backup og meta

ဘက်စုံထူးချွန်တဲ့ သားသမီးလေးတွေ ပျိုးထောင်ဖို့ မေမေ သိသင့်တဲ့ (၆) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘက်စုံထူးချွန်တဲ့ သားသမီးလေးတွေ ပျိုးထောင်ဖို့ မေမေ သိသင့်တဲ့ (၆) ချက်

    ကလေးတွေရဲ့ အောင်မြင်မှုကို အမြင်ချင်ဆုံးက ဖေဖေ မေမေ တို့ ပါပဲ။ စာမေးပွဲတို့ ပြိုင်ပွဲတို့ဆို ကာယကံရှင်လေးတွေထက် မိဘတွေက ပိုပြီး စိတ်လှုပ်ရှားတတ်ကြတာပဲ ကြည့်။ ကိုယ့်သားသမီးလေးတွေကို ပညာတော်စေချင်တာ ၊ ထိပ်ဆုံး ရောက်စေချင်တာ မိဘတိုင်း ရဲ့ ဆန္ဒပဲ မဟုတ်လား။ ဒါပေမယ့် မေးစရာရှိတဲ့မေးခွန်းတစ်ခုက ပညာရေးမှာ အဆင့်တစ် ရရုံနဲ့ ထူးချွန်အောင်မြင်တယ်လို့ ယူဆနိုင်ပြီလား။

    မိဘတွေဟာ အများအားဖြင့် ကျောင်းမှာ အမြဲ အဆင့်တစ် ရဖို့၊ အမှတ်အများဆုံး ရဖို့ကိုပဲ အလေးထားပြီး ကလေးတွေကို တွန်းအားပေးတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေ ရဲ့ အနာဂတ်ဘဝမှာ အောင်မြင်မှုတွေ ရဖို့ ဆိုတာ ဉာဏ်ကောင်းရုံ ၊ အမှတ်ကောင်းရုံ နဲ့ မလုံလောက်ဘူး ဆိုတာ မေမေတို့ သတိပြုဖို့ လိုပါတယ်နော်။ သက်ဆိုင်ရာနယ်ပယ်မှာ ထူးထူးချွန်ချွန်နဲ့ အောင်မြင်ပြီး လူချစ်လူခင်များတဲ့သူတွေကိုကြည့်မယ်ဆိုရင် ကျောင်းမှာအမြဲအဆင့်(၁) ရသူတွေ၊ အမှတ်အများဆုံးရသူတွေချည်းဖြစ်မနေဘူးဆိုတာ သတိထားမိပါလိမ့်မယ်။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို စာတစ်ခုတည်းမဟုတ်ဘဲ ဘက်စုံထူးချွန်တဲ့ သားသမီးလေးတွေ ဖြစ်လာဖို့အတွက် ပျိုးထောင်ပေးရမှာပါ။

    ဘက်စုံ ထူးချွန်တဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့ ဆိုတာ စာတစ်ခုတည်း တော်နေရုံနဲ့ မလုံလောက်ပါဘူး။

    ကလေး တစ်ယောက်ရဲ့ အနာဂတ် ဟာ ဖေဖေမေမေတို့ရဲ့ လက်ထဲမှာပါ။ စာတော်ဖို့ တစ်ခုအတွက်ပဲ ဖိအားတွေ၊ တွန်းအားတွေ ပေးပြီး ကြိုးစားစေမယ်ဆိုရင် ကလေးက ပညာရေးမှာ အောင်မြင်နိုင်ပေမယ့် စိတ်ဖိစီးမှုတွေနဲ့ အသားကျပြီး ပေါင်းသင်းဆက်ဆံရေးတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေ၊ ကိုယ့်ကိုကိုယ်အားကိုးတတ်တာတွေမှာ အားနည်းသွားတတ်ပါတယ်။ အဲဒီလိုမျိုး အားနည်းတာတွေမရှိဘဲ ဘက်စုံနေရာစုံမှာ ထူးချွန်နေတဲ့ ကလေးတွေ ဖြစ်ဖို့အတွက် ဘယ်လိုပျိုးထောင်နိုင်မလဲဆိုတဲ့ အချက် (၆)ချက်ရှိပါတယ်။

    ဘက်စုံထူးချွန်တဲ့ သားသမီးလေးတွေ ပျိုးထောင်ဖို့ မေမေ သိသင့်တဲ့ (၆) ချက်

    ဒီတော့ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်ထက်မြက်တဲ့၊ ဘက်စုံထူးချွန်တဲ့ သားသားမီးမီးတွေဖြစ်ဖို့ ဘယ်လိုပျိုးထောင်ကြမလဲ။

    (၁) အာဟာရကို ဂရုစိုက်ပါ။

    အာဟာရက အရေးကြီးတယ်ဆိုတာကို မိဘတွေသိပြီးသားဆိုတာ သေချာပါတယ်။ ဒါပေမယ့် အများစုမိဘတွေရဲ့ ပြဿနာက မှန်ကန်တဲ့အာဟာရဓာတ်ကဘာတွေလဲ ဘယ်ကနေ ကျွေးမွေးရမလဲဆိုတာမှာ ဝေခွဲမရဖြစ်နေတာပါ။ ထူးချွန်ထက်မြက်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ဖို့ဆိုရင်

    • ဦးနှောက်ဖွံ့ဖြိုးမှုအတွက် DHA ပါတဲ့အစားအသောက်တွေ ဖြည့်စွက်စာတွေကျွေးလို့ရပါတယ်။
    • အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာရေးကောင်းဖို့၊ ကိုယ်ခံအား ကောင်းဖို့၊ အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်ဖို့အတွက် lcFOS (Prebiotics) ပါဝင်တဲ့အစားအသောက်တွေ ကျွေးလို့ရတယ်။
    • အရိုးအဆစ်တွေ ခိုင်မာပြီး ဖွံ့ဖြိုးကြီးထွားဖို့အတွက် ကယ်လ်ဆီယမ်၊ ရောဂါကာကွယ်ဖို့ ဗီတာမင် စီ တွေလည်း လိုအပ်ပါသေးတယ်။

    ဒီအမျိုးအစားတွေ ပြည့်ပြည့်ဝဝပါဝင်တဲ့ အစားအသောက်တွေကို ကျွေးမွေးနိုင်မယ်ဆိုရင် ကျန်းမာဖို့ရယ်၊ ဉာဏ်ကောင်းဖို့ရယ်၊ ကြီးထွားဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်ဖို့ရယ်အတွက် အခြေခံလိုအပ်ချက်တွေ ပြည့်မီပြီးသားဖြစ်ပါလိမ့်မယ်။

    (၂) ကလေး အတွက် အခိုင်ခံ့ဆုံး တံတိုင်းအဖြစ် နေပေးပါ။

    ကိုယ့်အားသန်ရာ၊ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စွမ်းရည်တွေကို ကြောက်စိတ်ကင်းကင်းနဲ့ ထုတ်ဖော်ရဲ၊ လုပ်ကိုင်ရဲမှ ကလေးက ကိုယ့်ကိုယ်ကို ယုံကြည်မှု ခိုင်မာလာမှာပါ။ ဒီလိုယုံကြည်မှု ရှိမှ အောင်မြင်မှုတွေကို ထက်ထက်မြက်မြက်နဲ့ ရယူနိုင်ပါလိမ့်မယ်။

    သူတို့ ကြိုးစားသမျှကို အားပေးထောက်ပံ့နေမယ့် တံတိုင်းတစ်ခုအဖြစ် မိဘတွေက ရှိနေပေးမယ်ဆို အကောင်းဆုံးပါပဲ။ ကလေးရဲ့ ဝါသနာတွေ လုပ်ချင်တာတွေ ဖန်တီးချင်တာတွေကို အားပေးတဲ့ အထောက်အကူတံတိုင်းတစ်ခုဖြစ်ပါစေ။ ဆန့်ကျင်တားဆီးမယ့် အတားအဆီး တံတိုင်းမဖြစ်ပါစေနဲ့။

    (၃) ဆက်ဆံရေး ပွင့်လင်းအောင် အားပေးပါ။

    ကလေး နဲ့ မိဘ ကြားက ဆက်ဆံရေး ပွင့်လင်းဖို့ကလည်း အဓိကကျပါတယ်။ ဒါမှ သူတို့ရဲ့ စိတ်ထဲက အတွေး၊ အသိ၊ အမြင် နဲ့ ခံစားချက်တွေကို သိရမယ်။ မိဘတွေနဲ့ ပွင့်လင်းပြီး ရိုးရှင်းတဲ့ ဆက်ဆံရေးရှိခြင်းက တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာလည်း ဘယ်လို တုံ့ပြန်ရမယ်၊ ဘယ်လိုပြုမူရမယ်၊ ဘယ်လိုဆင်ခြင်နားလည်ရမယ် ဆိုတာ ကလေးကို သင်ပြပေးလို့ ရမယ်လေ။

    (၄) ကာကွယ်ပေးလွန်းတဲ့ မိဘ မဖြစ်ပါစေနဲ့။

    ကလေး ရဲ့ အရာရာမှာ မိဘက ဝင်ပါတာ၊ အစအဆုံး အကုန် မိဘက လုပ်ပေးတာ၊ ကလေးကို ကာကွယ်ပေးလွန်းတာ တွေက လွန်ကဲတဲ့ ဂရုစိုက်မှု တွေပါ။ နောက်ဆို ကလေးက ဘာကိုမဆို ကိုယ်တိုင် ထိတွေ့ကြည့်ဖို့၊ ရင်ဆိုင်ဖြေရှင်းဖို့ထက် မိဘရဲ့ အနောက်မှာပဲ တွဲမှီနေတော့မှာပါ။ ဒီကလေးတွေဟာ ကိုယ့်ကိုကိုယ် မယုံမကြည်ဖြစ်တတ်တယ်။ အားငယ်တတ်ပါတယ်။

    ဒါ့ကြောင့် ကလေးကို ကိုယ်တိုင် ဖြေရှင်းခွင့်ပေးပါ။ ဖြစ်လာတဲ့ ရလဒ်ကို လက်ခံတတ်ဖို့၊ ပြန်ကြိုးစားတတ်ဖို့ လေ့ကျင့်ပေးသင့်ပါတယ် ။

    (၅) တာဝန်သိစိတ်ကို မွေးပေးပါ ။

    အမှိုက်ကို အမှိုက်ပုံးထဲ ပစ်တတ်ဖို့ အကျင့်လေး လုပ်ပေးတာမျိုးက အသေးအဖွဲ ကိစ္စလေးတွေ ဆိုပေမယ့် ကလေးကို အမူအကျင့်ကောင်း တွေ မွေးမြူရာမှာ အရေးပါတဲ့ အထောက်အကူတွေပါ။

    ကစားပြီးရင် ကစားစရာလေးတွေ ကိုယ်တိုင် ပြန်သိမ်းစေဖို့ အကျင့်လုပ်တာမျိုးကလည်း တာဝန်သိစိတ်၊ တာဝန်ယူစိတ် ရှိလာစေနိုင်တဲ့ ဥပမာကောင်းတစ်ခုပါပဲ။

    (၆) စာဖတ်တဲ့ အလေ့အကျင့် လုပ်ပေးပါ။

    ကျောင်းစာပြင်ပ လေ့လာစရာတွေက အများကြီးရယ်။ အားတဲ့အချိန်လေး ကလေး စိတ်ဝင်စားလောက်တဲ့ သုတ၊ ရသ စာလေးတွေ အတူဖတ်ပေးပါ။ ဒီအကျင့်လေးရမှ သူ့အတွက် အကျိုးရှိမယ့် စာလေးတွေ ဝယ်ပေးထားပေါ့။ စာအုပ်စာပေ တွေကတဆင့် ရရှိတဲ့ အသိပညာက ကလေးရဲ့ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်း၊ ဆင်ခြင်ပိုင်းခြားနိုင်စွမ်းကို တိုးတက်စေမှာပါ။

    အပေါ်မှာ ပြောခဲ့သလိုပဲ ကလေးတို့ရဲ့ အောင်မြင်မှုက ဉာဏ်ကောင်းရုံနဲ့ မလုံလောက်ပါဘူး။ သူ့ရဲ့ဘဝမှာ ရည်မှန်းချက်ဆီ အရောက်သွားနိုင်ဖို့ လုပ်ဆောင်နိုင်စွမ်းတွေ၊ ကိုယ့်အားသာချက်ကို အသုံးချနိုင်စွမ်း၊ အခြေအနေအမျိုးမျိုးမှာ ရင်ဆိုင် ကျော်လွှားနိုင်စွမ်း၊ လူမှုဆက်ဆံရေး အောင်မြင်နိုင်စွမ်း၊ ရှိသင့်တဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းတွေ ဘက်စုံဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။

    ကျန်းမာ ဉာဏ်ကောင်းတဲ့ ကလေးတွေကို ဒီအရည်အချင်းတွေ ထပ်ပေါင်းပေးလိုက်မယ်ဆိုရင် အတော်ဆုံး သားသားမီးမီးတွေ ဖြစ်လာဖို့ ဘာလိုဦးမှာလဲ….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement