home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လူစုလူဝေးနဲ့ ပွဲအခမ်းအနားတွေမှာ ရာသီတုပ်ကွေးမကူးစက်အောင် မမေ့သင့်တဲ့ အဓိက (၅) ချက်

လူစုလူဝေးနဲ့ ပွဲအခမ်းအနားတွေမှာ ရာသီတုပ်ကွေးမကူးစက်အောင် မမေ့သင့်တဲ့ အဓိက (၅) ချက်

အများအားဖြင့် ကျန်းမာရေးအသိပေးထားကြတဲ့ ရာသီတုပ်ကွေးကူးစက်မခံရအောင် ကာကွယ်ရမယ့်အချက်တွေထဲမှာ လူစုလူဝေးနဲ့ လူစည်ကားတဲ့နေရာတွေကိုရှောင်ရမယ်ဆိုတာပါတယ်။ ဒါပေမယ့် လူစုလူဝေးများတဲ့နေရာတွေကို မဖြစ်မနေသွားရတော့မယ်၊ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အရေးကြီးပွဲအခမ်းအနားတွေကို သွားရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

နှာခေါင်းစည်းတပ်ပြီးသွားလိုက်ရင်ဘေးကင်းပြီလား။ မဟုတ်ပါဘူး၊ ဒီလောက်နဲ့မရပါဘူးနော်။ လူတစ်ယောက်နဲ့တစ်ယောက် ရာသီတုပ်ကွေးကူးစက်နိုင်တဲ့ နည်းလမ်းတွေအများကြီး ရှိပါသေးတယ်။

ဘယ်လိုကူးစက်နိုင်သလဲ

ရောဂါရှိနေသူကချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ လေထုထဲရောက်လာတဲ့အမှုန်တွေကနေ ကူးတာပါ။ တုပ်ကွေးဗိုင်းရပ်စ်ပါတဲ့လေတွေကို ရှူရှိုက်မိတဲ့အခါ ဒါမှမဟုတ် ဗိုင်းရပ်စ်ကပ်ငြိကျန်နေတဲ့ မျက်နှာပြင်တစ်ခုခုဆီကနေ မျက်လုံး၊နှာခေါင်းနဲ့ ပါးစပ် စတာတွေဆီကို ကူးစက်ရရှိနိင်ပါတယ်။ လက္ခဏာမပြခင် တစ်ရက်မှာတည်းက ကူးစက်ပိုးကို ပြန့်ပွားစေနိုင်စွမ်းရှိနေသလို လက္ခဏာပြပြီး (၇)ရက်လောက်အတွင်း တခြားသူဆီ ကူးစက်စေနိုင်ပါတယ်။

ဗိုင်းရပ်စ်ပိုးက သက်မဲ့အရာဝတ္ထုတွေမှာ ဒါမှမဟုတ် လက်မှာ ကပ်ငြိရင် မိနစ်ပိုင်းလေးပဲ အသက်ရှင်နိုင်တယ်။ ဒါပေမယ့် ဆက်ပြန့်ပွားဖို့ လုံလောက်တဲ့အချိန်အတိုင်းအတာဖြစ်နေတယ်။ ဥပမာ ကိုယ့်ရုံးခန်းထဲက တစ်ယောက်ယောက်နှာချေလိုက်တယ်၊ချောင်းဆိုးလိုက်တယ်ဆိုပါစို့။ စားပွဲ သို့မဟုတ် မျက်နှာပြင်တနေရာရာမှာ နှာရည် သို့မဟုတ် တံတွေးတွေစင်မယ်၊ ဒါကိုထိတွေ့မိရာက လွယ်လွယ်ကူးစက်နိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်ရာကနေလည်း ကိုယ့်လက်ကို ရောဂါပိုးရရှိနိုင်တယ်၊ ကိုယ့်မျက်လုံးပွတ်မိရင်တော့ ကူးစက်နိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။

ကာကွယ်နိုင်မယ့် အဓိက (၅) ချက်

မဖြစ်မနေ လူစုဝေးတဲ့ဆီ သွားရမှာဆိုတော့ နေမကောင်းဖြစ်ရင် အိမ်မှာပဲနေပါ၊ လူများလွန်းတဲ့နေရာတွေ မလိုအပ်ဘဲမသွားပါနဲ့ ဆိုတဲ့အချက်တွေကိုတော့ ဖယ်ထုတ်ရတော့မှာပေါ့။ နှာခေါင်းစည်းတပ်တာ အပြင် မမေ့သင့်တဲ့အချက်တွေကတော့ –

(၁) လက်မကြာခဏဆေးပါ။

ရောဂါပိုးတွေရန်က ကာကွယ်နိုင်ဖို့အလွယ်ဆုံးနည်းလမ်းပါ။ ဆပ်ပြာနဲ့ဆေးပါ ဒါမှမဟုတ်ရင် လက်သန့်ဆေးရည်ဆောင်သွားပါ။ ကြမ်းပြင်၊ မျက်နှာပြင်နဲ့ အသုံးအဆောင်တွေမှာ ရောဂါရှိသူဆီက နှာချေ ချောင်းဆိုးရာကနေထွက်လာတဲ့ ဗိုင်းရပ်စ်တွေကပ်နေနိုင်တယ်။

(၂) နှာချေချောင်းဆိုးတာ ထိန်းပါ။

နှာချေချောင်းဆိုးတိုင်း အဝတ်နဲ့အုပ်ဆိုးတဲ့အကျင့်ကိုလုပ်ပါ။ နှာခေါင်းစည်းသုံးလည်းရပါတယ်။ လုံးဝလက်မအားရင် တံတောင်ဆစ်နဲ့ပဲဖြစ်ဖြစ် ကာပြီးဆိုးပါ။ သူများနှာချေတာ၊ ချောင်းဆိုးတာမြင်ရင် မျက်နှာချက်ချင်းလွှဲတတ်အောင်သတိထားပါ။ အားမနာပါနဲ့၊ရောဂါပိုးက ညှာနေမှာမဟုတ်ပါဘူး။

(၃) သန့်ရှင်းမှုကို ဂရုစိုက်ပါ။

သုံးပြီးသားတစ်ရှူးတွေသေချာစွန့်ပစ်ပါ။ ကားပေါ်က လက်ကိုင်ကွင်းနဲ့ လက်ကိုင်တန်းတွေ၊ တံခါးလက်ကိုင်တွေစတဲ့ လူပေါင်းစုံထိတွေ့နိုင်တဲ့နေရာတွေကို ထိတွေ့မိရင် လက်သန့်ဆေးရည်ပြန်သုံးပါ။ မလိုအပ်ဘဲ ဘယ်အသုံးအဆောင်၊ ဘယ်သူ့ကိုမှ မထိတွေ့တာကောင်းပါတယ်။

(၄) မျက်နှာကို မကိုင်တွယ်ပါနဲ့

နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတွေကို မလိုအပ်ဘဲ မထိမိပါစေနဲ့(virus ပိုးက စားပွဲ၊တယ်လီဖုန်းစတဲ့ မျက်နှာပြင်တွေမှာ ကောင်းစွာ အသက်ရှင်နေနိုင်တာကြောင့်ဖြစ်ပါတယ်။) လက်ကတဆင့်ရောဂါပိုးကူးစက်ရရှိနိုင်ပါတယ်။ မျက်လုံးပွတ်လိုက်၊ လက်သည်းကိုက်လိုက် မလုပ်မိဖို့ သတိထားပါ။

(၅) ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ။

အာဟာရပြည့်အောင်စားပါ၊ ပြည့်ဝစွာအနားယူပါ။ဒီလိုအာဟာရပြည့်အောင် စားသောက်ပြီး ကောင်းကောင်းအနားယူမှ ကိုယ်ခံအားကောင်းပြီး ရောဂါပိုးကို ထိထိရောက်ရောက်တိုက်ထုတ်နိုင်ပါလိမ့်မယ်။ကိုယ်ခံအားစနစ်အတွက် လိုအပ်မယ့်အာဟာရဓါတ်တွေရရှိအောင် အသီးအရွက်၊ အသားငါးနဲ့ သီးနှံ၊ အစေ့အဆန်တွေ မျှတအောင်စားပါ။ အိပ်ရေးပျက်မခံပါနဲ့။

ကိုယ့်ဆီကနေ သူများကိုမကူးစက်ဖို့အပြင် ကိုယ်အားနည်းနေတဲ့အချိန်မှာ တခြားရောဂါပိုးတွေထပ်မဝင်စေဖို့ နှာခေါင်းစည်းတပ်ထားတာလည်းကောင်းပါတယ်။ အဓိကကတော့နေမကောင်းဖြစ်နေသူက နှာခေါင်းစည်းအတပ်သင့်ဆုံးပါ။

နောက်တစ်ချက်က ကိုယ့်မှာကိုယ်ခံအားနည်းနေတဲ့အခါမျိုးဆို ကူးစက်ခံရလွယ်နိုင်ပါတယ်။ အသက် ၅ နှစ်အောက်ကလေးတွေ၊ ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေ၊ နာတာရှည်မကျန်းမာသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ပန်းနာရင်ကျပ်၊နှလုံးတို့လိုရောဂါရှိသူတွေဟာ ဘယ်တုပ်ကွေးကိုမဆို ကူးစက်ခံရလွယ်တဲ့သူတွေဖြစ်လို့ ပိုသတိထားသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။