ဦးနှောက်တွင်း နဲ့ ကျောရိုးတွင်းမှာ လှည့်ပတ်စီးဆင်းနေတဲ့ အရည်လေးတွေ ရှိပါတယ်။ ဒါကို cerebro spinal fluid (CSF) လို့ ခေါ်ပါတယ်။ ဦးနှောက်ထဲမှာ ဒီအရည်လေးတွေ စီးဆင်းဖို့ အခန်းလေးတွေ ရှိပါတယ်။ ဒါကို ဦးနှောက်ခန်း ventricles လို့ ခေါ်ပါတယ်။ ဒါက ပုံမှန်ပါ။
ဒီအရည်လေးတွေ အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်ခန်းထဲမှာ များလာတဲ့အခါ ဦးနှောက်ခန်းတွေ ကျယ်လာပါတယ်။ ဒါ့ကြောင့် ဘေးက ဦးနှောက်ကို ဖိပြီး ဦးနှောက်သားတွေ ပျက်စီးတာ၊ အလုပ်မလုပ်တော့တာတွေ ဖြစ်လာပါတယ်။ အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။
ဘာကြောင့် ဦးနှောက်တွင်း မှာ ရေများလာရတာလဲ။
အဓိကက CSF ထုတ်တာနဲ့ ပြန်စွန့်တာ မမျှတလို့ပါ။ CSFက ဦးနှောက်ခန်းမှာ ရှိတဲ့ ဆဲလ်လေးတွေကနေ ထုတ်ပေးတာပါ။ တစ်နေရာကနေ တစ်နေရာကို စီးဆင်းဖို့ မြောင်းလေးတွေလည်း ရှိပါတယ်။ နောက်ဆုံးကျမှ ဦးနှောက်နဲ့ အာရုံကြောမကြီးရဲ့ ပတ်ပတ်လည်ကို စီးဆင်းသွားတာပါ။ ပြီးတော့မှ ဦးနှောက်အခြေနားမှာ ရှိတဲ့ သွေးကြောတွေကနေ ပြန်စွန့်ထုတ်တာပါ။ ဒါက ပုံမှန် လည်ပတ်တဲ့ ပုံစံပါ။
CSFက ဘာလုပ်ပေးလဲ။
- ဦးနှောက်ကို ဦးခေါင်းခွံထဲမှာ ချောင်ချောင်ချိချိ နေနိုင်အောင် ကူညီပေးတယ်။
- တစ်ခုခုနဲ့ တိုက်မိရင် ခံနိုင်ရည်ရှိအောင် ကူရှင်သဘောမျိုး လုပ်ပေးတယ်။
- ဦးနှောက်ရဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတယ်။
- ပုံမှန်စီးဆင်းနေတဲ့ အတွက် ဦးခေါင်းခွံနဲ့ အာရုံကြောမကြီးရဲ့ ဖိအားကို ထိန်းပေးပါတယ်။ ဦးနှောက်ထဲမှာ တော်ရုံ သွေးဖိအားပြောင်းတာကို ခံနိုင်အောင် လုပ်ပေးတယ်။
- ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရကို ပေးပါတယ်။
CSFတွေ ဘာကြောင့်များလာတာလဲ။
များလာရတဲ့ အကြောင်းက ၃မျိုး ဖြစ်နိုင်ပါတယ်။
- အဖြစ်အများဆုံးကတော့ CSFလည်ပတ်နေတဲ့ တစ်နေရာရာမှာ ပိတ်ဆို့နေလို့ပါ။ ဦးနှောက်ခန်း တစ်ခုနဲ့ တစ်ခုကြား ပိတ်တာဖြစ်နိုင်သလို ဦးနှောက်ခန်းနဲ့ ဦးနှောက်ကြား ပိတ်တာလည်း ဖြစ်နိုင်ပါတယ်။
- နောက်တစ်မျိုးက သွေးကြောတွေကနေ CSFကို မစုပ်နိုင်လို့လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင် ရောဂါကြောင့် ဖြစ်ဖြစ်၊ ထိခိုက်မိလို့ပဲ ဖြစ်ဖြစ် ဦးနှောက်သားတွေ ရောင်ရင် ဖြစ်တတ်ပါတယ်။
- ရှားရှားပါးပါး စွန့်နိုင်တာထက် ပိုထုတ်မိရင်လည်း ဖြစ်တတ်ပါတယ်။
ဘယ်ရောဂါတွေမှာ ဦးနှောက်တွင်း ရေများတတ်လဲ။
ဦးနှောက်တွင်း ရေများတာက မွေးကင်းစကလေးတွေ၊ ကလေးတွေက စပြီး အသက်၆၀ကျော် လူကြီးတွေအထိ ဖြစ်နိုင်ပါတယ်။ လေ့လာချက်တွေအရ ကလေး၁၀၀၀မွေးရင် ၁ယောက် ၂ယောက် လောက်ကတော့ ဒီရောဂါ ပါလာတတ်ပါတယ်။
မွေးစကလေးတွေမှာ ဖြစ်ရတဲ့ အကြောင်းရင်းများ
- မွေးရာပါ ဦးနှောက်တွင်း ရေများတာက မွေးရာပါ တခြား ရောဂါတွေနဲ့ တွဲပြီး တွေ့ရတတ်ပါတယ်။ ဥပမာ spina bifida လို့ ခေါ်တဲ့ အာရုံကြောမကြီး မလုံတဲ့ ရောဂါမျိုးပါ။
- ၃၇ပတ် မတိုင်ခင် မွေးတဲ့ လမစေ့ကလေးတွေမှာလည်း တွေ့ရတတ်ပါတယ်။
- တချို့လမစေ့တဲ့ ကလေးတွေက ဦးနှောက်တွင်း သွေးယိုစီးမှု ဖြစ်တာကြောင့် အခန့်မသင့်ရင် CSF လမ်းကြောင်းကို ပိတ်ပြီး ဦးနှောက်တွင်း ရေများတတ်ပါတယ်။
- တချို့သော မျိုးဗီဇချို့ယွင်းချက်တွေမှာလည်း တွေ့ရတတ်ပါတယ်။
- တော်တော်များများကတော့ အကြောင်းရင်း မရှိဘဲ ဖြစ်တတ်ကြပါတယ်။
ကလေးတွေနဲ့ လူငယ်တွေမှာ ဖြစ်ရတဲ့ အကြောင်းရင်း
ဒါကတော့ ထိခိုက်ဒဏ်ရာ တစ်ခုခု ဒါမှမဟုတ် ရောဂါ တစ်ခုခု အရင်းခံလို့ ဖြစ်ရတာပါ။ ဥပမာ ပြောရရင်
- ဦးနှောက်တွင်း သွေးယိုတာ
- ဦးနှောက်တွင်း သွေးခဲပိတ်တာ
- ဦးနှောက်အမြှေးပါး ရောင်တာ
- ဦးနှောက် အကြိတ်ဖြစ်တာ
- ခေါင်းထိခိုက်မိတာ
- လေဖြတ်တာ
- တချို့သူတွေမှာ မွေးကတည်းက CSF စီးတဲ့ လမ်းကြောင်းတွေ ကျဉ်းနေပေမယ့် ငယ်တုန်းက ဘာလက္ခဏာမှ မပြဘဲ ကြီးမှ လက္ခဏာ ပေါ်လာတာ
ဘယ်လို လက္ခဏာတွေ ခံစားရမှာလဲ။
ဖြစ်တဲ့ အရွယ်ပေါ် မူတည်ပြီး ပြတဲ့ လက္ခဏာတွေ မတူပါဘူး။
မွေးစကလေး
- မွေးစကလေးမှာ ဆိုရင်တော့ ခေါင်းပုံစံပြောင်းသွားပါတယ်။ ဥပမာ ပြောရရင် ဦးခေါင်းက အဆမတန် ကြီးနေတာ၊ ဦးခေါင်း ရုတ်တရက် ကြီးလာတာ၊ ငယ်ထိပ်တင်းနေတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင်
- အန်တာ
- အိပ်ချင်တဲ့ ပုံစံဖြစ်တာ
- ဂျီကျတာ
- အစားမဝင်တာ
- တက်တာ
- မျက်လုံးက အောက်စိုက်နေတာ
- ကြွက်သားတွေ ပျော့နေတာ
- ထိရင် ပြန်မတုံ့ပြန်တာ
- ကလေးကောင်းကောင်း မထွားတာ
ကလေးတွေမှာ ဆိုရင်
- ခေါင်းကိုက်တာ
- အမြင်ဝါးတာ
- မျက်လုံးအောက်စိုက်တာ
- ခေါင်းကြီးလာတာ
- နုံးတာ
- ပျို့အန်တာ
- ဟန်ချက်မထိန်းနိုင်တာ
- အစားမစားချင်တာ
- တက်တာ
- ဆီးထွက်ကျတာ
- စိတ်ဆတ်တာ
- ကျောင်းစာမလိုက်နိုင်တာ
- စကားပြောရခက်၊ လမ်းလျှောက်ရခက်တာ
လူငယ်တွေမှာ ဆိုရင်
- ခေါင်းကိုက်တာ
- မအီမသာဖြစ်တာ
- ဟန်ချက်မထိန်းနိုင်တာ
- ဆီးမထိန်းနိုင်တာ
- အမြင်ချို့ယွင်းတာ
- မှတ်ဉာဏ်ထိခိုက်တာ၊ အာရုံမစူးစိုက်နိုင်တာ၊ အလုပ်မလုပ်နိုင်တာ
လူကြီးတွေမှာ ဆိုရင်
အသက်၆၀ကျော်တွေမှာ ဆိုရင်
- ဆီးမထိန်းနိုင်တာ၊ ခဏခဏ ဆီးသွားချင်တာ
- မှတ်ဉာဏ်ချို့ယွင်းတာ
- တွေးခေါ်နိုင်စွမ်းမရှိတော့တာ
- လမ်းမလျှောက်နိုင်တာ
- ဟန်ချက်မထိန်းနိုင်တာ စတာတွေ ဖြစ်နိုင်ပါတယ်။
နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။
ဦးနှောက်တွင်း ရေများတာက ရေရှည်မှာ ဘာဖြစ်နိုင်လဲဆိုတာ ပြောရခက်ပါတယ်။ မွေးကတည်းက ဖြစ်နေတဲ့သူဆိုရင် ဉာဏ်ရည်မမီတာ၊ ဖွံ့ဖြိုးမှု နောက်ကျတာတွေ ဖြစ်နိုင်ပါတယ်။ အခြေအနေလည်း သိပ်မဆိုးဘူး။ ကုသမှုလည်း ခံယူထားတယ်ဆိုရင် နောက်ဆက်တွဲက သိပ်မဆိုးပါဘူး။
လူကြီးတွေမှာ ဆိုရင်တော့ မှတ်ဉာဏ်သိသိသာသာ ကျသွားတာ၊ တွေးခေါ်နိုင်တာတွေ ကျသွားတာတွေ ဖြစ်တတ်ပါတယ်။ သူတို့တွေက ပြန်ကောင်းဖို့ ခက်ခဲတာ၊ ကုသပြီးရင်တောင် လက္ခဏာတွေ ကျန်တတ်တာမျိုး ဖြစ်တတ်ပါတယ်။
နောက်ဆက်တွဲတွေ ဘယ်လောက်ထိ ဆိုးမလဲ ဆိုတာကတော့
- နဂို ရောဂါအခံ ရှိနေသလား
- လက္ခဏာတွေ ဘယ်လောက်ထိပြင်းထန်လဲ
- အချိန်မီ သိပြီး ကုသနိုင်လား စတဲ့ အချက်တွေ အပေါ် မူတည်ပါတယ်။
ကုသနည်းတွေက ဘာလဲ။
အဓိကက ခွဲစိတ်ကုသ ရတာပါ။ နှစ်နည်းရှိပါတယ်။
- Shunt ထည့်ခြင်း
Shunt ထည့်တယ်ဆိုတာ ပိုက်ထည့် ကုသတာကို ပြောတာပါ။ အသုံးအများဆုံး ခွဲစိတ်နည်းပါ။ ပိုက်တစ်ဖက်ကို ဦးနှောက်အခန်းတစ်ခုထဲ ထည့်ပြီး နောက်တစ်ဖက်ကို ဝမ်းဗိုက် ဒါမှမဟုတ် နှလုံးအခန်းထဲ ထည့်ထားတာပါ။ ရည်ရွယ်ချက်ကတော့ ဦးနှောက်ထဲက အရည်တွေကို စွန့်ထုတ်ဖို့ပါပဲ။ လိုအပ်ရင်တော့ ဒီ Shunt နဲ့ တစ်သက်လုံးနေရတာလည်း ဖြစ်နိုင်ပါတယ်။
- Ventriculostomy
နောက်တစ်မျိုးကတော့ ဦးနှောက်အခန်းရဲ့ အခြေ ဒါမှမဟုတ် ဦးနှောက်ခန်းနှစ်ခုကြားမှာ အပေါက်လေး ဖောက်ပေးပြီး အရည်တွေ ထွက်သွားအောင် လုပ်တာပါ။
ဦးနှောက်တွင်း ရေများတာက မှတ်ဉာဏ်ထိခိုက်တာ၊ ဖွံ့ဖြိုးမှု ထိခိုက်တာ စတာတွေ ဖြစ်တတ်ပါတယ်။ မွေးစကနေ လူကြီးတွေ အထိလည်း ဖြစ်နိုင်ပါတယ်။ အခန့်မသင့်ရင် အသက်အန္တရာယ်လည်း ထိခိုက်နိုင်ပါတယ်။ နောက်ဆက်တွဲတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် စောစောသိပြီး စောစောကုဖို့ အရေးကြီးပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]