မေးစေ့မှာ ဝက်ခြံပေါက်ရတဲ့အကြောင်းရင်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေးစေ့မှာ ဝက်ခြံပေါက်ရတဲ့အကြောင်းရင်း

    မေးစေ့မှာ ဝက်ခြံပေါက်ရင် အလှပျက်ရတဲ့အပြင် ပိုပြီးနာကျင်ရပါတယ်။မေးဖျားလျှာခေါက် ဝက်ခြံပေါက်ရင် အန္တရာယ်ရှိတယ်လို့လည်းရှေးလူကြီးတွေကပြောထားတော့ကြောက်ရပြန်ရော။ အမှန်တော့ ဝက်ခြံဟာ ဘယ်နေရာမှာပေါက်ပေါက်အတူတူပါပဲ။ ဂရုစိုက်ကုသမှုမရှိဘဲ ပိုးဝင်မှသာ အရေပြားမှာ နောက်ဆက်တွဲပြဿနာတွေရှိလာတာပါ။

    ပုံမှန်အားဖြင့်တော့မေးစေ့မှာဝက်ခြံဖြစ်တာကဟော်မုန်းမညီမျှကြောင့်ဖြစ်တတ်ပါတယ်။ဟော်မုန်းထုတ်ပေးတဲ့စနစ်က ထုတ်လုပ်မှုလွန်ကဲတဲ့အခါ အဆီဂလင်းတွေရဲ့လုပ်ဆောင်ချက်ပါ လွန်ကဲလာပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ ဝက်ခြံဆိုတာအဖြစ်များတဲ့အလှအပပြဿနာတစ်ခုဖြစ်ပေမယ့်မေးစေ့မှာဖြစ်လာသမျှ ဝက်ခြံတိုင်း ဆိုးရွားတဲ့ အကြီးကြီးဖြစ်လာမှာမဟုတ်ပါဘူး။ အရေပြားဆဲလ်သေတွေ၊ အဆီတွေနဲ့ ဖုန်အညစ်အကြေးတွေချွေးပေါက်မှာ ပိတ်ဆို့တဲ့အခါ ဝက်ခြံဖုလေးတွေဖြစ်လာတတ်ပါတယ်။ အဲဒီမှာရောင်ရမ်းမှုနဲ့ဘက်တီးရီးယားတွေပိုများလာတာနဲ့ ဝက်ခြံဖုကနေ အဖြူဆံလေးဖြစ်လာပြီး ဝက်ခြံကြီးတစ်ခုဖြစ်လာတာပါ။ ပိုးမဝင်အောင် ဂရုစိုက်ပေးနိုင်၊ သန့်ရှင်းပေးနိုင်ရင် ဒီအဆင့်ကိုမရောက်လာနိုင်သလို အမာရွတ်လည်းဖြစ်ကျန်စေမှာမဟုတ်ပါဘူး။

    မေးစေ့ဝက်ခြံဖြစ်လာစေတဲ့ အဓိကအကြောင်းရင်း (၃) ခု

    (၁) ရာသီစက်ဝန်း

    ရာသီလာမယ့်ရက်မတိုင်ခင် နှစ်ပတ်လောက်မှာ ဝက်ခြံထွက်တတ်တာ သတိထားမိမှာပေါ့။ အဲဒီအချိန်က အက်စထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေ ပိုထုတ်လုပ်တဲ့အချိန်ဖြစ်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ ဒီဟော်မုန်းတွေများလာတဲ့အခါ အဆီဂလင်းတွေကို နှိုးဆွပြီး အဆီထုတ်လုပ်မှုကို လွန်ကဲစေပါတယ်။

    (၂) စိတ်ဖိစီးမှု

    စိတ်ဖိစီးစရာတွေရှိနေတာလား။ ဒါဆို ဝက်ခြံဖြစ်လာဖို့ ရာခိုင်နှုန်းများတာပေါ့။ စိတ်ဖိစီးမှုတွေက အဆီထုတ်လုပ်မှုကိုမြင့်တက်စေပြီး ဝက်ခြံကိုပိုဆိုးစေနိုင်ပါတယ်။

    စိတ်ညစ်လို့ ညအိပ်မပျော်ရင်လည်း စိတ်ဖိစီးမှုကိုပိုဆိုးစေတယ်၊ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုထိခိုက်စေတယ်။ ဒီနှစ်ချက်လုံးက ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းတွေပါ။ စိတ်ဖိစီးနေတာတွေကိုဖြေလျှော့နိုင်မယ့် တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းလမ်းတွေကို လုပ်ကြည့်ပါ။ တစ်နေ့ကို အနည်းဆုံး ၅ နာရီလောက်တော့ပြည့်အောင်အိပ်ပါ။

    (၃) သန္ဓေတားဆေး

    သန္ဓေတားဆေးတွေက ဝက်ခြံကုသရာမှာ အထောက်အကူပေးနိုင်ပါတယ်။သောက်ဆေးတွေမှာပါတဲ့ဟော်မုန်းတွေက ခန္ဓာကိုယ်ထဲက အန်ဒရိုဂျင်ဟော်မုန်းပမာဏကို လျော့နည်းစေပြီး အဆီထုတ်လုပ်မှုကို လျော့စေတဲ့နည်းနဲ့ ဝက်ခြံသက်သာစေပါတယ်။ ဒါပေမယ့် သောက်ဆေးတွေရပ်လိုက်တာနဲ့ အန်ဒရိုဂျင်ပမာဏကမြင့်တက်လာပြီး အဆီတွေပိုထွက်လာပါရော။ ဆေးရပ်လိုက်ပြီး မကြာခင်မှာမေးစေ့ဝက်ခြံထွက်လာတယ်ဆို ဒီအကြောင်းရင်းကြောင့်ဖြစ်နိုင်ပါတယ်။

    သက်သာအောင် ဘယ်လိုလုပ်ရမလဲ

    • ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ မျက်နှာသစ်ဆေးသုံးပါ

    ဆပ်ပြာတုံးတွေ၊အာနိသင် ပြင်းတဲ့ မျက်နှာသစ်ဆပ်ပြာတွေနဲ့မသစ်နဲ့နော်။ Benzoyl peroxide၊ salicylic acid ၊ နဲ့ glycolic acid ပါတဲ့ မျက်နှာသစ်ဆေးတွေကို ရွေးပါ။ ဒီပါဝင်ပစ္စည်းတွေက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာအသားအရေရဲ့pH ထိန်းညှိမှုကို မထိခိုက်စေဘဲ အဆီပိုတွေကို သန့်စင်ပေးနိုင်ပါတယ်။

    • ရေခဲကပ်ပေးပါ

    ဝက်ခြံရှိတဲ့နေရာကို မိနစ်အနည်းငယ် (၅မိနစ်ထက်မကျော်ဘဲ) ကြာအောင် အဝတ်နုလေးပတ်ထားတဲ့ရေခဲနဲ့ကပ်ပေးပါ။ ဝက်ခြံရောင်ရမ်းတာ၊နာကျင်တာ၊ နီမြန်းနေတာ သက်သာသွားပါလိမ့်မယ်။ ဖိတော့ မဖိမိဖို့တော့ သတိထားပါ။

    • ဝက်ခြံပျောက်ဆေး သုံးပါ

    ဝက်ခြံသက်သာစေမယ့် လိမ်းဆေးလေးတွေ တို့ပေးလို့ရပါတယ်။

    • ရှားစောင်းလက်ပပ်နဲ့ ကုပါ

    ဝက်ခြံတွေကို သက်သာစေတဲ့ သဘာဝဆေးတစ်မျိုးပါ။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကိုပါကင်းစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုကို ကင်းစေနိုင်ပြီးအစိုဓာတ်ထိန်းပေးလို့ ဝက်ခြံတွေကို သက်သာစေဖို့အတွက် အထိရောက်ဆုံး သဘာဝဆေးတစ်မျိုးပေါ့။ ရှားစောင်းလက်ပပ် ဂျယ်လီသားကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ရှားစောင်းလက်ပပ်အနှစ်ကို လူးပေးပြီး ခြောက်တဲ့အထိ ထားလိုက်ပါ။ ခြောက်သွားရင် ရေအေးနဲ့ ဆေးချလိုက်ပါ။

    ဝက်ခြံတွေကို မဆိတ်ဆွပါနဲ့။ ဝက်ခြံထွက်လာရင် ညှစ်တာ၊ ဖဲ့တာ၊ ကုတ်တာကို လူတိုင်းနီးပါးလောက်လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒါက ဝက်ခြံကို မသက်သာစေဘဲ ပိုလို့တောင်ဆိုးစေပါလိမ့်မယ်။ ဝက်ခြံအမာရွတ်တွေ ကျန်ခဲ့စေပါလိမ့်မယ်။ ဝက်ခြံတွေကို ညှစ်ထုတ်လိုက်ရင် သက်သာသွားမယ်လို့ထင်ကြပါလိမ့်မယ်။ ဒါက မမှန်ပါဘူး။ ပိုလို့တောင်ဆိုးသွားစေပြီး အမာရွတ်တွေထင်ကျန်ရစ်စေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement