backup og meta

ကွန်ဒုံးကြားက အမှန်၊ အမှားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ဒုံးကြားက အမှန်၊ အမှားများ

    ခုချိန်အထိ ကွန်ဒုံးလို့ ပြောလိုက်ရင် ဟင်ခနဲ့ဖြစ်ပြီး မျက်နှာမဲ့သွားမယ့်လူတွေ ရှိနေကြဆဲပါ။ ကွန်ဒုံးဟာ လိင်ဆက်ဆံရာမှာ မလိုအပ်တဲ့ ပစ္စည်းတစ်ခုလို တွေးမြင်နေကြတာတွေ၊ ကွန်ဒုံးကို လူမြင်သူမြင်ဝယ်ယူရမှာကို ရှက်ရွံ့နေကြတာတွေလည်း ရှိနေတုန်းပါပဲ။

    မြန်မာ့ လူမှုအသိုင်းအဝိုင်းမှာ လိင်ကိစ္စနဲ့ ပတ်သက်တာတွေဟာ လူကြားသူကြား၊ လူမြင်သူမြင်မှာ မပြုမူ မပြောဆိုသင့်တာတွေလို့ လက်ခံထားကြတာကြောင့် ကွန်ဒုံးအသုံးပြုတာ၊ ဝယ်ယူတာတွေ၊ ကွန်ဒုံးအကြောင်းပြောဆိုတာတွေကလည်း သိသာသိစေ မမြင်စေနဲ့ဆိုသလို အခြေအနေမျိုး ဖြစ်နေဆဲလို့ ဆိုရမှာပါပဲ။

    ကွန်ဒုံးတွေက မလိုလားအပ်ပဲ ကိုယ်ဝန်ရတာနဲ့ STD (sexually transmitted diseases) လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှတဆင့် ဖြစ်ပွားတဲ့ ရောဂါတွေကို တားဆီးနိုင်ဖို့ အကူအညီပေးပါတယ်။ ဒါကို လူတိုင်း မဟုတ်ရင်တောင်မှ လူအများစု သိနေကြပါပြီ။

    အရင်ခေတ်ကလို ကွန်ဒုံးသုံးနည်း ပညာပေးတဲ့ ကျန်းမာရေးဆရာလေးက ကွန်ဒုံးဆိုတာ ဒီလိုစွပ်ရတယ်ဆိုပြီး ရွာထိပ်က ဘူးစင်က ဝါးလုံးတန်းမှာ စွပ်ပြတာ တစ်ရွာလုံး ညအိပ်ခါနီးတိုင်း ဘူးစင်မှာ လာစွပ်တာမျိုး ဘယ်သူမှမလုပ်ကြတော့ပါဘူး။

    ဒါပေမယ့် လူတချို့အတွက်ကတော့ ကွန်ဒုံးဆိုတာ ဘယ်နေရာမှာသုံးရတယ်ဆိုတာကလွဲပြီး ပိုမသိတာတွေ ရှိနေဆဲပါ။ အထူးသဖြင့် ယုံတမ်းတွေ၊ အယူအဆမှားတွေကို လက်ကိုင်ထားပြီး လွဲမှားစွာ အသုံးပြုတာတွေလည်း ရှိနေပါသေးတယ်။

    ဒီဆောင်းပါးမှာတော့ ကွန်ဒုံးနဲ့ ပတ်သက်ပြီး လူတွေအမြင်မှားနေတဲ့ အကြောင်းအရာတွေအကြောင်း ပြောပြပေးသွားမှာပါ။

    ဘာလဲဟဲ့ ကွန်ဒုံးဆိုတာ

    ကွန်ဒုံးဆိုတာက ၁၆၄၂ ခုနှစ်ကတည်းက တည်ရှိလာခဲ့တဲ့ သန္ဓေတားနည်းလမ်းတစ်ခုပါ။ အသုံးပြုရတာလည်း လွယ်ကူသလို၊ စရိတ်စကကုန်ကျမှုလည်း နည်းပါးပြီး ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်းလမ်းတစ်ခုလို့ ဆိုရပါမယ်။

    ကွန်ဒုံးဟာ အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကွန်ဒုံးတွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အသုံးပြုမယ်ဆိုရင် နှစ်ခုက သွားကပ်နေပြီး တခြားတစ်ခုကို နေရာကနေ လွဲအောင်လုပ်လိုက်တာမျိုး၊ ပြဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် ကွန်ဒုံး အသုံးပြုရာမှာ အမျိုးသားသုံးကွန်ဒုံးကို အသုံးပြုရတာ ပိုအဆင်ပြေတာမို့ လူသိလည်းပိုများပါတယ်။ ဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရတာကလည်း အမျိုးသားသုံး ကွန်ဒုံးပါပဲ။

    ကွန်ဒုံးကြားက အမှန်၊ အမှားများ

    ခုဆက်လက်ဖော်ပြမယ့် ကွန်ဒုံးနဲ့ သက်ဆိုင်တဲ့ အယူအဆမှားတွေ၊ ယုံတမ်းတွေဟာ လူသုံးများလှတဲ့ အမျိုးသားသုံး ကွန်ဒုံးတွေကို အခြေခံပြီး ဖော်ပြထားတာဖြစ်ပါတယ်။ အောက်ပါ ဖော်ပြချက်တွေကြောင့်လည်း လိင်ဆက်ဆံရာမှာ လွဲမှားနေတဲ့ အယူအဆမှားတွေကို နားလည်သဘောပေါက်သွားလိမ့်မယ်လို့ ယူဆပါတယ်။ ကဲ …. ကွန်ဒုံးကြားက အမှန်၊ အမှားများ ကို ဆက်လေ့လာလိုက်ရအောင်နော်။

    Myth: ကွန်ဒုံးဝယ်ဖို့ အသက် ၁၈ နှစ်ပြည့်ဖို့ လိုတယ်။

    ကွန်ဒုံးဝယ်ယူဖို့အတွက် အသက်အရွယ် ကန့်သက်ချက်မရှိပါဘူး။ နီးစပ်ရာ Grocery Store တွေကနေစလို့ ဆေးဆိုင်တွေအထိ နေရာတိုင်းမှာ ဝယ်ယူလို့ ရနေပါပြီ။

    Myth: ကွန်ဒုံး ၂ ခု ထပ်သုံးရင် စိတ်ချရတယ်။

    နှစ်ထပ်သုံးလို့ နှစ်ဆ မကာကွယ်နိုင်ပါဘူး။ နှစ်ခု အချင်းချင်းပွတ်ပြီး ကျွတ်ထွက်ဖို့ အခွင့်အလမ်းပိုများပါတယ်။ အကောင်းဆုံးနည်းလမ်းက အရည်အသွေးစိတ်ချရပြီး ပေါက်ပြဲမှုမဖြစ်နိုင်တဲ့ အမျိုးအစားကို ရွေးချယ်အသုံးပြုတာပါပဲ။

    Myth: ကွန်ဒုံးတွေဟာ အလွယ်တကူ ပေါက်နိုင်တယ်။

    ကွန်ဒုံးတွေဟာ အလွယ်တကူ မပေါက်ပြဲနိုင်ပါဘူး။ လေ့လာချက်တွေအရ ကွန်ဒုံးအသုံးပြုသူတွေရဲ့ ၂% သာ ပေါက်ပြဲတာမျိုး၊ ကျွတ်ထွက်တာမျိုး ကြုံရတတ်ပါတယ်။ စတင်စွပ်ချိန်ကတည်းက စနစ်တကျနဲ့ လေမဝင်အောင် စွပ်ဖို့သာ လိုအပ်တာပါ။ နောက်ပြီး ချွန်ထက်တဲ့ လက်သည်း၊ လက်ဝတ်ရတနာ၊ သွားတွေနဲ့ မထိမိအောင် ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။ ကွန်ဒုံးထိပ်က အဖုလေးကို တမင်တကာ အတင်းဖျစ်ညှစ်တာမျိုး မလုပ်မိဖို့ရောပဲပေါ့။

    Myth: ကွန်ဒုံးတွေဟာ သားဆက်ခြားဖို့ တစ်ခုတည်းသော စိတ်ချရတဲ့နည်းလမ်းတစ်ခုဖြစ်တယ်။

    ကွန်ဒုံးဟာ စိတ်ချရတဲ့ သားဆက်ခြားနည်းလမ်းဖြစ်ပေမယ့် တစ်ခုတည်းသော ရွေးချယ်စရာတော့မဟုတ်ပါဘူး။ သားဆက်ခြားဖို့အတွက် ရွေးချယ်စရာတွေက တော်တော်လေးများပါတယ်။

    • သန္ဓေတားသောက်ဆေး
    • ၁ လခံ၊ ၃ လခံ သန္ဓေတားထိုးဆေး
    • အရေးပေါ်သန္ဓေတားသောက်ဆေး
    • လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း
    • သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းစတဲ့ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။

    Myth: ကွန်ဒုံး သုံးစွဲရင် ချောဆီထပ်လိုမယ်။

    ချောဆီအသုံးပြုတာက ကောင်းမွန်ပေမယ့် ကွန်ဒုံးအများစုမှာ ချောဆီပါဝင်သလို အရမ်းအဆီရွှဲနေရင်လည်း ကွန်ဒုံးကျွတ်တာတွေ ဖြစ်နိုင်တာမို့ ဒီအချက်ကလည်း မှားယွင်းနေတဲ့ ယူဆချက်တစ်ခုသာဖြစ်ပါတယ်။

    Myth: ကွန်ဒုံးကြောင့် ပြီးမြောက်မှုကို ထိခိုက်နိုင်တယ်။

    ကွန်ဒုံးကြောင့် ပြီးမြောက်မှုကို မထိခိုက်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်အရွယ်အစားနဲ့ ကိုက်ညီတာကိုတော့ စနစ်တကျ ရွေးချယ်အသုံးပြုဖို့ လိုအပ်ပါတယ်။ သေးလွန်းတာ၊ ချောင်ပွလွန်းတာတွေဖြစ်လာရင် အမျိုးအစား၊ အရွယ်အစား ပြောင်းလဲ အသုံးပြုဖို့တော့ လိုအပ်ပါတယ်။

    Myth: ကျွန်တော့် ကောင်မလေးက တားဆေးသုံးနေတယ်၊ ကွန်ဒုံးမလိုအပ်ဘူး ။

    သန္ဓေတားဆေးကြောင့် ကိုယ်ဝန်ရရှိနိုင်ခြေကို လျှော့ချပေးနိုင်ပေမယ့် STI (လိင်ဆက်ဆံရာမှတဆင့် ကူးစက်တတ်သော ရောဂါများ) ကူးစက်မှုမဖြစ်အောင်တော့ မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် ကွန်ဒုံးကို မဖြစ်မနေ သုံးဖို့ လိုအပ်ပါတယ်။

    Myth: အလွှာခြားရင် ကမ္ဘာခြားလိမ့်မယ်။

    လူတချို့က ကွန်ဒုံးအသုံးပြုရင် တစ်ဖက်လူ စိတ်ကျေနပ်မှုမရဘူးလို့ ယုံကြည်ထားကြတယ်။ တကယ်တော့ ကွန်ဒုံးကြောင့် တစ်ဖက်ဆက်ဆံဖော်ရဲ့ စိတ်ခံစားမှုအပေါ် သက်ရောက်မှုမရှိပါဘူး ကိုယ်သူ့ကို ဘယ်လိုပြုစုယုယတယ်ဆိုတာကသာ အဓိက အချက်ပါ။

    Myth: ပါးစပ်နဲ့ဆက်ဆံ (Oral Sex) ရင် ကွန်ဒုံးမလိုဘူး။

    လိုအပ်ပါတယ်။ ပါးစပ်ကနေတဆင့်လည်း ကူးစက်ရောဂါတွေ ကူးစက်နိုင်တာကို မမေ့ပါနဲ့။ ဂနို (Gonorrhea) ၊ ကလမိုင်းဒီးယား (Chlamydia) နဲ့ ရေယုန် (Herpes) တို့ဟာ Oral Sex ကနေတဆင့် ကူးစက်နိုင်ပါတယ်။

    Myth: ကျွန်တော်က ခပ်သန့်သန့်လေးတွေနဲ့ပဲ အိပ်တာ၊ ကွန်ဒုံးမလိုဘူး ။

    မြင်ရုံနဲ့ သန့်တယ်လို့ မဆိုသာပါဘူး။ အပြင်ပန်းသဏ္ဍာန် ဘယ်လောက် သန့်ပြန့်သပ်ရပ်နေပါစေ၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကပ်ငြိနေနိုင်တဲ့ ရောဂါဘယတွေ၊ ကူးစက်ပိုးမွှားတွေကို ဘယ်သူမှ မျက်စိနဲ့ မြင်နိုင်စွမ်းမရှိတာကြောင့် ကွန်ဒုံးမဖြစ်မနေ အသုံးပြုဖို့ လိုအပ်ပါတယ်။

    Myth: ဘယ်ကွန်ဒုံး သုံးသုံး စိတ်ချရတယ်။

    မှားပါတယ်။ ကွန်ဒုံးတိုင်း စိတ်မချရပါဘူး။ စိတ်ချရတယ်လို့ မှတ်ချပြုခံရတဲ့ ကွန်ဒုံးကို ရွေးချယ်ဝယ်ယူရမှာဖြစ်သလို အသုံးမပြုခင်မှာလည်း စစ်ဆေးဖို့ လိုအပ်ပါသေးတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement