backup og meta

နာတာရှည်အဆုတ်ရောဂါ (COPD) လူနာများအတွက် ဆေးငွေ့ရှူစက် (nebulizer) အသုံးပြုနည်း

ဆေးငွေ့ရှူစက် (nebulizer) ဆိုတာတာ ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်အဆုတ်ရောဂါ (COPD) စတဲ့ အဆုတ်ရောဂါတွေကို ကုသရာမှာ အသုံးဝင်တဲ့စက်တစ်မျိုး ဖြစ်ပါတယ်။ ဒီစက်ဟာ လူနာရှူရမယ့် ဆေးအရည်ကို အငွေ့ပုံစံပြောင်းလဲပေးမှာဖြစ်ပြီး ရှူဆေးဘူး (inhaler) တွေမှာ ပါဝင်တဲ့ဆေးအမျိုးအစားကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုအတွက် (အထူးသဖြင့် ကလေးငယ်တွေအတွက်) nebulizer ဟာ inhaler ထက် အသုံးပြုရပိုမိုလွယ်ကူတဲ့ ကိရိယာတစ်ခုပဲ ဖြစ်ပါတယ်။

စားပွဲပေါ်တင်ထားနိုင်တဲ့ nebulizer အကြီးနဲ့ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ nebulizer အသေးဆိုပြီး nebulizer နှစ်မျိုးရှိပါတယ်။ နှစ်မျိုးလုံးက အရွယ်အစားကွာခြားရုံကလွဲပြီး ပါဝင်တဲ့ပစ္စည်းအားလုံး အတူတူပဲဖြစ်ပါတယ်။ Nebulizer မှာ လေဖိအားပေးကိရိယာ၊ ဆေးရည်ထည့်ဖို့ခွက်၊ ၎င်းတို့ကြားဆက်သွယ်ပေးထားတဲ့ ပြွန်ငယ်နဲ့ ဆေးရှူဖို့ကိရိယာ တစ်ခုစီ ပါဝင်ပါတယ်။

အချို့ကတော့ nebulizer ထက် သွားလေရာသယ်ဆောင်သွားနိုင်တဲ့ inhaler ကို ပိုသဘောကျကြပါတယ်။ နှစ်မျိုးလုံးကတော့ သင့်အတွက်လိုအပ်တဲ့ ဆေးကို ထိရောက်စွာပေးစွမ်းနိုင်ပေမယ့် အသုံးပြုရမယ့် နည်းစနစ်ချင်းယှဉ်လိုက်ရင် nebulizer အသုံးပြုရတာက ပိုမိုရှင်းလင်းလွယ်ကူပါလိမ့်မယ်။ ဘယ်ကိရိယာကို ရွေးချယ်ရမလဲဆိုတာကတော့ အသုံးပြုရမယ့် ဆေးဝါးနဲ့ nebulizer အသုံးပြုရတာက သင့်အတွက် အဆင်ပြေခြင်းရှိမရှိဆိုတာအပေါ် မူတည်ပါလိမ့်မယ်။

Nebulizer က ဘယ်လိုအလုပ်လုပ်သလဲ

အထက်မှာပြောခဲ့သလိုပဲ Nebulizer က ဆေးရည်ကို အငွေ့အဖြစ်ပြောင်းပေးပြီး လေဖိအားပေးကိရိယာနဲ့ ဆေးရှူတဲ့ ကိရိယာကတဆင့် သင်ရှူရှိုက်နိုင်အောင် ပြင်ဆင်ဖန်တီးထားတာ ဖြစ်ပါတယ်။ Nebulizer က ရရှိတဲ့ ဆေးကို ခန္ဓါကိုယ်က ဖြည်းဖြည်းချင်းစုပ်ယူမှာဖြစ်တဲ့အတွက် သင့်အနေနဲ့ ၁၀ မိနစ်ကနေ ၁၅မိနစ်အထိ ငြိမ်ငြိမ်ထိုင်နေဖို့ လိုအပ်ပါတယ်။

Nebulizer ဟာ အသုံးပြုရလွယ်ကူတဲ့အတွက် COPD လူနာတွေမှာ အများဆုံးသုံးလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ Inhaler အသုံးပြုဖို့ဆိုရင် အသက်ပြင်းပြင်းရှိုက်ရှူဖို့ လိုတဲ့အတွက် အသက်ပြင်းပြင်းမရှူနိုင်တဲ့ COPD ရောဂါ ရုတ်တရက်ဖောက်တဲ့ လူနာတွေအတွက် nebulizer က ပိုသင့်တော်ပါတယ်။

Nebulizer ကို ဘယ်လိုအသုံးပြုရမလဲ

Nebulizer အများစုမှာ လေဖိအားပေးကိရိယာ ပါဝင်ပေမယ့် အသံရဲ့တုန်ခါမှုကို အသုံးပြုတဲ့ ultrasonic nebulizer တွေလည်း ရှိပါတယ်။ ဒီ nebulizer တွေကတော့ အသံဆူညံမှုနည်းပေမယ့် တန်ကြေးပိုကြီးပါတယ်။

  • Nebulizer အသုံးပြုပုံအဆင့်ဆင့်

အဆင့် ၁ – လေဖိအားပေးကိရိယာကို မီးပလပ်ပေါက်နဲ့နီးတဲ့ ပြင်ညီမျက်နှာပြင်တစ်ခုပေါ် ချပါ

အဆင့် ၂ – Nebulizer ၏ အစိတ်အပိုင်းအားလုံး သန့်ရှင်းမှုရှိမရှိ စစ်ဆေးပါ

အဆင့် ၃ – ဆေးဘူးကို မကိုင်တွယ်မီ လက်သေချာဆေးပါ

အဆင့် ၄ – ဆေးခွက်ထဲသို့ ဆေးရည်ဖောက်ထည့်ပါ။ အပြင်သို့ မဖိတ်စင်စေရန် ဆေးရည်ခွက်ကို ကျပ်နေအောင်ပိတ်ပြီး ဆေးရှူကိရိယာကို အပေါ်အောက်တည့်တည့်ကိုင်ပါ။

အဆင့် ၅ – ရောပြီးသားဆေးရည်ဖြစ်လျှင် nebulizer ရဲ့ ဆေးခွက်ထဲ တန်းထည့်ပါ။ မရောရသေးတဲ့ဆေးရည်ဖြစ်ရင် ပမာဏမှန်ကန်အောင် သေချာတိုင်းတာပြီးမှ ဆေးခွက်ထဲထည့်ပါ။

အဆင့် ၆ – ဆေးငွေ့သယ်ပို့ပေးမယ့် ပိုက်ကို လေဖိအားပေးကိရိယာနဲ့ ချိတ်ဆက်ပါ။

အဆင့် ၇ – ၎င်းပိုက်ကို ဆေးခွက်၊ ဆေးရှူကိရိယာတို့နဲ့ ချိတ်ဆက်ပါ။

အဆင့် ၈ – Nebulizer ခလုတ်ဖွင့်ကြည့်ပြီး အငွေ့ထွက်မထွက် စစ်ဆေးပါ။

အဆင့် ၉ – ဆေးရှူကိရိယာကို ပါးစပ်ထဲထည့်ပြီး နှုတ်ခမ်းဖြင့် လုံနေအောင်အုပ်ပြီး ရှူပါ ဒါမှမဟုတ် mask နဲ့ရှူမယ်ဆိုရင် mask ကို နှာခေါင်းရောပါးစပ်ပါ အကြားအလပ်မရှိ လုံနေအောင်အုပ်ပြီး ရှူပါ။ ဒါမှသာ ဆေးငွေ့အားလုံး အဆုတ်ဆီ ပြည့်ပြည့်၀၀ရောက်ရှိမှာ ဖြစ်ပါတယ်။

အဆင့် ၁၀ – ဆေးကုန်သွားတဲ့အထိ ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်လုပ်ပါ။ ၁၀ မိနစ်မှ ၁၅မိနစ်ခန့်ကြာအောင် ရှူပေးပါ။ အချို့လူတွေကတော့ နှာခေါင်းကို ညှပ်ထားပြီး ပါးစပ်မှရှူနိုင်အောင် ကြိုးစားကြပါတယ်။

အဆင့် ၁၁ – ဆေးရည်ထည့်ထားတဲ့ခွက်ကို ဆေးရှူနေတဲ့အချိန်တလျှောက် တည့်တည့်မတ်မတ်ထားပါ။

အဆင့် ၁၂ – အားလုံးပြီးသွားတဲ့အခါ စက်ကိုပြန်ပိတ်ပါ။

မိမိ nebulizer ကို ဘယ်လိုဂရုစိုက်ရမလဲ

Nebulizer အသုံးပြုပြီးတိုင်း ရောဂါပိုးကူးစက်ခံရခြင်းမှ ကာကွယ်ဖို့နဲ့ ဘက်တီးရီးယားပိုးမွှားများ မပေါက်ပွားစေဖို့ nebulizer ကို သေသေချာချာ ဆေးကြောသန့်စင်သင့်ပါတယ်။ Nebulizer ကတဆင့် လေရှူသွင်းရတာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးမွှား အလွယ်တကူကူးစက်ခံရနိုင်ချေ ရှိပါတယ်။ Nebulizer ကို သန့်ရှင်းရေးလုပ်ရာမှာ tubing လို့ခေါ်တဲ့ လေပြွန်ကိုတော့ ဆေးကြောဖို့မလိုပါဘူး။ Tubing ရဲ့ အတွင်းထဲအထိ သန့်စင်အောင်ဆေးကြောဖို့ မလွယ်ကူတဲ့အတွက် tubing အသစ်တစ်ခုနဲ့ ပုံမှန်လဲလှယ်ပေးရင် လုံလောက်ပါတယ်။ Nebulizer ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်အောင် အချိန်ပေးပြီး သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။ သန့်ရှင်းရေးမလုပ်ခင် ပလပ်ဖြုတ်ထားဖို့လည်း လုံးဝမမေ့ပါနဲ့။

Nebulizer အသုံးပြုပြီးတိုင်း အောက်ပါအဆင့်များအတိုင်း လိုက်နာဆောင်ရွက်ပါ။

  • ဆေးရှူကိရိယာနဲ့ ဆေးထည့်ခွက်ကို ဖြုတ်ပြီး ရေနွေးနွေးနဲ့ ဆေးကြောပါ
  • ၎င်းတို့ကို သန့်ရှင်းတဲ့ အဝတ်စပေါ်တင်ပြီး အခြောက်ခံပါ
  • စက်ရဲ့အစိတ်အပိုင်းအားလုံး ခြောက်သွေ့စေဖို့ nebulizer ကို ပြန်လည်တပ်ဆင်၊ ခလုတ်ဖွင့်ပြီး စက္ကန့် ၂၀ခန့်ထားပါ
  • စက်ကိုပလပ်ဖြုတ်ပြီး နောက်တစ်ကြိမ် အသုံးမပြုခင်အထိ သေချာစွာဖုံးအုပ် သိမ်းဆည်းထားပါ

သင့်ဆရာဝန်က ညွှန်ကြားပေးတဲ့ ဆေးရည်တစ်ခုခုထဲမှာဖြစ်စေ၊ ဗီနီဂါအဖြူတစ်စ၊ ရေနွေးသုံးစရောထားတဲ့ ပျော်ရည်ထဲမှာဖြစ်စေ စက်ရဲ့အစိတ်အပိုင်းတွေကို စိမ်ပြီး ပိုးသတ်နိုင်ပါတယ်။

ဒါတင်သာမက nebulizer မှာပါတဲ့ filter ကိုလည်း လဲလှယ်ပေးဖို့ လိုအပ်နိုင်ပါတယ်။ ဘယ်အချိန်မှာလဲလှယ်သင့်သလဲဆိုတာ nebulizer စက် အသုံးပြုပုံအညွှန်းမှာ ဖတ်ကြည့်ပြီး လိုက်နာဆောင်ရွက်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nlm.nih.gov/medlineplus/ency/patientinstructions/000699.htm

http://www.healthline.com/health/asthma-nebulizer-machine#Overview1

ယခုပုံစံ

18/01/2022

Dr. Ye Mhan Linn မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ

အဆုတ်ပြည်တည်နာ သိကောင်းစရာ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Ye Mhan Linn မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement