တုပ်ကွေးအန္တရယ်မြင့်မားစေသော အချက်များ
ဘာတွေက တုပ်ကွေးအန္တရယ်မြင့်မားစေတာလဲ။
အချက်ပေါင်းများစွာရှိပါတယ်။ ရောဂါပိုးမွှားတွေရှိတဲ့ ပတ်ဝန်းကျင်မှာနေမယ် ဒါမှမဟုတ် ကိုယ်ခံအားနည်းနေမယ်ဆိုရင် တုပ်ကွေးအန္တရယ် မြင့်မားနိုင်ပါတယ်။ တုပ်ကွေးအန္တရယ် မြင့်တက်စေတဲ့ အချက်အချို့ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အသက်အရွယ်။ ၅နှစ်အောက်ကလေးငယ်များ အထူးသဖြင့် ၂နှစ်အောက်များနဲ့ အသက်၆၅နှစ်အထက် လူကြီးများ
- လူနေမှုပုံစံ။ ဘိုးဘွားရိပ်သာ၊ စစ်တန်းလျားနဲ့ အခြားစုပေါင်းစပ်ပေါင်းနေထိုင်ရသည့် နေရာများတွင် နေထိုင်သော လူများ
- ကိုယ်ခံအားနည်းခြင်း။ ကင်ဆာကုထုံး၊ ကိုယ်အင်္ဂါအစားထိုးရာတွင်သုံးသော ဆေးဝါးများ၊ စတီးရိုက်များနဲ့ HIV/AIDS တို့က ကိုယ်ခံအားကျဆင်းစေပါတယ်။ ထိုအရာတွေက တုပ်ကွေးမိဖို့ လွယ်ကူစေနိုင်သလို ခန္ခါကိုယ်ထိခိုက်ပျက်စီးခံရနိုင်ခြေကိုလည်း မြင့်မားစေပါတယ်။
- နာတာရှည်ရောဂါများ။ ပန်းနာရင်ကြပ်၊ ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါတို့လိုမျိုး နာတာရှည် ရောဂါတွေက တုပ်ကွေးကြောင့် ခန္ဓါကိုယ်ထိခိုက်ခံရနိုင်ခြေကို မြင့်မားစေပါတယ်။
- ကိုယ်ဝန်ဆောင်ထားခြင်း။ ကိုယ်ဝန်ဆောင်များ အထူးသဖြင့် ဒုတိယနှင့်တတိယ သုံးလပတ်တွေမှာ တုပ်ကွေးကြောင့် ထိခိုက်ခံရနိုင်ခြေ မြင့်မားနိုင်ပါတယ်။
- အဝလွန်ခြင်း။ ကိုယ်အလေးချိန်နှင့်အရပ်အမြင့်အချိုး (BMI) ၄၀နှင့်အထက်ရှိတဲ့ အဝလွန်သူတွေမှာ တုပ်ကွေးအန္တရယ်မြင့်မားပါတယ်။
ရောဂါရှာဖွေကုသခြင်းကို သိရှိနားလည်ခြင်း
ဖော်ပြပါအကြောင်းအရာသည် ဆေးပညာအကြံဉာဏ်များအတွက် အစားထိုးမဟုတ်ပါ။ နောက်ထပ်သိရှိလိုသည်များအတွက် အမြဲတစေ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
တုပ်ကွေးရောဂါကို ဘယ်လိုစစ်ဆေးတေ့ွရှိမှာလဲ။
အခြေအနေတော်တော်များများမှာတော့ တုပ်ကွေးရှိမှန်း မိမိဘာသာ သိရှိတတ်ကြပါတယ်။ အဖျားတက်တာနဲ့ ပင်ပန်းတာလိုမျိုး လက္ခဏာတွေကနေ သိရှိမှာပါ။ တုပ်ကွေး၏ပဋိပစ္စည်းစမ်းသပ်ခြင်းဖြင့်လည်း တွေ့ရှိနိုင်ပါတယ်။ ယင်းစစ်ဆေးမှုကို တုပ်ကွေးရာသီမှာ ကူးစပ်ပြန့်ပွားခြင်း ထိန်းချုပ်ဖို့ အများဆုံးအသုံးပြုတာပါ။
တုပ်ကွေးစစ်ဆေးမှုမှာတော့ နှာရည်တို့ သွေးတို့ကို အသုံးပြုပါတယ်။
တုပ်ကွေးကြောင့် ကိုယ်အင်္ဂါထိခိုက်မှုတစ်ခုဖြစ်တဲ့ အဆုတ်ရောင်ရောဂါရှိမရှိကို ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ စစ်ဆေးမှုကို ဆေးရုံတင်ထားရတဲ့လူတွေ၊ ကိုယ်ခံအားကျနေတဲ့လူတွေ၊ တုပ်ကွေးကြောင့်ကိုယ်အင်္ဂါထိခိုက်ခံရဖွယ်ရှိတဲ့လူတွေအတွက် အဓိကအကြံပြုထားပါတယ်။ လူထုထဲမှာ တုပ်ကွေးတွေ့ရှိထားတယ်ဆိုရင်တော့ လူတိုင်းက တုပ်ကွေးစစ်ဆေးမှုကို ပြုလုပ်ရမှာဖြစ်ပါတယ်။
တုပ်ကွေးရောဂါကို ဘယ်လိုကုသမှာလဲ။
လူအများစုကတော့ အိမ်မှာပဲ ပျောက်ကင်းနိုင်ကြပြီး ဆရာဝန်ပြဖို့ သိပ်မလိုပါဘူး။ အကောင်းဆုံးကုသနည်းကတော့ အနားယူခြင်းပါပဲ။ လူတော်တော်များဟာ ပဋိဇီဝဆေးတွေက တုပ်ကွေးကို ကုသပေးနိုင်တယ်လို့ နားလည်မှုလွဲနေကြပါတယ်။ ဒါပေမယ့်လည်း ယင်းဆေးတွေ သောက်သုံးခြင်းက တုပ်ကွေးကို မသက်သာစေနိုင်တဲ့အပြင် ဆေးယဉ်ပါးခြင်းဖြစ်စဉ်တွေတောင် ပေါ်ပေါက်လာနိုင်ပါတယ်။ မခံမရပ်နိုင်ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ကိုပြောပြီး ရောဂါလက္ခဏာသက်သာစေတဲ့ဆေးအား တောင်းဆိုနိုင်ပါတယ်။ ယင်းဆေးတွေထဲမှ အချို့က ဆေးဆိုင်များမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ဆေးဝါးတွေဖြစ်ပါတယ်။ နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့ ပါရာစီတမောနှင့် အိုင်ဗျူပရိုဖန်လိုမျိုး အက်စပရင်မဟုတ်သည့် ဆေးများ၊ လည်ပင်းနာ၊ချောင်းဆိုးသက်သာစေဖို့ ချောင်းဆိုးပျောက်ဆေးရည်များ၊ နှာခေါင်းပိတ်ခြင်းအတွက် နှာပွင့်ဆေးများပဲဖြစ်ပါတယ်။
လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ
တုပ်ကွေးရောဂါကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။
ဆေးဝါးဖြင့်မဟုတ်သော နည်းလမ်းအချို့က တုပ်ကွေးရောဂါကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။
- အဖျားကြီးခြင်းကြောင့်ရေဓါတ်မခန်းခြောက်သွားအောင် ရေများများသောက်ပေးဖို့က ရေးကြီးဆုံးဖြစ်ပါတယ်။
- ကြွက်သားတွေပြေလျော့စေပြီး ကိုက်ခဲမှုတွေသက်သာစေဖို့ ရေနွေးနွေးလေးဖြင့် ရေချိုးပါ။
- အိမ်တွင်းရှိ စိုထိုင်းမှုထိန်းသိမ်းစက်က အသက်ရှုရလွယ်အာင် ကူညီပေးနိုင်ပါတယ်။
- ဆားရည်၊ပလုတ်ကျင်းဆေးတို့ဖြင့် ပလုတ်ကျင်းလိုက်ခြင်းက လည်းပင်းနာကို သက်သာစေနိုင်ပါတယ်။
အောက်ပါတို့က တုပ်ကွေးမမိအောင်နဲ့ အခြားသူတွေကို မကူးစက်အောင် သင်လုပ်နိုင်တဲ့ အရာအချို့ပဲဖြစ်ပါတယ်။
- တုပ်ကွေးကာကွယ်ဆေးထိုးပါ။ တုပ်ကွေးကာကွယ်ရန် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ခံအားရှိနေတာပါပဲ။
- တစ်ကိုယ်ရေသုံးပစ္စည်းတွေကို မျှဝေမသုံးစွဲပါနှင့်။
- တုပ်ကွေးရှိမယ်ဆိုရင် အထူးသဖြင့် မျက်နှာနဲ့ အများသုံးပစ္စည်းတွေ မထိခင်မှာ လက်သန့်ဆေးကို မကြာခဏအသုံးပြုပေးပါ။
- အပြင်ထွက်တဲ့အချိန်မှာ နှာခေါင်းဆီးတပ်ဆင်ပြီး နှာချီတဲ့အချိန်နဲ့ ချောင်းဆိုးချိန်တို့မှာ ပါးစပ်အုပ်ထားပါ။
မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံဖြေရှင်းနည်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။