backup og meta

ကလေးကို အမြင်အာရုံ ကောင်းစေမယ့် အာဟာရဓာတ် ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို အမြင်အာရုံ ကောင်းစေမယ့် အာဟာရဓာတ် ။ ။

    ကလေးဆိုပြီး အမြင်စူးရှမှာပဲ လို့ မထင်လိုက်ပါနဲ့။ ငယ်ငယ်လေးနဲ့ မျက်စိမှုန်လို့ မျက်မှန်တပ်ရတဲ့ ကလေးတွေလည်းရှိပါတယ်။ ဘာကြောင့်ငယ်ငယ်လေးနဲ့ မျက်စိမှုန်ရတာလဲ ။ ။

    ငယ်ငယ်လေးနဲ့ မျက်စိမှုန်ရတဲ့ အကြောင်းရင်းတွေကတော့

  • ကလေးတွေ တီဗီအကြည့်များတာ၊
  • မီးအလင်းရောင်သိပ်မကောင်းတဲ့နေရာမှာ စာဖတ်တာ
  • ဖုန်းကို မျက်လုံးနဲ့ နီးနီးကပ်ကပ်အသုံးပြုလွန်းတာ၊
  • မွေးရာပါအမြင်အာရုံချို့ယွင်းတာ၊ နဲ့
  • မျိုးရိုးဗီဇကြောင့် ကလေးတွေမှာ မျက်စိမှုန်နိုင်ပါတယ်။
  • ခုခေတ်ဆို ပိုဆိုးတာပေါ့။ အရင်ကလို ပြေးလွှားကစားတာမျိုးမရှိတော့ဘဲ ကျောင်းဆင်းပြီဆိုတာနဲ့ အိမ်တွင်းအောင်းပြီး ဂိမ်းဆော့၊ အင်တာနက်သုံးတဲ့ခေတ်ဆိုတော့ အမြင်အာရုံချို့ယွင်းစေတဲ့ လမ်းတွေ အများကြီးပေါ့ ။

    ကလေးဆိုတာ ငယ်သေးတော့ ခုန်ပေါက်ကစားချင်တယ်၊ ဂိမ်းဆော့ချင်တယ်၊ ပြေးပြေးလွှားလွှား လုပ်ချင်တယ်ဆိုတော့ ဘယ်သူမှ မျက်မှန်မတပ်ချင်ကြပါဘူး။. အခန်းထဲမှာ သူငယ်ချင်းက မျက်မှန်မတပ်ဘဲ ကိုယ်ပဲ တပ်လို့ လေးလုံးလို့ အခေါ်ခံရတာကိုလည်း ရှက်ကြတယ်လေ။ ဒီတော့ ကိုယ့်ကလေး အမြင်အာရုံချို့ယွင်းချက်တွေ မရှိအောင် ဘယ်လိုကာကွယ်ကြမလဲ။ ။

    ကလေးအရွယ်မှာ အဓိက အရေးအပါဆုံးက အာဟာရပါ။ ဒီတော့ ကလေးတွေရဲ့ အမြင်အာရုံ ကောင်းမွန်ဖို့က မေမေတို့ ကျွေးမွေးပြုစုပုံပေါ် အများကြီးမူတည်တာပေါ့ ။ ဒါဆို ဘာတွေ ကျွေးရမလဲ ။ ။

    အမြင်အာရုံ ကောင်းမွန်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ ။ ။

    ဗီတာမင် အေ ( Vitamin A ) – အမြင်အာရုံအတွက် အရေးအကြီးဆုံး ဗီတာမင်ပါ။ ဗီတာမင် A လုံလောက်စွာ မစားလို့ ချို့တဲ့သွားရင် ကြက်မျက်သင့် ရောဂါ၊ မျက်လုံးခြောက်တဲ့ရောဂါ နဲ့ မျက်လုံးအားနည်းတာအပြင် ခုခံအားနည်းတာ၊ အူလမ်းကြောင်း အားနည်းတွေပါ ဖြစ်တတ်တာကြောင့် ကလေးတွေ အတွက်ပြင်ဆင်ပေးတဲ့ အစားအသောက်တွေထဲမှာ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဟင်းနုနွယ် ၊ကြက်ဥ စတဲ့ ဗီတာမင် A ကြွယ်ဝတဲ့ အစားအသောက်တွေ ပါသင့်ပါတယ်။

    ဗီတာမင် စီ( Vitamin C ) ဗီတာမင် အီး ( Vitamin E ) – ဗီတာမင် စီနဲ့ ဗီတာမင် အီး ဟာ ဓာတ်တိုးဆန့်ကျင်ပေးတဲ့ အာနိသင်ရှိလို့ မျက်လုံးကို ထိခိုက်စေတဲ့ ဓာတုဖိအားတွေကနေ ကာကွယ်ပေးတဲ့အပြင် မျက်လုံးအတွင်းပိုင်း ဆဲလ်တွေ ဖွံ့ဖြိုးစေဖို့အတွက်လည်း အကူအညီပေးဦးမှာပါ။ ဒါ့ကြောင့် ချဉ်တဲ့အသီးအနှံတွေ နဲ့ ဗီတာမင် အီးအတွက် နေကြာစေ့တို့ကို ကလေးကို ကျွေးလို့ရပါတယ် ။

    DHA DHA ဆိုတာ Omega 3 fatty acids တစ်မျိုးပါ။ Fatty Acid ( အဆီဓာတ်) ဆိုပြီး ကလေးတွေကို ဝစေတဲ့ ဓါတ်တစ်မျိုး မဟုတ်ပါဘူး။ ကလေးတွေရဲ့ အမြင်အာရုံ ဖွံ့ဖြိုးဖို့နဲ့ ဦးနှောက် စွမ်းရည်တိုးတက်စေဖို့ နဲ့ ဆဲလ်တွေ တည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တစ်မျိုးပါ။ မိခင်နို့၊ ဆယ်မွန်၊ တူနာ ဆာဒင်းငါးတို့ ဟာ DHA ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တာကြောင့် ထမင်းကျွေးတိုင်း ဒါတွေ ထည့်ကျွေးဖို့ မမေ့ပါနဲ့။ နို့ဘူးသောက်နေတဲ့ ကလေးတွေကိုဆိုလည်း DHA ပါအောင် ထုတ်ထားတဲ့ နို့မှုန့်တွေကိုသာ ရွေးချယ်တိုက်သင့်ပါတယ်။

    Bioflavonoids (Flavonoids)ဘယ်ရီသီးတို့၊ စတော်ဘယ်ရီသီးတို့မှာပါတဲ့ ဒီ ရောင်ခြယ်ပစ္စည်း (Flavonoids) တွေဟာ မျက်လုံးကို ဓါတ်တိုးပစ္စည်းတွေရဲ့ ရန်ကနေ ကာကွယ်ပေးမယ့်အပြင် ကြီးလာရင် မျက်လုံးတိမ်စွဲတာ၊ အမြင်အာရုံချို့ယွင်းတာတွေ မဖြစ်အောင် ကာကွယ်ပေးဦးမှာပါ။ ဒါ့ကြောင့် ကလေးတွေကိုအရောင်စိုစို အသီၤးတွေဖြစ်တဲ့ ဘယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ချယ်ရီသီး များများကျွေးပါ။

    Lutein and Zeaxanthin – Lutein တို့ Zeaxanthin တို့ဟာလည်း မျက်လုံးကျန်းမာရေးအတွက် မရှိမဖြစ် အာဟာရဓာတ်တွေပါ။ မျက်လုံးအတွင်းမှာရှိတဲ့ ဆဲလ်တွေကို အားပေးပြီး ပြင်ပ ဖိစီးမှုတွေကနေ ကာကွယ်ပေးတဲ့ အာဟာရဓာတ်တွေပေါ့ ။ ဒီတော့ Lutein တို့ Zeaxanthinတို့ အများကြီးပါတဲ့ ဟင်းနုနွယ် မြင်းခွာရွက်၊ ကိုက်လန်တို့ကို ထမင်းကျွေးတိုင်းပါအောင် ပြင်ဆင်သင့်တာပေ့ါ။

    ဇင့်ဓာတ် – ဇင့်ဓာတ်ဟာ မျက်လုံးတစ်ရှူးဆဲလ်တွေ တည်ဆောက်ခြင်းကို အားပေးပြီး မြင်လွှာ ( retina ) ကိုအားဖြည့်ပေးတာကြောင့် ကလေးတွေကို ကျွေးတဲ့အစားအသောက်တွေထဲမှာ ဇင့်ဓာတ်ကလည်း ပါကိုပါဝင်သင့်တဲ့ အစားအသောက်တစ်ခုပါ။ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အဆီများတဲ့ ငါးတွေနဲ့ အစေ့အဆံတွေပဲ ဖြစ်ပါတယ် ။

    ကလေးတစ်ယောက်ရဲ့ ကျန်းမာရေး ကိစ္စ အဝဝ အားလုံး မေမေတို့ အပေါ်မှာ မူတည်နေတာကြောင့် အဓိကဖြစ်တဲ့ အာဟာရဓာတ်တွေ မချို့တဲ့ဖို့ မေမေတို့ သေချာဂရုစိုက်ဖို့လိုလိမ့်မယ်နော် ။ ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement