backup og meta

သင့်ကလေးအတွက် ကျန်းမာတဲ့ မုန့်ပဲသရေစာ ပြင်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးအတွက် ကျန်းမာတဲ့ မုန့်ပဲသရေစာ ပြင်ကြမယ်

    ကလေးနဲ့ မုန့် ဆိုတာ ခွဲခြားမရတဲ့အရာတွေဆိုတာ မေမေတို့သိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့် မုန့်တွေ၊ အချိုရည်တွေ တွေ့ကရာပူဆာလို့ ဝယ်ကျွေးလို့လည်းမဖြစ်ပြန်ပါဘူး။ ရှော့ပင်းစင်တာရောက်တိုင်း အိမ်က သားလေး၊သမီးလေးအတွက် သရေစာမုန့် ဝယ်မယ်သတိရတဲ့အခါ အရင်ဆုံးတွေးဖို့က ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုနဲ့ ဘေးအန္တရာယ်ကင်းရေးကိုပါ။ ထုပ်ပိုးမှုဒီဇိုင်းလေးဆန်းတာလောက်၊ ကလေးကလိုချင်တယ်ဆိုတာလောက်နဲ့ အစားအသောက်ကို မရွေးချယ်မိဖို့ သတိထားပါနော်။

    စီမံထုပ်ပိုးထားတဲ့ သရေစာမုန့် တွေဟာ အချိုနဲ့အငန်ပါဝင်တဲ့အပြင် အရသာရှိအောင်ပြုပြင်ဖန်တီးထားတာများပါတယ်။ ရံဖန်ရံခါလောက်တော့ ပြဿနာမရှိပေမယ့် ကလေးအတွက် လိုအပ်တဲ့အာဟာရတွေပါဝင်ဖို့ မသေချာပါဘူး။

    ဒါ့ကြောင့် ကလေးရဲ့အာဟာရအတွက် ဘာပဲဝယ်ဝယ် ဘူးခွံ ဒါမှမဟုတ် အထုပ်ခွံမှာပါတဲ့ ပါဝင်မှုဖော်ပြချက် (label) ကို ကြည့်ဖို့ မမေ့ပါနဲ့။ သရေစာနဲ့ပတ်သက်ရင် အပြင်မုန့်တွေထက် ကိုယ်တိုင်လုပ်ကျွေးတဲ့စားစရာတွေက ဘေးလည်းကင်း၊ အာဟာရလည်းပြည့်စေနိုင်ပါတယ်။

    သင့်ကလေးအတွက် ကျန်းမာတဲ့ မုန့်ပဲသရေစာ ပြင်ကြမယ်

    ကျန်းမာစွာနဲ့ဖွံ့ဖြိုးကြီးပြင်းလာမှာလား၊ အာဟာရတွေလိုအပ်ပြီး ချူချာနေမှာလား၊ ဉာဏ်ရည်ထက်မြက်ပြီး သွက်လက်တဲ့ကြယ်ပွင့်လေးတွေဖြစ်မှာလား၊ ဖွံ့ဖြိုးမှုနှေးနေမှာလားဆိုတာ ကလေးတို့ရဲ့ အနာဂတ်ဟာ မေမေတို့ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။

    အရင်က အချက်အပြုတ်စိတ်မဝင်စားတဲ့ သူတွေတောင် မေမေဖြစ်လာတာနဲ့ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်တတ်လာတယ်ဆိုတာ မိခင်မေတ္တာကြောင့်ပါ။ ကိုယ်မကျွမ်းကျင်တာတောင် မေးရင်းမြန်းရင်းနဲ့ ကိုယ်တိုင်အစားအစာပြင်ဆင်ပေးကြတာ မေမေတွေပါပဲ။

    ကလေးအတွက် ဘေးဥပါဒ်ကင်းစေဖို့၊ လိုအပ်တဲ့အာဟာရတွေပြည့်ဝစေဖို့က အစားအသောက်တွေကို ဒီလိုမျိုး ကိုယ်တိုင်ပြုလုပ်ဖန်တီးမယ်၊ အရည်အသွေးကောင်းပြီး ကလေးကျန်းမာဖွံ့ဖြိုးမှုအတွက် စိတ်ချရတဲ့အမှတ်တံဆိပ်တွေကိုရွေးချယ်မယ် ဆိုရင် အကောင်းဆုံးပါနော်။ မေမေတို့ စီမံပေးလို့ရမယ့် သရေစာအာဟာရတချို့ကို အကြံပြုပေးလိုက်ပါမယ်။

    (၁) ကြက်ဥပူတင်း အလွယ်ဆုံးနဲ့ အကျွေးများဆုံး သရေစာပါနော်။ ကလေးတွေကို အစာစစားတတ်တဲ့အရွယ်ကနေ အရွယ်ရောက်တဲ့အထိ ကျွေးလို့အကောင်းဆုံးအာဟာရပါ။ ဂျုံမပါရင်တောင် ကြက်ဥ၊ နွားနို့လောက်နဲ့တင် ကလေးအတွက် ကယ်လ်ဆီယမ်၊ ပရိုတင်းအပါအဝင် အာဟာရတွေရရှိစေနိုင်တယ်၊ လုပ်ရလည်းသိပ်လွယ်ပါတယ်။

    (၂) ကန်စွန်းဥမီးဖုတ်/ပြုတ် – ဒီအစားအစာက လုပ်ရတာ သိပ်များခက်နေမလား။ ကန်စွန်းဥလေးတွေကို ရေစင်အောင်ဆေးကြောပြီး ပြုတ်ပေးရုံပါပဲ။ ပျော့ပျော့ချိုချိုလေးနဲ့ ကလေးလည်းနှစ်သက်လောက်တယ်။ ဒါမှမဟုတ် အပေါ်က ပူတင်းမှာ ကန်စွန်းဥလေးထည့်ပြီး ကန်စွန်းဥပူတင်းလုပ်ကျွေးလို့ရသေးတယ်။

    (၃) ကွေကာအုတ် အချိုပါဝင်မှုများတဲ့ အသင့်သောက်ကွေကာတွေမဟုတ်ဘဲ ကွေကာအုတ်အလွတ်ကို နွားနို့ သို့မဟုတ် အာဟာရနို့မှုန့်နဲ့ ဖျော်တိုက်ပေးပါ။ အရသာလည်းရှိ၊ အဆာလည်းပြေ၊ အာဟာရလည်းပြည့် ဆိုတော့ တစ်ချက်တည်းနဲ့ သုံးချက်ပြတ်ပါတယ်။ ကလေးကို အချိုဓါတ်စားသုံးမှု ချင့်ချိန်ပေးနိုင်လို့ ပိုအဆင်ပြေပါလိမ့်မယ်။

    (၄) အာဟာရနို့ – အာဟာရနို့ဆိုတာ ရိုးရိုးနို့မှုန့်တိုက်ရုံနဲ့တော့ သိပ်ထူးမှာမဟုတ်ပါဘူး။ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေဖြည့်စွက်ထားတဲ့ နို့မှုန့်တွေရှိတယ်လေ။ ဉာဏ်စွမ်းရည်ထက်မြက်ဖို့နဲ့ အမြင်အာရုံဖွံ့ဖြိုးစေမယ့် DHA ၊ အစာခြေစနစ်အတွက် ထောက်ပံ့အားဖြည့်ပေးမယ့် အကျိုးပြုဘက်တီးရီးယားအာဟာရအမျှင်ဓာတ် lcFOS၊ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ အာဟာရနို့မှုန့်တွေကို တိုက်ကျွေးပါ။ ကွေကာအုတ်လေးနဲ့တိုက်လည်းရတာပေါ့။ တစ်ခုရှိတာက အရည်အသွေးကောင်းပြီး ကလေးအတွက်စိတ်ချရတဲ့ နို့မှုန့်အမှတ်တံဆိပ်ကိုရွေးချယ်ဖို့ပါပဲ။

    (၅) အသီးအနှံ အသီးအနှံလေးတွေကို ကလေးစားလို့ရအောင် လှီးဖြတ်၊ ချေပေးတာမျိုး စီမံပြီးကျွေးလို့ရတယ်။ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ သင်္ဘောသီး၊ သရက်သီး တို့လို ပျော့ပျောင်းတဲ့အသီးတွေကျွေးပါ။ ငှက်ပျောသီးနဲ့ နို့၊ အသီးဖျော်ရည်နည်းနည်းတို့လို ပုံစံပြောင်းပြီးလုပ်ကျွေးလို့ရတယ်။ ဗီတာမင်ဓါတ်တွေ ကြွယ်ဝသလို သဘာဝအချိုဓါတ်လေးမို့ သကြားလုံးတွေ၊ ရေခဲမုန့်တွေဝယ်ကျွေးတာထက် ပိုကောင်းပါတယ်။

    (၆) ဒိန်ချဉ် ဒိန်ချဉ်က ကလေးတို့ရဲ့အစာခြေစနစ်အတွက် အကျိုးပြုပေးတဲ့ဘက်တီးရီးယား Probiotic လေးတွေဖြည့်တင်းပေးနိုင်ပါတယ်။ ဒိန်ချဉ်လေးနည်းနည်းကို ခုနက အသီးအနှံလေးတွေထည့်ပြီးကျွေးလို့ရပါတယ်။

    ကဲ မေမေတို့ရွေးလိုက်ပါ… ကိုယ့်ကလေးအတွက် စီစဉ်ပေးမှာက ကျန်းမာရေးနဲ့မညီတဲ့ သရေစာတွေလား၊ ဒါမှမဟုတ် အာဟာရဓာတ်တွေဖြည့်စွက်ပေးမယ့် ကျန်းမာတဲ့ မုန့်ပဲသရေစာ တွေလားဆိုတာ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement