backup og meta

လိင်စိတ်ဆန္ဒကို ကျဆင်းစေသော အဖြစ်များသည့် အချက် ၁၀ချက်


Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်စိတ်ဆန္ဒကို ကျဆင်းစေသော အဖြစ်များသည့် အချက် ၁၀ချက်

    တစ်ခါတစ်လေ သင့်အနေနှင့် လိင်မဆက်ဆံလိုတဲ့ အချိန်တွေရှိနိုင်တယ်။ သင်နှင့် သင့်အဖော်ကြားမှာ လိင်ဆက်ဆံဖို့ စိတ်မပါတဲ့အချိန်မျိုး ရှိတတ်တယ်။ သင့်လိင်စိတ်ကိုလျော့နည်းစေတဲ့ အချက်တွေများစွာရှိတယ်။ ဒီထဲက အဖြစ်များတဲ့ ၁၀ချက်ကို အောက်တွင်ဖော်ပြထားပါသည်။

    စိတ်ဖိစီးမှု

    အလုပ်အကိုင်၊ ငွေကြေး၊ အိမ်နှင့် အိမ်နီးချင်းတွေကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်တတ်တယ်။ စိတ်ဖိစီးမှုများနေချိန်တွင် သင်ဟာ အရာရာကို အဆိုးမြင်နေတတ်တယ်။

    ဒါကြောင့် စိတ်ဖိစီးမှု ဖြစ်နေချိန်မှာ သင်ဟာလိင်မှုကိစ္စမှ ရှောင်ဖယ်နေတတ်တယ်။ သင့်စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးတယ်။ ဒီလိုအခြေအနေမှာ သင့်ကျန်းမာရေး စောက်ရှောက်သူနှင့် ဆွေးနွေးဖို့လိုအပ်တယ်။

    အိပ်ရေးပျက်ခြင်း

    သင်ဟာ လုံလောက်စွာအိပ်မပျော်ရင် ပင်ပန်းနွယ်နယ်ခြင်းကို ခံစားရနိုင်တယ်။ ပင်ပန်းနွယ်နယ်နေတဲ့အခါ လိင်စိတ်ကျစေနိုင်တယ်။ သင်အရမ်းပင်ပန်းနေတဲ့အချိန်မှာ အိပ်တာကလွဲပြီး တခြားအရာတွေကို စိတ်မဝင်စားနိုင်တော့ပါဘူး။

    ကလေးရှိခြင်း

    သင့်မှာကလေးရှိတဲ့အခါ သူတို့ကိုပြုစုဖို့၊ သူတို့နဲ့ကစားပေးဖို့၊ အစားအသောက်ကျွေးဖို့အတွက် သင့်အချိန်တွေကို သုံးရပါတယ်။ ထို့ကြောင့် သင့်မှာလိင်ဆက်ဆံဖို့အတွက် အချိန်မပေးနိုင်တာဖြစ်သွားတတ်ပါတယ်။ ကလေးထိန်းခေါ်တာက အကြံကောင်းဖြစ်ပါတယ်။ ကလေးကို ကလေးထိန်းကကြည့်ပေးခြင်းဖြင့် သင်နှင့်သင့်အဖော်ကြား လိင်ဆက်ဆံချိန်ပိုရနိုင်ပါတယ်။

    ဆေးဝါးများ

    တချို့ဆေးတွေဟာ လိင်စိတ်ကိုလျော့နည်းစေတတ်တယ်။ ဒီဆေးတွေကတော့

    • သွေးပေါင်ချိန် ထိန်းညှိပေးတဲ့ဆေးများ

    • ကင်ဆာဆေးသွင်းကုသမှုများ

    • ဟော်မုန်းကုထုံးအတွက် ဆေးနည်းများ

    • HIV အတွက်ဆေးများ

    • စိတ်ကျရောဂါသောက်ဆေးများ

    • သန္ဓေတားဆေးကဒ်များ

    ဆေးသောက်ပြီးပြီးချင်း လိင်စိတ်ကျသွားတယ်ဆိုလျှင် ဆရာဝန်နှင့် ပြသသင့်တယ်။ ဆေးသောက်ရမယ့် ပမာဏနှင့် သောက်ဆေးတွေကို ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် သောက်ရမယ့်ဆေးပြောင်းလဲခြင်းနှင့် ရပ်လိုက်ခြင်းကို ဆရာဝန်ညွှန်ကြားချက် မပါဘဲမလုပ်သင့်ပါဘူး။

    အဝလွန်ခြင်း

    တချို့သော လေ့လာမှုအရ ကိုယ်အလေးချိန်များခြင်းနှင့် အဝလွန်ခြင်းက လိင်စိတ်ကိုထိခိုက်စေနိုင်ပါတယ်။ သင်ဟာ ကိုယ်အလေးချိန်များခြင်းနဲ့ အဝလွန်ခြင်းကြောင့် သင့်ကိုယ်သင်ယုံကြည်မှုကျဆင်းနေနိုင်ပါတယ်။ ကိုယ်အလေးချိန်များခြင်းနဲ့ အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ စိတ်ရောဂါတွေကလည်း လိင်စိတ်ကျစေတဲ့ အကြောင်းရင်းတစ်ချက်ပဲဖြစ်တယ်။ ကျန်းမာတဲ့အစားအသောက်များစားခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချနိုင်တယ်။

    အရက်သောက်ခြင်း

    တစ်ခွက်၊ နှစ်ခွက်လောက်သောက်ခြင်းဟာ ပြဿနာမဟုတ်ပါဘူး။ သို့သော် အရက်သောက်တာများလွန်းပါက လိင်စိတ်ကျစေပါတယ်။ သင့်အဖော်ကလည်း အရက်သောက်ထားသူနှင့် လိင်မဆက်ဆံချင်ပါဘူး။ ဒါ့ကြောင့် သောက်တဲ့အရက်ပမာဏကို ချင့်ချိန်ပါ။

    စိတ်ဓာတ်ကျခြင်း

    သင်ဟာ စိတ်ကျဝေဒနာခံစားနေရပါက စိတ်ကျရောဂါသက်သာဆေးတွေ သောက်ရပါတယ်။ စိတ်ကျရောဂါပျောက်ဆေးတွေဟာ လိင်စိတ်ကိုကျစေပါတယ်။ အပြန်အလှန်အားဖြင့် လိင်စိတ်ကျပါက စိတ်ဓာတ်ကိုလည်းကျစေပါတယ်။ သင့်အခြေအနေအတွက် ဆရာဝန်နှင့် ဆွေးနွေးပြီး အကောင်းဆုံးအကြံဉာဏ်ကို ရယူပါ။

    သွေးဆုံးခြင်း

    သင်ဟာသွေးဆုံးချိန်ရောက်နေတဲ့အခါ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ လိင်ဆက်ဆံလျှင်နာကျင်ခြင်းတို့ကို ခံစားရနိုင်တယ်။ ဒီအခြေအနေတွေက လိင်ဆက်ဆံရာတွင် သာယာမှုကိုလျော့ကျစေတယ်။ ဒါ့အပြင် အသက်ကြီးလာသောအခါ မိမိအလှတရားနှင့်ပတ်သက်ပြီး ယုံကြည်မှုလျော့နည်းနေတတ်တယ်။ ဒါ့ကြောင့် သင့်အဖော်ရှေ့မှာ တက်ကြွတဲ့ လှုပ်ရှားမှုကိုပြဖို့ ဝန်လေးနေတတ်တယ်။

    အဖိုဟော်မုန်း(Testosterone)နည်းခြင်း

    Testosterone ဟာလိင်စိတ်ကိုတက်ကြွစေတဲ့ ဟော်မုန်းဖြစ်တယ်။ အမျိုးသားတွေ အသက်ကြီးလာသောအခါ testosterone ပမာဏလျော့နည်းပြီး လိင်စိတ်ကျဆင်း သွားတတ်တယ်။ Testosterone ပမာဏလျော့နည်းခြင်းဟာ အမျိုးသားရော အမျိုးသမီးများရောအပေါ်တွင် သက်ရောက်မှုရှိတယ်။

    သင့်နှင့် သင့်အဖော်ရဲ့ဆက်ဆံရေး ပြဿနာ

    အကယ်၍သင်တို့ ဆက်ဆံရေးတွင်ပြသနာတစ်ခုရှိပါက သင်တို့၂ယောက်လုံး လိင်ဆက်ဆံလိုစိတ်ရှိမှာမဟုတ်ပါဘူး။ ပြေလည်အောင်ကြိုးစားကြည့်ပါ။ သင်နှင့်သင့်အဖော်ကြား ပြေလည်အောင်အပြန်အလှန်ကြိုးစားခြင်းဟာ ပြဿနာတွေကိုပြေလည်စေနိုင်ပါတယ်။ အတွေးအခေါ်တွေနှင့် ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။

    ကိုယ်နှင့် စိတ်အခြေအနေအားလုံးဟာ သင့်လိင်ကိစ္စအပေါ်သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီအချက် ၁၀ချက်ကို သိခြင်းဖြင့် သင့်ရဲ့သာယာပျော်ရွှင်စရာကောင်းတဲ့ လိင်ဆက်ဆံမှုကို ရရှိနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement