backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်တော်ဆုံးဖြစ်မယ့် အိပ်စက်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်တော်ဆုံးဖြစ်မယ့် အိပ်စက်မှုပုံစံ

    အမျိုးသမီးတိုင်းအတွက် အရေးကြီးဆုံးအချိန်က ကိုယ်ဝန်ဆောင်တဲ့ အချိန်ပါ။ ကိုယ်ဝန်ဆောင်ချိန် က မိခင်တွေ အတွက် တော်တော်လေးကို စွန့်စားရတဲ့ အခိုက်အတန့်ပေါ့။ ကိုယ်ဝန်ဆောင်နေချိန်မှာ လွယ်ထားရတဲ့ ရင်သွေးလေး ကျန်းကျန်းမာမာနဲ့ လူ့လောကထဲ ရောက်လာစေဖို့ အနေအထိုင် အစားအသောက် အလုံးစုံကို သတိထား ဂရုစိုက်ရပါတယ်။ ဒီလို ဂရုစိုက်ရတဲ့အထဲမှာ မိခင်ရဲ့ အိပ်စက်မှုပုံစံကလည်း မပါမဖြစ်ကို ပါဝင်နေပါတယ်။ မိခင်က အိပ်စက်မှုပုံစံ မမှန်ဘူးဆိုရင် မိခင်မှာရော မွေးလာမယ့် ကလေးငယ်မှာပါ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်တော်ဆုံးဖြစ်မယ့် အိပ်စက်မှုပုံစံ အကြောင်းလေးကို ဗဟုသုတ အနေနဲ့ ပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်များနဲ့ အိပ်စက်မှုပုံစံ

    ကိုယ်ဝန်ကလရင့်လာလေလေ အိပ်စက်ရတာပိုခက်ခဲလာလာလေပါ။ ပုံမှန်အချိန်တွေမှာ အိပ်စက်တဲ့အခါ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အိပ်စက်တတ်တဲ့သူအဖို့ဆိုရင် ဗိုက်ကြောင့် အိပ်စက်ရတာခက်ခဲမှုပိုဖြစ်နိုင်ပါတယ်။ အိပ်စက်မှုပုံစံကိုတောင် ကိုယ့်စိတ်တိုင်းကျ မအိပ်စက်ရတာလည်း မိခင်တစ်ယောက်ရဲ့ စွန့်လွှတ်အနစ်နာခံရမှုတွေထဲက တစ်ခုပေါ့။

    ကိုယ်ဝန်ဆောင်ချိန် မှာ အသင့်တော်ဆုံးဖြစ်မယ့် အိပ်စက်မှုပုံစံကတော့ ဘယ်ဘက်ကို စောင်းပြီး ဒူးကွေးလျက် အနေအထားနဲ့ အိပ်စက်တာက အကောင်းဆုံးလို့ ပြောကြပါတယ်။ ဒါဆို တခြားဘယ်လိုပုံစံနဲ့ အိပ်လို့ ရသေးလဲ။

    ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်တော်ဆုံးဖြစ်မယ့် အိပ်စက်မှုပုံစံ

    • ပက်လက်အိပ်တာ

    ကိုယ်ဝန်ဆောင်တွေ ပက်လက်မအိပ်ရဘူး။ ကလေးသေတတ်တယ်လို့ ပြောတာ ကြားဖူးမှာပါ။ ဒါက မှန်သင့်သ‌လောက် မှန်ပါတယ်။ လရင့်လာတဲ့အခါ ကြီးထွားလာတဲ့ သားအိမ်က ကျောရိုးနားမှာရှိတဲ့ သွေးကြောကို ဖိတာ‌ကြောင့် အချင်းဆီ သွေးကောင်းကောင်း မရောက်ဘဲ ကလေးဆုံးပါးတတ်ပါတယ်။

    ဒါ့ပြင် အမေမှာ ခါးနာတာ၊ အစာမကြေတာ၊ သွေးပေါင်ကျတာ၊ အိပ်နေတုန်း အသက်ရှူရပ်တာတွေ ဖြစ်နိုင်တဲ့အတွက် မအိပ်ခိုင်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက ကိုယ်ဝန်ရင့်လာမှပါ။ ကိုယ်ဝန်လနုချိန် ၁၃ပတ်လောက်ထိက သားအိမ်လည်း သိပ်မကြီးသေးတဲ့အတွက် ပက်လက်အိပ်လို့ ရပါတယ်။ နောက်ပိုင်းဆိုရင်တော့ ပက်လက်မအိပ်တာက ပိုကောင်းပါတယ်။

    မတော်တဆများ အိပ်နေတုန်း ယောင်ယမ်းပြီး ပက်လက်အိပ်မိရင်၊ မနက်နိုးလာလို့ ကိုယ်က ပက်လက်အနေအထား ဖြစ်နေရင် မလန့်ပါနဲ့။ ဘေးစောင်းပြီး ဆက်အိပ်လိုက်ပါ။ ကလေးကကောင်း‌ကောင်း လှုပ်နေသရွေ့ ပြဿနာ မရှိပါဘူး။

  • မှောက်ရက်အိပ်တာ
  • ဗိုက်တစ်လုံးနဲ့ မှောက်အိပ်ဖို့ဆိုတာ မလွယ်ပါဘူး။ မေမေအများစုကလည်း မှောက်ရက် မအိပ်ကြပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ ရင်သားက လေးလာတာ၊ ဟိုလှိမ့်ဒီလှိမ့်နဲ့ အဆင်မပြေတဲ့အခါ ခဏ မှောက်ပြီး နေလို့ ရပါတယ်။

    ဗိုက်လွတ်အောင် ‌ဗိုက်နေရာမှာ ဘောကွင်း ဒါမှမဟုတ် ဘောကွင်းပုံစံ အလယ်က အပေါက်နဲ့ ခေါင်းအုံး ခုထားပါ။ ခဏလောက် မှောက်ပြီး သက်သာရင် ပုံမှန်အတိုင်း ပြန်အိပ်ပါ။

    • ဘယ်ဘက်စောင်းအိပ်တာ

    ဘယ်ဘက်စောင်းအိပ်တဲ့အခါ အထဲက သွေးကြောမကြီးကို မဖိမိတဲ့အတွက် သွေးလည်ပတ်မှု ပိုကောင်းပြီး ခြေထောက်ဖောတာကို သက်သာစေပါတယ်။ ဒါ့ပြင် ကလေးနဲ့ အချင်းဆီကိုလည်း သွေးကောင်းကောင်း ရောက်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် အများစုကို ဘယ်ဘက်စောင်းအိပ်ဖို့ အကြံပေးကြတာ ဖြစ်ပါတယ်။

    • ညာဘက်‌စောင်းအိပ်တာ

    ညာဘက်စောင်းအိပ်တာက အသည်းကို ဖိထားသလို ဖြစ်တတ်တယ်ဆိုပေမဲ့ ကြီးကြီးမားမား ပြဿနာတော့ မရှိပါဘူး။ ဒါကြောင့် ဘယ်ဘက်စောင်းရတာ ညောင်းလာရင် ညာဘက်ကို ခဏစောင်းအိပ်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့်သက်သာ အိပ်စက်နိုင်ဖို့

    အိပ်ရာပေါ်မှာ ၈နာရီလောက် လှဲနေရမှာ ဖြစ်တဲ့အတွက် သက်သောင့်သက်သာ ဖြစ်ဖို့ လိုပါတယ်။ သက်သောင့်သက်သာအိပ်စက်နိုင်မှ မေမေအားပြည့်ပြီး ကျန်းကျန်းမာမာ ကိုယ်ဝန်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်

  • ဒူးကွေးအိပ်ပါ။
  • ဘေးစောင်းအိပ်မယ်ဆိုရင်  ခြေထောက်ဆန့်ထားတာထက် ‌ဒူးတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံး ကွေးထားတာက ခါးကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။

    • ခေါင်းအုံးတွေ သုံးပါ။

    ကိုယ်ဝန်ဆောင်မေမေတွေမှာ ခေါင်းအုံးတွေ အများကြီးရှိတာ မြင်ဖူးတယ်ဟုတ်။ ဒါသူတို့ တကယ်လိုလို့ပါ။ ဘေးစောင်းအိပ်တဲ့အခါ သက်သောင့်သက်သာ ဖြစ်အောင် ခြေထောက်ကြားမှာ ခေါင်းအုံးထားတာ၊ ခါးနောက်မှာ ထားတာ၊ ဗိုက်အောက်မှာ ထားတာတွေ လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် pregnancy pillowလေးတွေ သုံးနိုင်ပါတယ်။

    • သက်သောင့်သက်သာဖြစ်တဲ့ မွေ့ရာကို သုံးပါ။

    မပျော့လွန်း မမာလွန်းဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပေးနိုင်တဲ့ မွေ့ရာကို သုံးပါ။

    • ခေါင်းရင်းကို မြှင့်ထားပါ။

    ရင်ပူလို့ အိပ်မရဘူးဆိုရင် အိပ်ရာရဲ့ ခေါင်းရင်းကို မြှင့်ထားပါ။ ရင်ပူတာ သက်သာစေပါတယ်။

    • အိပ်ရာရဲ့ ဘယ်ဘက်မှာ အိပ်ပါ။

    အိပ်ရာရဲ့ ဘယ်ဘက်မှာ အိပ်တဲ့အခါ ဘယ်ဘက်စောင်းအိပ်ဖို့ အခွင့်အလမ်းပိုများပါတယ်တဲ့။ ဒါကြောင့် ‌လိုအပ်ရင် နေရာချိန်းပြီး အိပ်ကြည့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement