သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

လိင်ဆက်ဆံမှုတစ်ခုအတွက်ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

လိင်ဆက်ဆံမှုတစ်ခုအတွက်ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

ကျား မဆက်ဆံကြတဲ့ လိင်ကွဲဆက်ဆံမှုဖြစ်စေ၊ Gay၊ Lesbian စတဲ့ လိင်တူဆက်ဆံခြင်းမျိုးဖြစ်စေ ဘယ်လိုဆက်ဆံပုံမျိုးမှာမဆို လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ ခံစားရ နိုင်တာပါပဲ။မလိုလားအပ်တဲ့ ကိုယ်ဝန်ပြဿနာတွေဖြစ်လာနိုင်တာကိုလည်း ကြိုတင်စဉ်းစားစရာပါပဲ။ မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးဆေးဝါးပါပဲ။ လိင်ဆက်ဆံမှုတစ်ခုရဲ့နောက်ကွယ်က ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုအောက်ဖော်ပြပါနည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံးလျှော့ချလိုက်ပါ။

(၁) ကာကွယ်ဆေးထိုးပါ။

အထူးသဖြင့်

  • အသည်းရောင်အသားဝါအေ ကာကွယ်ဆေး
  • အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး
  • သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး

အသည်းရောင်အသားဝါအေဗိုင်းရပ်စ်ပိုးဟာ အစာလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ပါတယ်။ လိင်ကနေလည်း ကူးစက်ပါတယ်။ အသည်းရောင်အသားဝါအေ ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာတော့ တွင်တွင် ကျယ်ကျယ်မထိုးကြသေးပါဘူး။

သွေးအပါအဝင် ခန္ဓာကိုယ်ကထွက်လာတဲ့ အရည်တွေကတစ်ဆင့်ကူးစက်နိုင်တာကတော့ အသည်းရောင်အသားဝါဘီရောဂါပါ။ မြန်မာနိုင်ငံရဲ့ တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းစဉ်မှာလည်း အသည်းရောင်အသားဝါဘီကာကွယ်ဆေးကို ထည့်သွင်းထိုးနှံပေးပါတယ်။ ကာကွယ်ဆေးဟာ အာနိသင်ကိုပြန်လည်တိုးမြှင့်ပေးရန်လိုတာမို့ Booster Dose အနေနဲ့ထပ်မံထိုးထားဖို့လိုအပ်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ကာထိုးထားသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကတော့ အမျိုးသမီးတွေအတွက် အဓိကပါ။ လိင်ဆက်ဆံဖို့ အလားအလာရှိနေသရွေ့ ထိုးထားသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းစဉ် မှာလည်း အသက်ကိုးနှစ်မှာတစ်ခါ၊ ဆယ်နှစ်မှာတစ်ခါဆိုပြီး နှစ်ကြိမ် ထည့်သွင်းထိုးနှံပေး နေပါပြီ။ မိမိဟာ လိင် ဆက်ဆံမှုပြုလုပ်နိုင်တဲ့အရွယ်ဆိုရင်တော့ ကြိုတင်ထိုးထားသင့်ပါတယ်။

(၂) Pre Exposure Prophylaxis (PrEP) ကြိုသောက်ပါ။

PrEP ဆိုတာ HIV ပိုးကူးစက်နိုင်ခြေကိုလျှော့ချပေးတဲ့ဆေးပါ။ မိမိရဲ့ပါတနာဟာ ကံအကြောင်း မလှစွာနဲ့ HIV ပိုးရှိနေနိုင်ပါတယ်။ မိမိရဲ့ အိမ်ထောင်ဖက်ဟာမိမိရဲ့ တစ်ဦးတည်းသော ပါတနာ ဆိုရင်တော့ ဒီအချက်ချန်ထားခဲ့နိုင်ပါတယ်။

ဘယ်သူတွေသောက်သုံးသင့်သလဲ

  • HIV ပိုးရှိသူနဲ့လိင်ဆက်ဆံမယ်ဆိုရင်
  • ကွန်ဒုံးကိုအမြဲမသုံးရင်
  • လွန်ခဲ့တဲ့ခြောက်လအတွင်းလိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးမျိုးဖြစ်ခဲ့ဖူးရင်
  • အကြောထဲဆေးထိုးတဲ့နည်းဖြင့်မူးယစ်ဆေးဝါးသုံးစွဲတတ်သူတစ်ဉီးနဲ့ လိင်ဆက်ဆံမယ်ဆိုရင်
  • မိမိဟာ လိင်တူဆက်ဆံတဲ့ Gay တစ်ဉီးဖြစ်ခဲ့မယ်ဆိုရင်

အထက်ပါအချက်တွေနဲ့ကိုက်ညီရင်သောက်သင့်ပါတယ်။ လိင်တူဆက်ဆံသူ Gay တွေဟာ သာမန်လူတွေထက် HIV ပိုးကူးစက်ဖို့အလားအလာရှိသူတွေမို့ PrEP ကြိုသောက် သုံးထားဖို့ လို ပါ လိမ့်မယ်။ PrEP ဟာ HIV တစ်မျိုးထဲကိုပဲကာကွယ်နိုင်တာပါ။ ၉၀ ကနေ ၉၉ ရာခိုင်နှုန်းထိ ကာကွယ် ပေးပါတယ်။အခြားသောလိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကိုတော့ မကာကွယ် ပေးနိုင်ဘူး ဆိုတာသတိချပ်စေချင်ပါတယ်။

PrEP ဟာအထက်ပါအချက်တွေနဲ့ကိုက်ညီနေသရွေ့သောက်ရမှာပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်ပါ။ ဆေးကိုအခမဲ့ထုတ်ယူနိုင်တဲ့အဖွဲ့အစည်းတွေရှိပါတယ်။

PrEP မသောက်ထားဘဲ HIV ရောဂါပိုးကူးစက်နိုင်တဲ့လိင်ဆက်ဆံမှုတစ်ခုပြုလုပ်မိခဲ့ရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ပြီး Post Exposure Prophylaxis (PEP) ဆိုတဲ့ထိတွေ့မှုအပြီး သောက်သုံး သင့်တဲ့ HIV ကာကွယ်ဆေးကို (၇၂) နာရီအတွင်းသောက်ပါ။

(၃)တားဆေးသုံးပါ။

ကိုယ်ဝန်ရဖို့အတွက် မမျိုးဉနဲ့ ဖိုသုက်ပိုးတို့လိုပါတယ်။ ဒီတော့ မိန်းမနဲ့ယောကျာ်းလိင်ဆက်ဆံမှု မှန်သမျှကိုယ်ဝန်ရနိုင်တာမို့ မလိုချင်သေးရင်တားဆေးသုံးထားဖို့လိုအပ်ပါတယ်။ သန္ဓေတားဆေး အမျိုးအစားတွေရှိတာကြောင့် မိမိနဲ့ကိုက်ညီတဲ့အမျိုးအစားကိုဆရာဝန်နဲ့တိုင်ပင်ပြီးသုံးနိုင်ပါတယ်။ တားဆေးမသုံးမိဘဲလိင်ဆက်ဆံမိခဲ့ရင်တော့ (၇၂)နာရီအတွင်းအရေးပေါ်တားဆေးသုံးနိုင်ပါတယ်။ ခဏခဏသုံးလို့တော့မကောင်းပါဘူး။

(၄) ကွန်ဒုံးဆောင်ထားပါ။

ကွန်ဒုံးဟာ HIV တင်မကဘဲ တခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကို ကာကွယ် ပေးနိုင်တာကြောင့် စိတ်ချရတဲ့ လိင်ဆက်ဆံမှုတစ်ခုကိုပေးစွမ်းနိုင်ပါတယ်။

မည်သို့ပင်ဆိုစေကာမူကာကွယ်ခြင်းဟာကုသခြင်းထက်ကောင်းပါတယ်။ လိင်ဆက်ဆံတယ် ဆိုတာပျော်ရွှင်မှုစိတ်ကျေနပ်မှုကိုဖန်တီးဖို့ပါ။ ဒီတော့စိတ်ကျေနပ်မှုအပြည့်အဝရပြီး စိုးရိမ်ပူပန်မှု တွေ ရှိမနေဖို့ ကြိုတင်ပြင်ဆင်လိုက်ပါ။ ကျန်းမာသာယာတဲ့ ဘဝကိုပိုင်ဆိုင်ရယူလိုက်ပါ။

ရေးသားသူ- ဒေါက်တာမှူးခင်

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 14/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။