backup og meta

ကလေး အသေမွေးခြင်း (Stillbirth) ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး အသေမွေးခြင်း (Stillbirth) ဆိုတာ

    ကလေး အသေမွေးခြင်း (Stillbirth) ဆိုတာက ကိုယ်ဝန်အပတ် ၂၀ နောက်ပိုင်း (တချို့နိုင်ငံတွေမှာ ကိုယ်ဝန်ပတ် ၂၄ပတ်နောက်ပိုင်း) မှာ မွေးပြီး မွေးလာတဲ့ ကလေးက အဖတ်မတင်တာကို ဆိုလိုတာပါ။ ကိုယ်ဝန်အပတ် ၂၀ မတိုင်ခင် ကလေးဆုံးရှုံးခြင်းကိုတော့ ကိုယ်ဝန်ပျက်ကျခြင်းလို့ ခေါ်ပါတယ်။

    ကလေးအသေမွေးတဲ့ ကိုယ်ဝန်ဆောင်  ၃ယောက်မှာ ၁ယောက်က အကြောင်းရင်း မရှိဘဲ ဖြစ်သွားတာပါ။ ကျန်တဲ့သူတွေကတော့ အချင်း ဒါမှမဟုတ် ချက်ကြိုးပြဿနာ၊ သွေးတိုးတာ၊ ပိုးဝင်တာ၊ မွေးရာပါချို့ယွင်းချက်ပါတာ၊ နေထိုင်စားသောက်မှုပုံစံကြောင့် ဖြစ်တာပါ။

    ကလေး အသေမွေးခြင်း (Stillbirth) ရဲ့ လက္ခဏာတွေက ဘာတွေလဲ

    ကိုယ်ဝန်၂၄ပတ် ကျော်တယ်၊ မွေးလာတဲ့ ကလေးက အသက်မပါလာဘူးဆိုတာကတော့ အသိသာဆုံးလက္ခဏာပါပဲ။ ဒီလိုမဟုတ်ဘဲ ကလေးက မမွေးခင် ဗိုက်ထဲမှာ ဆုံးပါးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့

    • ကလေးမလှုပ်တော့တာ
    • ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ
    • ကလေးက နှလုံးမခုန်တော့တာ
    • ပုံမှန်မဟုတ်တဲ့ ပြင်းပြင်းထန်ထန် ဝမ်းဗိုက်နာကျင်ခြင်းတွေ ကြုံရနိုင်ပါတယ်။

    ဒီလက္ခဏာတွေက ကိုယ်ဝန်ဆောင်တစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ်ကွာခြားနိုင်ပါတယ်။

    ကလေး အသေမွေးခြင်း (Stillbirth) ကို ဘာတွေက ဖြစ်စေသလဲ

    ဖြစ်စေတဲ့ အကြောင်းရင်းများတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • ချက်ကြိုးပြဿနာများ။ ချက်ကြိုးက မွေးလမ်းကြောင်းထဲကို ကျွံကျနေတဲ့ အခြေအနေမှာ ကလေးက ချက်ကြိုးကို ဖိထားလိုက်ရင်  အောက်ဆီဂျင်ရမှာ မဟုတ်ပါဘူး။ နောက်တစ်ခုကတောာ့ ကလေးရဲ့ လည်ပင်းမှာ လာပတ်နေတာပါ။
    • အချင်းပြဿနာများ။ အချင်းက ကလေးကို အာဟာရထောက်ပံ့ပေးပါတယ်။ အချင်းစောကွာကျတဲ့အခါ ကလေးဆီ လိုအပ်တဲ့ အာဟာရနဲ့ အောက်စီဂျင်တွေ မပေးနိုင်တော့ပါဘူး။
    • ကိုယ်ဝန်ဆိပ်တက်ခြင်း။ ကိုယ်ဝန်ဆိပ်တက်တာက အချင်းစောကွာနိုင်ခြေနဲ့ ကလေးအသေမွေးနိုင်ခြေကို များစေပါတယ်။
    • Lupus အရေပြားလေးဖက်နာ
    • မိခင်တွင် ဆီးချို၊ နှလုံးရောဂါ၊ သိုင်းရွိုက်ရောဂါရှိနေပြီး ကောင်းကောင်းမထိန်းနိုင်တဲ့အခါ
    • မိခင်က ကိုယ်ဝန်ဆောင်ချိန်မှာ အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးများ အသုံးပြုခြင်း
    • ကလေးမှာ အသက်ဆက်မရှင်နိုင်တော့ မွေးရာပါချို့ယွင်းချက်ပါနေခြင်း
    • မိခင်မှာ ရောဂါပိုးဝင်ခြင်း (အထူးသဖြင့် group B streptococcus၊ အီကိုလိုင်၊ Klebsiella၊ Enterococcus၊ Haemophilus influenza၊ ကလိုင်မိုင်ဒီးယား၊ Mycoplasma၊ Ureaplasma အပြင် ငှက်ဖျား၊ ဝက်သက်၊ တုပ်ကွေး)
    • ထိခိုက်ဒဏ်ရာများ (ဥပမာ ကားမတော်ဆမှု)
    • Intrahepatic cholestasis လို့ခေါ်တဲ့ အသည်းရောဂါရှိနေတာ

    ကလေး အသေမွေးခြင်း (Stillbirth) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    ကလေး အသေမွေးခြင်း (Stillbirth) ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    • အရင်က ကလေးအသေမွေးဖူးခြင်း
    • အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးအသုံးပြုခြင်း
    • အဝလွန်ခြင်း (BMI 30နဲ့အထက်)
    • အမြွာကိုယ်ဝန်ဆောင်ထားခြင်း
    • ရောဂါအခံရှိခြင်း
    • အသက် ၃၅ နှစ်အထက် ဖြစ်ခြင်း
    • အာဟာရချို့တဲ့ခြင်း စတာတွေကြောင့်ပါ။

    ရောဂါအဖြေရှာခြင်းနဲ့ ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

    ကလေး အသေမွေးခြင်း (Stillbirth)ကို ဘယ်လိုအတည်ပြုပါသလဲ

    များသောအားဖြင့်တော့ ဗိုက်ထဲက ကလေး ဆုံးသွားပြီလို့ ယူဆတဲ့အခါ အယ်ထွာဆောင်းနဲ့ ကလေးနှလုံးခုန်မခုန်ကို စစ်ဆေးလို့ ရပါတယ်။

    ကလေး အသေမွေးပြီးတဲ့အခါ ဘာဆက်လုပ်ရမလဲ။

    မွေးရမယ့် အချိန်လည်း မရောက်သေးဘဲ ဗိုက်ထဲမှာကလေးဆုံးသွားတယ်ဆိုရင် လုပ်လို့ရတာ ၃ခုရှိပါတယ်။

    (၁) ကလေးမွေးအောင် လှုံ့ဆော်တာ

    ဆေးတွေပေးပြီး ဆုံးသွားတဲ့ ကလေးကို မွေးထုတ်လိုက်တာပါ။ အထူးသဖြင့်

    • မိခင်မှာ ကိုယ်ဝန်ဆိပ်တက်တာကြောင့် ကလေးဆုံးသွားတဲ့အခါ
    • မိခင်မှာ ရောဂါပိုးဝင်နေတဲ့အခါ
    • ရေမြွာရည်ပေါက်သွားတဲ့အခါ
    • မိခင်မှာ သွေးမတိတ်ရောဂါတစ်ခုခု ရှိနေတဲ့အခါ (ဆုံးသွားတဲ့ သန္ဓေသားကြောင့် မိခင်မှာ DICလို့ခေါ်တဲ့ သွေးမတိတ်တဲ့ ဖြစ်စဉ် ဖြစ်လာနိုင်လို့ပါ)

    (၂) သဘာဝအတိုင်း မွေးတာကို စောင့်တာ

    ကလေးက ဆုံးသွားပေမယ့် သူ့ဂျူးဒိတ်ရောက်တဲ့အခါ ဗိုက်နာပြီး မွေးတာမျိုး ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒီလိုစောင့်မယ်ဆိုရင် ခုနကပြောတဲ့ DICအခြေအနေကို စောင့်ကြည့်နေဖို့ လိုပါတယ်။ နောက်ပြီး အချိန်ကြာလာတာနဲ့အမျှ ကလေးက ပုံပျက်လာနိုင်တာကိုလည်း သိထားဖို့ လိုပါတယ်။

    (၃) ခွဲမွေးခြင်း

    ခွဲမွေးလို့လည်း ရပေမယ့် များသောအားဖြင့် လုပ်လေ့မရှိပါဘူး။

    ကလေးမွေးလာပြီးပြီဆိုရင်တော့ မိခင်ကိုပြပြီး သေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေတာ၊ သင်္ဂြိုဟ်တာတွေကို ဆက်လုပ်ရမှာ ဖြစ်ပါတယ်။

    ကလေး အသေမွေးခြင်း (Stillbirth) ကို ဘယ်လိုကာကွယ်နိုင်မလဲ။

    ကလေး အသေမွေးခြင်းကို လုံးဝမဖြစ်အောင် ကာကွယ်လို့တော့ မရသေးပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေကို လျှော့ချဖို့

    • အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးတွေကို ရှောင်ပါ။
    • ကလေးလှုပ်တာကို သေချာမှတ်ပါ။ ပုံမှန်လှုပ်နေကျထက် နည်းသွားရင်၊ လှုပ်နေကျ အချိန်တွေမှာ မလှုပ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။
    • အစားအသောက်တွေကို ကျက်အောင် ချက်ပြီးမှ စားပါ။ နို့ဆိုရင်လည်း ပိုးသတ်ထားတာပဲ သောက်ပါ။
    • ကိုယ်ဝန်ရက်ချိန်းများကို ပုံမှန်သွားပြပါ။ သို့မှသာ သင့်ကလေး ကြီးထွားမှုနှင့် ကလေးအခြေအနေကို သေချာစောင့်ကြည့်နိုင်မည်ဖြစ်သည်။
    • ကိုယ်ဝန်လရင့်လာတဲ့အခါ ဘေးစောင်းအိပ်ပါ။ ပက်လက်မအိပ်ပါနဲ့။
    • ကိုယ်ဝန်ရက်ချိန်း ပုံမှန်ပြပါ။

    ရေးသားသူ− Dr Thin Yadanar@ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement