backup og meta

အသက် ၂နှစ်ကျော်ကလေးကို နို့ဆက်တိုက် သင့်လား............

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် ၂နှစ်ကျော်ကလေးကို နို့ဆက်တိုက် သင့်လား............

    ကလေးတစ်ယောက် ကိုယ့်ဘဝထဲရောက်လာရင် အစစအရာရာကို ပြင်ဆင်တွေးတောပေးတာက မိဘတိုင်းရဲ့ မေတ္တာပါ။ ဒီလိုပြင်ဆင်မှုမှာ အစားအသောက်ကစလို့ နေရေးထိုင်ရေး ဝတ်စားပြင်ဆင်ပေးမှု အကုန်လုံးပါပါတယ်။ ဒီလိုပြင်ဆင်မှုတွေထဲမှာ လွယ်ကူတာတစ်ခုမှ မပါသလို ဆုံးဖြတ်ရခက် ဝေခွဲရခက်တဲ့ ကိစ္စတွေကလည်း ဒုနဲ့ဒေးပါ။ အခုတစ်ခေါက်လည်း ဒီဝေခွဲရခက်တဲ့ ပြဿနာတစ်ခုကို အဖြေထုတ်ပေးမယ်နော်။ အဲဒါကတော့ ကလေးတစ်ယောက်ကို အသက် ၂နှစ်ကျော်လာပြီဆိုရင် တခြား အာဟာရမပြည့်ဝတဲ့ သရေစာတွေ လျှောက်ကျွေးမယ့်အစား နို့ဆက်တိုက် လို့ရမလား ဆိုတာပါ။

    ကလေးကို မဖြစ်မနေ မိခင်နို့တိုက်ရမယ့် ကာလ

    ကလေးကို စတင်မွေးဖွားချိန် ကနေစလို့ အသက် ၆ လမပြည့်မချင်း အာဟာရဓာတ်ပြည့်ဝစေဖို့ဆိုရင် အကောင်းဆုံးက မိခင်နို့ပါ။ မေမေက အာဟာရပြည့်ဝအောင် စားလေလေ သားသားမီးမီးတို့က အာဟာရပြည့်ဝပြီး ကျန်းမာထွားကြိုင်းလေလေပါ။ ဒါကြောင့် မွေးစကနေ ၆ လအထိက မေမေ့နို့ချိုကို မဖြစ်မနေ တိုက်ကျွေးရမယ့် ကာလပါ။

    ၆ လပြည့်ပြီးတဲ့အခါ

    ကလေးက အသက် ၆ လပြည့်ပြီးပြီဆိုရင်တော့ မိခင်နို့အပြင် ရေ၊ ဖြည့်စွက်အာဟာရတွေ နဲ့ ထမင်း၊ ငါး၊ အသားလိုမျိုး အစားအစားတွေကို စစားကြပါပြီ။ မေမေ့နို့အပြင် လိုအပ်တဲ့ အာဟာရတွေ ပြည့်စုံလုံလောက်စေဖို့ ပြင်ဆင်ပေးရတဲ့အချိန်ပေါ့။ ဒီအချိန်က ကလေးကို အစားအစာ စတင်မိတ်ဆက်ချိန်လည်းဖြစ်ပါတယ်။

    ဒီအသက်အရွယ်အပိုင်းအခြားမှာ ကလေးကို တစ်နေ့ကို ၂ကြိမ် ကနေ ၃ကြိမ်လောက် အစားအစာတွေ ကျွေးပေးလို့ရပါပြီ။ ဒါမှ အစာအိမ်သေးသေးပိုင်ရှင် ကလေးတွေအတွက် အဆင်အပြေဆုံးဖြစ်မှာပါ။

    ရေကိုလည်း နည်းနည်းချင်း စတိုက်လို့ရပါပြီ။ ကလေးရဲ့ အစားအစာတွေ ပြင်ဆင်ပေးတဲ့အခါ ကြိတ်ခြေထားတဲ့ ထမင်း ဒါမှမဟုတ် ဆန်ပြုတ်၊ နူးနေအောင်ပြုတ်ထားတဲ့ ငါး (ဆယ်လ်မွန်၊ ငါးကြင်းဖြူစတာမျိုးတွေပါ)၊ အရေခွံမပါ အဆီမပါတဲ့ ကြက်သား၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်းတို့ကို ပြင်ဆင်ပေးပါ။

    သတိထားရမှာက နူးနေအောင်ပြုတ်ပေးဖို့ နဲ့ အချိုမှုန့်၊ ဆား၊ ဆီ လုံးဝမသုံးဖို့ပါ။ ကလေး အစာနင်တာမျိုး မဖြစ်စေဖို့အတွက်လည်း နူးနေအောင် ပြုတ်ထားပြီး သေချာကြိတ်ခြေလို့ နည်းနည်းချင်းစီ ခွံပေးပါ။

    ၆ လ ကနေ ၁ နှစ်အတွင်း

    ကလေးက ၆ လကနေ ၁ နှစ်အတွင်းမှာ အလုပ်လုပ်တဲ့ မေမေတွေဆိုရင် အလုပ်ခွင် ပြန်ဝင်ကြတော့မယ်။ ဒီအချိန်မှာ ကလေးကို အာဟာရပြည့်ဝစေဖို့ အစားအသောက်တွေ ပြင်ဆင်ပေးတာ အပြင် မေမေ့နို့ကို ညှစ်ထုတ် သိမ်းဆည်းပေးတာမျိုး လုပ်ဖို့လိုပါမယ်။

    ဒီအချိန်မှာ အပေါ်မှာ ပြောခဲ့တဲ့ ကြိတ်ခြေထားတဲ့ ထမင်း ဒါမှမဟုတ် ဆန်ပြုတ်၊ နူးနေအောင်ပြုတ်ထားတဲ့ ငါး (ဆယ်လ်မွန်၊ ငါးကြင်းဖြူစတာမျိုးတွေပါ)၊ အရေခွံမပါအဆီမပါတဲ့ ကြက်သား၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်းတို့အပြင် ရေချို ပုဇွန်၊ ကြက်ဥပြုတ်(အနှစ်)၊ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရတွေဖြစ်ကြတဲ့ DHA နဲ့ lcFos တို့လိုမျိုး အာဟာရဓာတ်တွေ ပါဝင်နေတဲ့ အာဟာရဖြည့် နို့မှုန့်တွေကို တိုက်ကျွေးပေးလို့ရပါတယ်။

    ၁ နှစ်ကနေ ၂ နှစ်အတွင်း

    စားနိုင်တဲ့ အစားအစာတွေကလည်း များလာပြီ။ စားချင်တဲ့ အစားအစာတွေလည်း သတ်သတ်မှတ်မှတ် ရှိလာပြီ။ ဒီအချိန်မှာ ကလေးကို ထမင်း၊ ဆန်ပြုတ်စတာတွေအပြင် သစ်သီးလေးတွေ၊ ဟင်းသီးဟင်းရွက်လေးတွေကို နူးနေအောင်ပြုတ်ပြီးကျွေးလို့ရပြီ။ ဆားနည်းနည်းလောက် ထည့်ကျွေးလို့ရပြီ။ ကြက်စွပ်ပြုတ်လေး သောက်လို့ရပြီ။ ကြက်ဥကို အနှစ်ရော အကာပါ တစ်နေ့ကို တစ်လုံးလောက်အထိ စားလို့ရပြီ။

    မေမေ့နို့ကို သောက်တဲ့ အကြိမ်ရေ နည်းလာနိုင်ပါတယ်။ မနက်စာကို အိမ်မှာပြင်ဆင်ပေးတဲ့ ဂျုံခေါက်ဆွဲပြုတ်၊ ကြက်ဥထမင်းကြော် စတာတွေစားတတ်လာပြီ။ ပဲအမျိုးမျိုးကို စစားတတ်ပြီ။ ဒီအချိန်မှာ ကလေးကို ဉာဏ်ကောင်းစေဖို့နဲ့ အစာခြေစနစ်ကျန်းမာစေပြီး ကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်တွေဖြစ်ကြတဲ့ DHA၊ lcFos၊ ဗီတာမင် A၊ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ ပရိုတင်းတို့ ပြည့်စုံလုံလောက်အောင် ပါဝင်နေတဲ့ အာဟာရဖြည့်နို့မှုန့်တွေကို ခွက်ထဲမှာ ဖျော်ပေးပြီး တိုက်ပေးတဲ့ အကျင့်လေးကို စမွေးမြူပေးလို့ရပါပြီ။

    မေမေတို့ သိချင်နေမယ့် အသက် ၂ နှစ် ပြည့်ပြီ နို့ဆက်တိုက် ရမလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

    ဦးနှောက်နဲ့ ဉာဏ်ရည်အကောင်းဆုံးဖွံ့ဖြိုးဖို့ အတွက် အရေးအကြီးဆုံးက မွေးစကနေ ၅ နှစ်တာတွင်း အာဟာရ ပြည့်ဝလုံလောက်အောင် ရဖို့ပါ။ အသက်၆လအထိ မိခင်နို့ကို မဖြစ်မနေတိုက်ပေးသင့်ပြီး မိခင်က အဆင်ပြေတယ်ဆိုရင် ၂နှစ်အထိ တိုက်နိုင်ပါတယ်။

    ၂နှစ်ကျော်သွားတာတောင် ကလေးက အမေနို့ကို ‌သောက်နေသေးရင်လည်း ဆက်တိုက်လို့ ရပါတယ်။ မေမေ့နို့ကို မသောက်တော့ဘူးဆိုရင်တောင် အာဟာရပြည့်ဝစွာ ပါဝင်နေတဲ့ နို့တစ်မျိုးမျိုးကို ဆက်တိုက်ပေးဖို့သင့်ပါတယ်။

    ကလေးအသက် ၂ နှစ်ရောက်တဲ့အခါ တော်တော်များများမိဘတွေက နို့ကို ဖြည့်စွက်အာဟာရအဖြစ် ဆက်မတိုက်ကြတော့ဘဲ တခြားသရေစာတွေကျွေးတာ သကြားဓာတ်အရမ်းများတဲ့ အချိုရည်တွေ တိုက်လေ့တိုက်ထရှိကြပါတယ်။

    ဒါပေမယ့် နို့ဖြည့်စွက်အာဟာရတွေကို ဆက်ကျွေးလို့ရတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ အဲဒီနို့ဖြည့်စွက် အာဟာရတွေထဲမှာ ကလေးအတွက် ပြည့်ဝတဲ့ အာဟာရတွေ ပါဝင်နေတယ်ဆိုတာကိုလည်း အသိနည်းကြပါတယ်။

    တဖွဖွပြောနေတဲ့ အာဟာရဓာတ်တွေက ဘာတွေများကောင်းလို့လဲ………….

    ဉာဏ်ရည်ထက်မြက်စေဖို့ အရေးပါတဲ့ DHA – DHA က Omega-3 fatty acids တစ်မျိုးပါ။ ဦးနှောက် နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။ မှတ်ဉာဏ်တည်ဆောက်နေတဲ့ ကြီးထွားဖွံ့ဖြိုးဆဲ ကလေးတစ်ယောက်ကို DHA ပြည့်ဝအောင် ကျွေးမွေးတာက ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။

    lcFos (အကျိုးပြု ဘက်တီးရီးယားအာဟာရ) (Prebiotics) – lcFos (အကျိုးပြု ဘက်တီးရီးယားအာဟာရ) ဆိုတာက (Prebiotics) တစ်မျိုးပါ။ အစာခြေစနစ် တလျှောက်မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ ကျန်းမာစေဖို့ အာဟာရဖြည့်တင်းပေးတာပါ။

    ကလေးကို လေနာတာကစလို့ ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေ ကင်းစေပြီး အာဟာရပြည့်ဝအောင်ထောက်ပံ့ပေးပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။

    ဗီတာမင် Aအမြင်အာရုံအတွက် အဓိကအရေးပါတဲ့ ဗီတာမင်ဖြစ်ပါတယ်။ အရောင်တွေကို ခွဲခြားတတ်စေဖို့ အားဖြည့်ပေးသလို ကြက်မျက်သင့်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ခံအားကို အားဖြည့်ပေးတာပါ။

    ဗီတာမင် Cကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အနာကျက် မြန်စေပြီး ဖျားနာမှု ကင်းစေမှာပါ။

    ဗီတာမင် Dအရိုးနဲ့သွားတွေ သန်မာကြံ့ခိုင်စေဖို့ လိုအပ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးတွေကို အကောင်းဆုံး အားဖြည့်ပေးမယ့် ဗီတာမင်ပါ။

    ပရိုတင်း – အရိုးနဲ့ ကြွက်သားတွေ သန်မာစေပြီး ကိုယ်ခံအား ကောင်းစေလို့ အကောင်းဆုံး ကြီးပြင်းလာစေမှာပါ။

    ကယ်လ်စီယမ် – အရိုးနဲ့ သွားတွေ ခိုင်မာစေဖို့၊ ကျန်းမာပျော်ရွှင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးမယ့် သတ္တုဓာတ်တစ်မျိုးပါ။

    သံဓာတ် – သွေးနီဥဆဲလ်တွေကို အားဖြည့်ပေးပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အောက်ဆီဂျင် ရောက်ရှိစေနိုင်ပါတယ်။ အာရုံစူးစိုက်မှုကို ကောင်းစေပြီး သွေးအားနည်း ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဒီတော့ ကလေးကို ၂ နှစ် ရောက်လာတဲ့အခါ အခုပြောတဲ့အတိုင်း အာဟာရပြည့်ဝစွာပါဝင်တဲ့ နို့ဖြည့်စွက် အာဟာရတွေကို ဆက်တိုက်ပေးပါ။ ဒီလိုလုပ်တာက ကလေးကို သကြားဓာတ်၊ဆိုးဆေးတွေ လွန်ကဲစွာပါဝင်နေတဲ့ သရေစာတွေ စားမိနိုင်ခြေကို လျှော့ချနိုင်မှာဖြစ်သလို ကလေးကိုလည်း ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှာပါ။

    ကဲ…မေမေတို့ရေ ကလေး အသက် ၂ နှစ်ကျော်လည်း နို့ဆက်တိုက် ပေးလို့ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးလိုက်ကြစို့လား…………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement