backup og meta

မှဲ့ကနေ ကင်ဆာဖြစ်နိုင်ပါသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မှဲ့ကနေ ကင်ဆာဖြစ်နိုင်ပါသလား

    မှဲ့ဆိုတာဘာလဲ။

    မှဲ့ဟာ အရည်ပြားကို အရောင်ထုတ်ပေးတဲ့ melanocytes လို့ခေါ်တဲ့ ဆဲလ်တွေ ပေါင်းစည်းဖြစ်ပေါ်လာတဲ့ သေးငယ်တဲ့ အစက်ဖြစ်ပါတယ်။

    မှဲ့ကို melanocytic naevi လို့လည်း ခေါ်ကြပါတယ်။

    မှဲ့ဟာ အများအားဖြင့် အညိုရောင် ရှိပြီး အချို့ကတော့ အရောင်ပိုရင့် (သို့) အရေပြားရောင် ရှိတတ်ပါတယ်။ ပြားနေတဲ့ မှဲ့ရှိသလို ဖေါင်းတဲ့ မှဲ့လည်းရှိပါတယ်။ ချောမွတ် (သို့) ကြမ်းတမ်းတဲ့ ပုံစံလည်း ရှိနိုင်ပါတယ်။ အချို့မှဲ့တွေဟာ သူတို့မှာ ပေါက်နေတဲ့ အမွှေးရှိတတ်ပါတယ်။ မှဲ့အများစုဟာ အဝိုင်း (သို့) ဘဲဥပုံရှိပြီး ချောမွတ်တဲ့ အစွန်းတွေ ရှိကြပါတယ်။

    မှဲ့တွေဟာ အရေအတွက်နဲ့ ပုံသဏ္ဍာန်ပြောင်းလဲနိုင်ပါတယ်။ အချို့ဟာ အချိန်ကြာလာတာနဲ့အမျှ သတိတောင် မထားမိပဲ ပျောက်သွားတတ်ပါတယ်။ သူတို့ဟာ ဟောမုန်းပြောင်းလဲမှုတွေကိုလည်း တုန့်ပြန်တတ်ပါတယ်။ ဥပမာ

    • ကိုယ်ဝန် ရှိချိန် – ဒီအချိန်မှာ အရောင်အနည်းငယ် ရင့်လာတတ်ပါတယ်။
    • ဆယ်ကျော်သက် – ဒီအချိန်မှာတော့ ပွားလာတတ်ပါတယ်။
    • အသက်ကြီးချိန် – အသက် ၄၀ ကနေ ၅၀ ကြားလောက်မှာ ပျောက်သွားနိုင်ပါတယ်။

    မှဲ့အမျိုးအစားများ

    မှဲ့အမျိုးအစား အမျိုးမျိုးရှိပြီး အတွေ့အများဆုံးကတော့

    • junctional melanocytic naevi – သူတို့တွေဟာ အညိုရောင်ရှိပြီး ဝိုင်းကာ ပြားပါတယ်။
    • dermal melanocytic naevi – သူတို့ဟာ ဖေါင်းပြီး အရောင်ဖျော့ကာ တခါတရံမှာ အမွှေးပေါက်တတ်ပါတယ်။
    • compound melanocytic naevi – သူတို့ဟာ များသောအားဖြင့် အရေပြားအပေါ်ကို မြင့်တက်နေပြီး အညိုဖျော့ရောင်ရှိတာ တခါတရံ အမွှေးပေါက်တတ်ပါတယ်။

    အတွေ့နည်းတဲ့ မှဲ့တွေကတော့ –

    • halo naevi – အရေပြားဟာ အရောင်ဆုံးရှုံးသွားတဲ့ အဖြူရောင်အကွင်းနဲ့ မှဲ့တွေကို ဝန်းရံထားပါတယ်။
    • dysplastic or atypical naevi (Clark naevi) – ကြည့်ရတာ ပုံမှန်မဟုတ်ပဲ အနည်းငယ်ကြီးမားတဲ့ မှဲ့တွေ ဖြစ်တတ်ပါတယ်။ အရောင်အမျိုးမျိုးရှိပြီး ပြားတာရော ဖေါင်းတာရော ဖြစ်နိုင်ပါတယ်။
    • blue naevi – အပြာရင့်ရောင်မှဲ့တွေ ဖြစ်ပါတယ်။

    ဘယ်အချိန်မှာနဲ့ ဘာကြောင့် မှဲ့တွေ ဖြစ်လာပါသလဲ။

    မှဲ့အချို့ဟာ မွေးရာပါ ဖြစ်တတ်ပါတယ်။ အချို့ကတော့ အသက် ၃၀ ကျော်လောက်မှ ဖြစ်တာမျိုးလည်း ရှိပါတယ်။ အသားဖြူတဲ့သူတွေမှာ အသားညိုတဲ့သူတွေထက် မှဲ့တွေ ပိုတွေ့ရနိုင်ပါတယ်။

    မိသားစုထဲမှာ မှဲ့များရင် သင့်မှာလည်း မှဲ့များဖို့ (သို့) ပုံစံတူမှဲ့ရှိဖို့ အခွင့်အလမ်းများပါတယ်။

    သင်ကြီးပြင်းခဲ့တဲ့နေရာကလည်း ပြောင်းလဲမှုကို လုပ်နိုင်ပါတယ်။ ဥပမာ နေရောင်ထဲမှာ အချိန်ဖြုန်းလေ့ရှိသူဆိုရင် သင့်မှာ သေးငယ်တဲ့ မှဲ့တွေ အများကြီး ရှိနိုင်ပါတယ်။

    အန္တရာယ်မရှိတဲ့ မှဲ့များ

    မှဲ့အတော်များများဟာ အန္တရာယ် မရှိပါဘူး။ ဒါပေမယ့် သူတို့ဟာ ကြည့်လို့မကောင်းပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ထိခိုက်စေပါတယ်။ သူတို့ဟာ စိတ်အနှောင့်အယှက်လည်း ဖြစ်စေပါတယ်။ ဥပမာ အမွှေးရိတ်နေတုံး ရှမိတာမျိုးဖြစ်ပါတယ်။ ဈေးကြီးပေမယ့် ဒီမှဲ့တွေကို ခွဲစိတ်ကုသနိုင်ပါတယ်။

    အလှအပဆိုင်ရာ မှဲ့ကုသမှုအတွက် ပိုက်ဆံပေးဖို့လိုအပ်ပြီး အပြင်ဆေးခန်းမှာ လုပ်နိုင်ပါတယ်။ သင့်ဆရာဝန်ကို ဘယ်မှာ လုပ်ရမလဲဆိုတာ မေးကြည့်ပါ။

    စိတ်အနှောင့်အယှက်ဖြစ်လို့ မှဲ့ကို ဖယ်ရှားချင်တယ်ဆိုရင် ခွဲစိတ်ဆရာဝန်က မှဲ့ကို အရေပြားနဲ့ တစ်သားတည်းဖြစ်အောင် လုပ်ပေးပါလိမ့်မယ်။ ဒါကို shave incision လို့ခေါ်ပါတယ်။ အနာကို အပူနဲ့ ပိတ်ပေးမှာဖြစ်ပြီး ဒီဖြစ်စဉ်ကို cauterisation လို့ ခေါ်ပါတယ်။

    အရေပြားကို စစ်ဆေးခြင်း

    အရေပြားကို လအနည်းငယ်တိုင်းမှာ မှဲ့အသစ်တွေ ထပ်ပေါက်သလားဆိုတာ စစ်ဆေးသင့်ပါတယ်။ အရင်မှဲ့အဟောင်းတွေမှာလည်း ပြောင်းလဲမှု ရှိမရှိ လေ့လာသင့်ပါတယ်။ မှဲ့တစ်ခုဟာ ရက်သတ္တပတ်ပေါင်းများစွာ (သို့) လပေါင်းများစွာ အတွင်းမှာ ပြောင်းလဲနိုင်ပါတယ်။

    အောက်ဖေါ်ပြပါ ပြောင်းလဲမှုတွေကို ရှာဖွေကြည့်သင့်ပါတယ်။

    • အရောင်မညီသော မှဲ့များ – မှဲ့အများစုဟာ အရောင် တစ်ရောင် (သို့) နှစ်ရောင်သာ ရှိတတ်ပါတယ်။ melanoma ကတော့ အရောင်မျိုးစုံ ရှိနိုင်ပါတယ်။
    • မညီညာသော (သို့) စုတ်နေသော အစွန်းများ – မဲ့ှတွေဟာ ပုံမှန်အားဖြင့် အဝိုင်း (သို့) ဘဲဥပုံ ရှိတတ်ပြီး ချောမွေ့တဲ့ အစွန်းတွေ ပိုင်ဆိုင်တတ်ပါတယ်။
    • သွေးထွက်ခြင်း၊ ယားယံခြင်း၊ နီမြန်းခြင်း၊ ရောင်ခြင်း၊ မာကြွတ်သော မှဲ့များ
    • ကြီးမားသော မှဲ့များ – မှဲ့အများစုဟာ ခဲတံ လုံးပတ်ထက်ပိုပြီး မကြီးမားတတ်ကြပါဘူး။

    ABCDE နည်းလမ်းကို မှတ်ထားပြီး လေ့လာသင့်ပါတယ်။

  • A – asymmetry – တစ်ဖက်နဲ့ တစ်ဖက် မညီခြင်း
  • B – border irregularity – ဘောင်များ ပုံမှန်မဟုတ်ခြင်း
  • C – colour change – အရောင်ပြောင်းခြင်း
  • D – diameter – စက်ဝိုင်းအချင်း
  • E – elevated (raised) or enlarged – ကြီးလာလား ဖေါင်းလာလား
  • ဒီလိုမှဲ့တွေဟာ နေရာအနှံ့မှာ ဖြစ်နိုင်ပေမယ့် နောက်ကျော၊ ခြေထောက်၊ လက်မောင်းနဲ့ မျက်နှာတွေမှာ အဖြစ်များပါတယ်။

    တကယ်လို့ မှဲ့မှာ ပြောင်းလဲမှုတွေတွေ့ပြီး စိတ်ပူပန်နေတယ်ဆိုရင် ဆရာဝန်ကိုပြသသင့်ပါတယ်။ မှဲ့ပြောင်းလဲမှုဟာ အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ melanoma ရဲ့ စောစီးစွာ ပြသတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

    ကင်ဆာဖြစ်စေတဲ့ မှဲ့များ

    မှဲ့အများစုဟာ ကင်ဆာမဖြစ်ပွားစေပဲ အနည်းငယ်ကတော့ ဖြစ်ပွားစေပါတယ်။ Melanoma ဟာ ပြင်းထန်တဲ့ အရေပြား ကင်ဆာတစ်မျိုးဖြစ်ပါတယ်။

    Melanoma တွေဟာ များသောအားဖြင့် အရင်က သတိမထားမိတဲ့နေရာမှာ အရောင်ရင့်ပြီး အမြန်ကြီးလာတဲ့ အစက်တွေအနေနဲ့ (သို့) အရင်ရှိပြီးသားမှဲ့မှာ အရွယ်အစား၊ ပုံသဏ္ဍာန်၊ အရောင်ပြောင်းလာခြင်း၊ ယားယံခြင်း၊ နီရဲခြင်းတို့အသွင်နဲ့ တွေ့ရတတ်ပါတယ်။ Melanoma ရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်ကုသမှု ဖြစ်ပြီး ဒါဟာလည်း အခြေအနေပေါ်မူတည်ပါတယ်။ စောစောစီးစီး ရောဂါတွေ့ရှိခဲ့ရင် ခွဲစိတ်ကုသမှုအောင်မြင်နိုင်ပြီး နောက်တစ်ကြိမ်ပြန်ဖြစ်တာကို တားမြစ်ဖို့အတွက်ပုံမှန် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    ကင်ဆာဖြစ်စေတဲ့ မှဲ့များကို ကာကွယ်ခြင်း

    သင့်မှာ မှဲ့အများကြီးရှိရင် နေရောင်ထဲသွားရင် ဂရုစိုက်သင့်ပါတယ်။ Melanoma ကို အမြဲကာကွယ်နိုင်ဖို့တော့ မဖြစ်နိုင်ပေမယ့် UV light နဲ့ အလွန်အကျွံထိတွေ့မှုကို ရှောင်ကျဉ်ခြင်းဟာ ကင်ဆာဖြစ်နှုန်းကို လျော့ကျစေနိုင်ပါတယ်။

    အောက်ဖေါ်ပြပါ အချက်အလက်တွေကို လိုက်နာသင့်ပါတယ်။

    • နေရောင်ခြည်အပူပြင်းဆုံးဖြစ်တဲ့ ၁၁ နာရီကနေ ၃ နာရီကြားမှာ အရိပ်ထဲမှာသာ နေသင့်ပါတယ်။
    • အဝတ်အစား လုံခြုံစွာ ဝတ်သင့်ပြီး နားပန်း အကျယ်ပါတဲ့ ဦးထုပ်နဲ့ နေကာမျက်မှန်တွေ ဝတ်သင့်ပါတယ်။
    • နေပူခံလိမ်းဆေး (SPF 15 နှင့်အထက်) လိမ်းသင့်ပြီး အထူးသဖြင့် ရေကူးပြီးရင် ပုံမှန်ပြန် လိမ်းသင့်ပါတယ်။
    • UV rays တွေ ဖြာထွက်နိုင်တာမို့ နေမီးအိမ်တွေ sunbeds တွေ မသုံးသင့်ပါဘူး။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement