီး melasma ကို ပိုဆိုးစေနိုင်ပါတယ်။

    သင့်မှာ epidermal melasma ရှိတယ်ဆိုရင် အရောင်ရင့်ခြင်းဟာ အရေပြားမျက်နှာပြင်နားမှာ ရှိတာကြောင့် လေဆာကုထုံးကို ကောင်းစွာ တုန့်ပြန်နိုင်ပါတယ်။

    Melasma အတွက် လေဆာကုထုံးတွေကို တစ်မျိုးတည်း အသုံးမပြုပဲ အခြားကုသမှုတွေနဲ့အတူ အသုံးပြုကြပါတယ်။ ဥပမာ mixed-type melasma အတွက်ဆိုရင်တော့ သင့်ဆရာဝန်က dermabration နဲ့ Q-switched YAG laser လိုမျိုး လေဆာ အပျော့တစ်မျိုးကို ပေါင်းစပ် ကုသနိုင်ပါတယ်။

    ကုသမှုကို နှစ်လသုံးလ ကြာသည်အထိ သင့်အခြေအနေနဲ့ ကုသမှု တုန့်ပြန်ပုံတွေပေါ် မူတည်ကာ အကြိမ်များစွာ ပြုလုပ်သင့်ပါတယ်။ အသားအရောင် တောက်ပစေတဲ့ ဓါတုပစ္စည်းများ (hydroquinone, retinoids) တွေ ပါဝင်တဲ့ ခရင်မ်တွေကို လိမ်းဖို့ လိုအပ်နိုင်ပြီး melasma ပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ SPF 15+ ပါတဲ့ နေပူခံလိမ်းဆေးကို နေ့စဉ်လိမ်းသင့်ပါတယ်။ အာရှရဲ့ အပူပိုင်းနိုင်ငံတွေမှာတော့ နေပူခံနိုင်အောင် SPF ပိုများများပါတဲ့ လိမ်းဆေးတွေ လိုအပ်နိုင်ပါတယ်။

    Melasma အတွက် လေဆာကုထုံးကို ဘယ်မှာ ရရှိနိုင်သလဲ။

    အခုခေတ်မှာတော့ အရေပြားအထူးကု ဆေးခန်း၊ ဆေးရုံတွေ အားလုံးလိုလိုမှာ melasma အတွက် လေဆာကုထုံးကို ရရှိနိုင်ပါတယ်။ ကုသမှုမပြုလုပ်မီမှာ လေဆာကုထုံးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ အားလုံးကို သိထားသင့်ပါတယ်။

    သင့်ရဲ့ အရေပြားဆရာဝန်က သင့်အရေပြားကို စစ်ဆေးပြီး ကုသမှုတွေ ပေးပါလိမ့်မယ်။ တခါတရံမှာ epidermal melasma အတွက် ကုသမှု မလိုအပ်တတ်ပါဘူး။ melasma ဟာ ကလေးမွေးအပြီး၊ နေပူခံလိမ်းဆေးတွေ အသုံးပြုအပြီးမှာ ပျောက်သွားနိုင်ပါတယ်။

    သင့်ဆရာဝန်က hydroquinone, azelaic acid, retinoic acid, nonphenolic bleaching agents, kojic acid.အစရှိတဲ့ လိမ်းဆေးတွေပါဝင်တဲ့ဆေးတွေကိုလည်း အကြံပြုနိုင်ပါတယ်။

    အတွေ့အကြုံရှိပြီး နာမည်ကောင်းရှိတဲ့ ပညာရှင်နဲ့ ကုသမှုခံယူဖို့လည်း အရေးကြီးပါတယ်။ လူနာတွေရဲ့ ထင်မြင်ချက်တွေ၊ ဝေဖန်မှုတွေကိုလည်း တောင်းကြည့်ဖို့ လိုပါတယ်။ ပညာရှင်ဆန်ပြီး လူသိများတဲ့ ဆေးခန်းတွေကိုသာ ရွေးချယ်သင့်ပါတယ်။

    လေဆာကုထုံးဟာ မှန်ကန်စွာ ဆောင်ရွက်ခြင်းမရှိရင် အပူလောင်ခြင်း၊ ထပ်မံ အရောင်ကျွတ်ခြင်းတွေ ဖြစ်စေနိုင်တာကြောင့် အန္တရာယ် ရှိပါတယ်။

    လေဆာကုထုံကို အသုံးပြုခြင်းဟာ အရေပြားကို နုပျိုစေပြီး နေလောင်မှု၊ အသက်ကြီးခြင်း၊ မျက်နှာ အသားအရေ ဆိုင်ရာ ရောဂါများကို သက်သာစေနိုင်ပါတယ်။ ကုသမှုတွေဟာ လုံခြုံစိတ်ချရပြီး ထိရောက်မှုရှိပါတယ်။ ဈေးများပေမယ့် ရလဒ်တွေကတော့ ပိုမိုနုပျို၊ ချောမွတ်ပြီး ကျန်းမာတဲ့အရေပြားကို ရရှိမှာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement