backup og meta

DHA နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    DHA နဲ့ ကျန်းမာရေး

    နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာတိုင်းမှာ အာဟာရဓာတ်တွေ များစွာ ပါဝင်နေသလို အာဟာရ တစ်ခုချင်းစီတိုင်းက ခန္ဓာကိုယ်ကို များစွာ အကျိုးပြုနေပါတယ်။ ဒီတစ်ခေါက်တော့ ဦးနှောက် နဲ့ အမြင်အာရုံ ကျန်းမာရေး ကစလို့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာစေဖို့အတွက် အရေးပါတဲ့ DHA  က ခန္ဓာကိုယ် အတွက် ဘယ်လို အကျိုးပြုလဲ ဆိုတာကို ပြောပြပေးပါရစေ။

    DHA ဆိုတာ ဘာလဲ……….

    DHA ကို Docosahexaenoic acid လို့ ခေါ်ကြပြီး omega-3 fatty acid တစ်မျိုးပါ။ omega-3 fat ကDHA အပြင် omega-3 fat eicosapentaenoic acid (EPA) ဆိုတာလည်းရှိပါတယ်။ အဆီများတဲ့ ငါးတွေအထူးသဖြင့် ဆယ်လ်မွန် နဲ့ တူနာတို့မှာ အတွေ့ရများပါတယ်။

    ခန္ဓာကိုယ်က DHA ပမာဏ နည်းနည်းလောက်ပဲ ထုတ်နိုင်တာပါ။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ DHA ပမာဏကို ပြည့်ဝစွာ ရရှိဖို့ဆိုရင် အစားအသောက် ကနေတဆင့် ဒါမှမဟုတ် ဖြည့်စွက်အာဟာရတွေကို အားကိုးရပါမယ်။ DHA နဲ့ EPA တို့ကို ပြည့်ဝလုံလောက်စွာ ရရှိမှ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး နှလုံးရောဂါ လိုမျိုး နာတာရှည်ရောဂါတွေကို သက်သာစေနိုင်မှာပါ။ DHA က ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပြီး မျက်လုံးကို ကျန်းမာစေနိုင်မှာပါ။

    DHA ကပေးတဲ့ ကျန်းမာရေး

    မရှိမဖြစ် အရေးပါတဲ့ အာဟာရ တစ်မျိုးဖြစ်တဲ့ DHA ကို ပြည့်ဝလုံလောက်အောင် စားသုံးပေးမယ်ဆိုရင်

    နှလုံး ကျန်းမာစေနိုင်တယ်

    Omega-3 fats ကို ပုံမှန်အားဖြင့် နှလုံး ကျန်းမာရေးကို အများကြီး ထောက်ပံ့ပေးပါတယ်။ လေ့လာမှုတွေအရ DHA က သွေးတွင်းအဆီဓာတ်ကိုကျဆင်းစေပြီး အကျိုးပြုကိုလက်စထရော ပမာဏကို တိုးစေနိုင်တာကြောင့် နှလုံး ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ DHA ပြည့်ဝမှုက နှလုံး ကျန်းမာရေးကို ကောင်းစေပြီး ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးတာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    Attention deficit hyperactivity disorder (ADHD) ကို သက်သာစေနိုင်တယ်

    တစ်ခုခုကို အာရုံစူးစိုက်လုပ်ဆောင်ဖို့ ခက်ခဲတဲ့ အခြအနေတစ်ရပ်ကို (ADHD) လို့ ခေါ်ပါတယ်။ ကလေးဘဝမှာ စတင်ခံစားရတတ်ပြီး အရွယ်ရောက်တဲ့အထိ ဆက်လက်ခံစားရနိုင်ပါတယ်။

    DHA က ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေသလို အာရုံစူးစိုက်မှု ကောင်းစေပြီး သင်ယူနိုင်စွမ်းကို တိုးစေနိုင်ပါတယ်။ လေ့လာမှုအရ ကလေးတွေကို တစ်နေ့ကို DHA ၆၀၀ mg ပုံမှန် တိုက်ကျွေးတာက အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

    လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေကို ကျဆင်းစေတယ်

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေအနေနဲ့ DHA ကို ပုံမှန် သောက်သုံးပေးမယ်ဆိုရင် ကလေးကျန်းမာရေး ကောင်းသလို လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေနည်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ တစ်နေ့ကို DHA  ပမာဏ ၈ အောင်စလောက် ပုံမှန် စားသုံးပေးဖို့လိုပါမယ်။

    အစားအသောက် ကနေဖြစ်ဖြစ်၊ ဖြည့်စွက်အာဟာရ ကနေဖြစ်ဖြစ်ပေါ့။ ဒါကြောင့် ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားစေဖို့ဆိုရင် DHA  ပမာဏ လုံလောက်စွာ စားသုံးပေးဖို့ လိုပါမယ်။

    နာကျင်ရောင်ရမ်းမှုကို သက်သာ စေနိုင်ပါတယ်

    DHA မှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ DHA ပမာဏကို ပြည့်စုံလုံလောက်အောင် စားသုံးမှုက အသက်အရွယ်ကြောင့်ဖြစ်တဲ့ နာတာရှည်ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချနိုင်သလို နှလုံး နဲ့ သွားဖုံးရောဂါတွေကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာကိုလည်း သိသိသာသာ သက်သာစေနိုင်မှာပါ။ အဆစ်ရောင်ဝေဒနာခ့စားနေရသူတွေကို သက်သာစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

    ကြွက်သား နာကျင်မှုကို သက်သာစေနိုင်ပါတယ်

    လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေ နာကျင်တာ ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တာက DHA ပါ။ နေ့စဉ် လှုပ်ရှားမှုကြောင့် ကြွက်သားနာကျင်တာတွေကို သက်သာစေဖို့ဆိုရင် DHA ကို အသုံးပြုပေးလို့ရပါတယ်။

    တစ်ပတ်ကို DHA ၃၀၀၀ mg  စားသုံးပေးတာက ကြွက်သားတွေ နာကျင်မှု ခံစားရနိုင်ခြေကို ၂၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။

    မျက်လုံး နဲ့ အမြင်အာရုံ ကျန်းမာစေနိုင်တယ်

    DHA က အသက်အရွယ်ကြောင့် ဖြစ်တဲ့ အမြင်အာရုံ ပြဿနာတွေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ နောက်တစ်ချက်က မျက်လုံးခြောက်တာ၊ ဆီးချိုရောဂါကြောင့် အမြင်အာရုံ ထိခိုက်တာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

    ရေတိမ်ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ မျက်လုံး ကျန်းမာပြီး အမြင်အာရုံ ပြဿနာ ကင်းစေဖို့ မဖြစ်မနေ စားပေးသင့်ပါတယ်။

    ကင်ဆာ ကာကွယ်ပေးနိုင်တယ်

    နာတာရှည် ရောင်ရမ်းမှုတွေက ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ DHA ကို လုံလောက်စွာ စားသုံးတာက အူမကြီးကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ ရင်သား ကင်ဆာ နဲ့ ဆီးကျိတ် ကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဒါကြောင့် ကင်ဆာကို ကာကွယ်ဖို့ဆိုရင် DHA ကို ပြည့်ဝ လုံလောက်စွာ စားသုံးမိဖို့ လိုပါမယ်။

    နောက်ထပ်အားသာချက်တစ်ခုက DHA က ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို ဟန့်တားပေးနိုင်တာပါ။ ကင်ဆာတိုက်ဖျက်တဲ့ ဆေါ်ဝါးတွေကို ထိရောက်မှု ပိုကောင်းစေသလို ကင်ဆာဆဲလ်တွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ကင်ဆာကို ကာကွယ်ဖို့ရော ကုသဖို့ပါ DHA ကို အသုံးပြုပေး လို့ရပါတယ်။

    အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တယ်

    DHA က ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါသလို အာရုံကြော စနစ်တွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမား အပါအဝင် မှတ်ဉာဏ် ထိခိုက်တဲ့ ရောဂါ အများစုကို ဖြစ်စေရတဲ့ အကြောင်းအရင်းက ဦးနှောက်ထဲမှာ DHA ပမာဏ နည်းတာပါ။

    ဒါကြောင့် အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် DHA ပြည့်ဝဖို့ လိုပါမယ်။

    သွေးပေါင်ချိန် ထိန်းညှိပေးပြီး သွေးလည်ပတ်မှုကောင်းစေနိုင်တယ်

    DHA ကသွေးကြောတွေရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့လည်း အားဖြည့်ပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးလို့ သွေးတိုးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

    သွေးစီးဆင်းမှု ကောင်းတာက ရုတ်တရက် နှလုံးရပ်နိုင်ခြေ ကိုရော လေဖြတ်နိုင်ခြေကိုပါ လျှော့ချပေးနိုင်ပါတယ်။

    ဘေဘီလေးရဲ့ အမြင်အာရုံ နဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ကောင်းစေတယ်

    DHA က ဘေဘီလေးရဲ့ ဦးနှောက် နဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက မေမေက DHA  ပြည့်ဝစွာ စားသုံးပေးမယ်ဆိုရင် ဘေဘီလေးကို အကောင်းဆုံးဖွံ့ဖြိုးစေမှာပါ။

    ဒီလိုပြည့်ဝမှုက လမစေ့ဘဲ မွေးဖွားလာနိုင်ခြေကိုလည်း အကောင်းဆုံး လျှော့ချပေးနိုင်ပါတယ်။

    စိတ်ကျန်းမာရေး ကောင်းစေတယ်

    DHA နဲ့ EPA ပမာဏ မျှတမှုက စိတ်ဖိစီးမှု ခံစားရနိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ DHA က serotonin ပမာဏကို ထိန်းညှိပေးပါတယ်။ အာရုံကြောဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကင်းစေဖို့နဲ့စိတ်ဓာတ်ကျမှုကင်းစေဖို့ဆိုရင် DHA  ကို သောက်သုံးပေးလို့ ရပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement