အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ

    အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ

    လိင်ကိစ္စမှာစိတ်ဝင်စားမှု လျော့နည်းတာဟာပုံမှန်ဖြစ်ပြီးလိင်စိတ်စွမ်းအားဟာလည်းဘဝတစ်လျှောက်မှာကွဲပြားမှု ရှိပါတယ်။ သင့်ချစ်သူနဲ့ တစ်ခါတစ်ရံလိင်မဆက်ဆံချင်တာကလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်းအချိန်အကြာကြီးလိင်စိတ်လျော့နည်းတာဟာအချို့သူတွေအတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ လိင်စိတ်လျော့နည်းခြင်းဟာမမြင်နိုင်တဲ့ ကျန်းမာရေးအခြေအနေတွေရဲ့လက္ခဏာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    အောက်ဖော်ပြပါအချက်တွေကတော့ လိင်စိတ်လျော့နည်းခြင်းကို ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။

    ၁။ ယောက်ျားဟော်မုန်းနည်းခြင်း။

    ယောက်ျားဟော်မုန်းဟာအမျိုးသားတွေအတွက် မရှိဖြစ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ ၎င်းကိုဝှေးစေ့အတွင်းမှာထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းဟာ ကြွက်သားတွေနဲ့ အရိုးတွေ သန်မာစေပြီးသုက်ပိုးထွက်ရှိမှုကိုအားပေးပါတယ်။ ဟော်မုန်းပမာဏဟာလည်းလိင်စိတ်ရရှိဖို့အတွက် အဓိကကျပါတယ်။ သင့်ယောက်ျားဟော်မုန်းပမာဏဟာ ၃၀၀ ကနေ ၃၅၀ ng/dl အောက်ကျပြီဆိုရင်တော့ သင့်မှာကျားဟော်မုန်းကျဆင်းနေပါပြီ။ သင့်ယောက်ျားဟော်မုန်းပမာဏကျဆင်းရင် သင့်လိင်စိတ်လည်းကျဆင်းတတ်ပါတယ်။

    အသက်ကြီးလာရင် ယောကျာ်းဟော်မုန်းပမာဏလည်းအလိုလိုကျဆင်းတတ်ပါတယ်။ ဒါပေမယ့် လုံးလုံးလျားလျားကျတယ် ဆိုရင်တော့ လိင်စိတ်လျော့နည်းခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ သင့်မှာဘာဖြစ်နေတယ်ဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ သင့်ဟော်မုန်းပမာဏ မြင့်မားစေဖို့ အားဖြည့်ဆေးတွေ (သို့) ဂျယ်တွေ သောက်သုံးနိုင်ပါတယ်။

    ၂။ ဆေးသောက်ခြင်း

    အချို့ဆေးတွေ သောက်သုံးခြင်းကလည်းယောက်ျားဟော်မုန်းပမာဏကိုကျဆင်းစေခြင်းကြောင့်လိင်စိတ်ကျဆင်းရပါတယ်။ ဥပမာသွေးတိုးကျဆေးဖြစ်တဲ့ ACEI နဲ့ beta blockers လိုမျိုးဟာသင့်သုက်လွှတ်ခြင်းနဲ့ လိင်တံထောင်မတ်ခြင်းကိုကန့်သတ်နိုင်ပါတယ်။ ဒါ့ကြောင့် ယောက်ျားဟော်မုန်းအားနည်းတဲ့ အချက်တွေကို ကြုံတွေ့နေပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ သူတို့ကသင့်ကိုအခြားဆေးတွေ ပြောင်းလဲပေးပါလိမ့်မယ်။

    ၃။ ခြေထောက် ဂနာမငြိမ်ဖြစ်တဲ့ ရောဂါ

    ခြေထောက် ဂနာမငြိမ်ဖြစ်တဲ့ ရောဂါဟာခြေထောက်ကိုထိန်းချုပ်မရနိုင်အောင် တစ်ချိန်လုံးလှုပ်နေတာဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရဒီရောဂါရှိတဲ့သူတွေဟာမရှိတဲ့သူတွေထက် ပန်းညှိုးရောဂါပိုမို ဖြစ်စေနိုင်ပါတယ်လို့ပြောပါတယ်။ ပန်းညှိုးရောဂါဟာအမျိုးသားတစ်ယောက် လိင်တံထောင်မတ်ခြင်းမရရှိနိုင်ခြင်း (သို့) မထိန်းချုပ်နိုင်ခြင်းတို့ ဖြစ်တဲ့အခါ ဖြစ်ပွားပါတယ်။

    လေ့လာမှုတစ်ခုမှာတော့ ခြေထောက် ဂနာမငြိမ်တာမျိုးတစ်လမှာငါးခါထက်ပိုမိုဖြစ်ပွားတတ်တဲ့ အမျိုးသားတွေဟာမဖြစ်ပွားတဲ့သူတွေထက် ပန်းညှိုးခြင်းဖြစ်ဖို့ ၅၀% ပိုများတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီလူတွေမှာ မြုံသွားတာမျိုးပိုဖြစ်နိုင်ပါတယ်။

    ၄။ စိတ်ကျခြင်း

    စိတ်ကျခြင်းဟာလူတစ်ယောက်ဘဝရဲ့ အစိတ်အပိုင်းအတော်များများကိုပြောင်းလဲပစ်နိုင်ပါတယ်။ စိတ်ကျရောဂါ ရှိသူတွေဟာသူတို့အရင်ကြိုက်နှစ်သက်တဲ့ လှုပ်ရှားမှုတွေ (လိင်ဆက်ဆံခြင်းအပါအဝင်)ကိုစိတ်ဝင်စားမှု လျော့ကျ (သို့) လုံးဝကိုစိတ်မဝင်စားပဲနေတတ်ပါတယ်။

    ထပ်ပြောရရင် လိင်စိတ်လျော့နည်းခြင်းဟာစိတ်ကျရောဂါဆေးတွေရဲ့ ဆိုးကျိုးကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် SSRI ဆိုတဲ့ ဆေးပါ။ သင့်မှာစိတ်ကျဆေးတွေသောက်နေပြီးလိင်စိတ်လျော့နည်းနေတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ သင့်ဆရာဝန်ကဆေးပမာဏပြောင်းပေးပါလိမ့်မယ်။ ဒါမှမဟုတ်လည်းနောက်ဆေးတစ်မျိုးပြောင်းပေးပါလိမ့်မယ်။

    ၅။ နာတာရှည်ရောဂါများ

    နာတာရှည် ရောဂါတစ်ခုခုကြောင့် (ဥပမာ ကြာရှည်စွာနာကျင်ခြင်း)ကြောင့် နေမကောင်းဘူးဆိုရင် လိင်ဆက်ဆံခြင်းကိုသင်နောက်ဆိုင်းထားမှာပါ။ ကင်ဆာစတဲ့ အချို့ရောဂါတွေဟာသင့်ခန္ဓါကိုယ်ကနေကောင်းဖို့ နေ့စဉ်ကြိုးစားနေတာမို့ သုက်ပိုးပမာဏကျဆင်းစေနိုင်ပါတယ်။

    နာတာရှည်ရောဂါ ရှိပြီဆိုရင် လိင်ဆက်ဆံဖော်နဲ့ အဲဒီအချိန် ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာတိုင်ပင်ပါ။ လက်ထပ်မှုဆိုင်ရာတိုင်ပင်ဆွေးနွေးသူ (သို့) လိင်မှုဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ သွားရောက်ပြသဖို့လည်းစဉ်းစားသင့်ပါတယ်။

    ၆။ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ။

    လေ့လာမှု အတော်များများကအိပ်စက်စဉ် အသက်ရှူခဏရပ်သွားတဲ့ ရောဂါ (OSA) ရှိရင် ယောက်ျားဟော်မုန်းပိုမိုနည်းပါးနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာသင့်လိင်စိတ်ကိုကျဆင်းစေပါတယ်။ လေ့လာမှုတစ်ခုမှာသုတေသီတွေကပြင်းထန်သောOSA ရောဂါ ရှိသူတွေရဲ့ တစ်ဝက်လောက်ဟာညဘက်မှာယောက်ျားဟော်မုန်းပမာဏအတော်နည်းပါးပါတယ်လို့ ဆိုပါတယ်။ သူတို့မှာအိပ်စက်ချိန်လည်းနည်းပါးတတ်ပါတယ်။

    ဒီလေ့လာမှုကယောက်ျားဟော်မုန်းကျဆင်းခြင်းဟာအသက်ကြီးတဲ့ အမျိုးသားတွေမှာအအိပ်နည်းခြင်းနဲ့ ဆက်စပ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ၇။ အသက်ကြီးလာခြင်း

    လိင်စိတ်နဲ့ ပတ်သက်တဲ့ ယောက်ျားဟော်မုန်းဟာအမျိုးသားတွေ ဆယ်ကျော်သက်မှာအများဆုံးထွက်တတ်ပါတယ်။ အမျိုးသားအများစုဟာလိင်စိတ်ကွာခြားမှုကိုအသက် ၅၅ ကနေ ၆၀ အရွယ်လောက်မှာသတိထားမိတတ်တယ်လို့ Mayo Clinic က ဆိုပါတယ်။

    အသက်ကြီးလာတဲ့အခါမှာလိင်စိတ် အထွတ်အထိပ်ရောက်ဖို့၊ သုက်ပိုးလွှတ်ဖို့နဲ့ သာယာမှုရဖို့ အချိန်ပိုကြာလာတာကိုတွေ့ရမှာပါ။ သင့်ရဲ့ လိင်တံဟာလည်းထောင်မတ်မှု သိပ်မရှိတော့ပဲအချိန်ပိုယူရတာကိုတွေ့ရမှာပါ။ ဒါပေမယ့်လည်းဒီပြဿနာတွေကိုကူညီဖြေရှင်းပေးမယ့် ဆေးတွေ ရရှိနိုင်ပါပြီ။

    ၈။ စိတ်ဖိစီးမှု

    စိတ်ဖိစီးမှု ရှိရင်လည်းလိင်စိတ်လျော့နည်းနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ဖိစီးမှုဟာဟော်မုန်းပမာဏကိုလျော့နည်းစေလို့ ဖြစ်ပါတယ်။ စိတ်ဖိစီးရင် သွေးကြောကျဉ်းလာတတ်ပါတယ်။ သွေးကြောကျဉ်းခြင်းဟာသွေးလည်ပတ်မှုကိုလျော့နည်းစေပြီးဒါဟာလိင်ထံထောင်မတ်မှုဆိုင်ရာ ပြဿနာကို ဖြစ်စေနိုငပါတယ်။ The Journal of Nervous and Mental Disease ထဲမှာပါတဲ့ လေ့လာမှုတစ်ခုကစိတ်ဖိစီးမှုဟာလိင်မှု ပြဿနာတွေ အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်လို့ ဆိုပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr . Phyu Mon Latt မှ ရေးသားသည်။ 10/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။