backup og meta

ရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်စွာ ရှင်သန်ပါစေ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်စွာ ရှင်သန်ပါစေ။

    ဘေဘီလေးတွေက ဖူးပွင့်လာမယ့် ပန်းကလေးတွေဆိုရင် ဖေဖေမေမေတို့က ဥယျာဉ်မှူးတွေပါ။ ဥယျာဉ်မှူးတွေရဲ့ တာဝန်က ပန်းကလေးတွေ လှပစွာဖူးပွင့်နိုင်စေဖို့ဆိုရင် ဖေဖေမေမေတို့တာဝန်က ဘေဘီလေးတွေ ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ပေါ့။

    ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ဆိုရာမှာ ဘေဘီလေးက ရောဂါကင်းဖို့ရော၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ရော၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးသန်စွမ်းဖို့ပါ လိုပါမယ်။ ဒီလို အဖက်ဖက်က ပြည့်စုံဖို့ အာဟာရပြည့်ဝရေး၊ ကျန်းမာတဲ့ နေထိုင်မှုပုံစံ၊ ချစ်ခင်အလေးစိုက်မှု နဲ့ လုံလောက်တဲ့ ကာကွယ်ဆေးထိုးနှံမှုဆိုတဲ့ အချက်တွေအားလုံးကို သေချာ ဂရုတစိုက် လုပ်ဆောင်ဖို့လိုမှာပါ။

    ကာကွယ်ဆေးထိုးဖို့ အရေးကြီးလို့လား။

    ကာကွယ်ဆေးထိုးတာက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပါတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပါ။ ကာကွယ်ဆေး ပြည့်ဝစွာ ထိုးနှံမှုက နှစ်စဉ် ကလေးငယ် သန်းပေါင်းများစွာကို ရောဂါတွေဘေးကနေ ကာကွယ်ပေးနေတာပါ။

    ကာကွယ်ဆေးက ရောဂါတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးရာမှာ ထိရောက်စွာ အားဖြည့်ပေးပါတယ်။ ကလေးတွေကို ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေပါတယ်။ ကာကွယ်ဆေးထိုးထားတာက ကလေးကို ရောဂါပိုးတွေ ကူးစက်ခံစားရနိုင်တဲ့အန္တရာယ်ကို လျှော့ချလိုက်တာပါပဲ။

    ကာကွယ်ဆေးက ရောဂါတွေကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ပေးတဲ့အရာပါ။ ကာကွယ်ဆေးကြောင့် နှစ်စဉ် တုပ်ကွေးဝက်သက်၊ မေးခိုင်ရောဂါပိုး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးလိုမျိုး ရောဂါတွေကြောင့် ထိခိုက်ရမယ့် ကလေးငယ် အသက်ပေါင်း ၂ သန်းကနေ ၃သန်းအထိကို ကာကွယ်နိုင်နေတာပါ။ ဒီတော့ ကာကွယ်ဆေးထိုးဖို့ အရေးကြီးလား။ မကြီးဘူးလားဆိုတာ တွေးသာကြည့်ပေတော့။

    ကာကွယ်ဆေးဆိုတာ ဘာလဲ။

    ကာကွယ်ဆေးဆိုတာက သေဆုံးသွားပြီဖြစ်တဲ့ ဒါမှမဟုတ် အားပျော့သွားပြီဖြစ်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် အနည်းငယ်ကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ထားတဲ့ ပရိုတင်းနဲ့ ပေါင်းစပ်ပြီး ထိရောက်ဘေးကင်းအောင် ထုတ်ထားတဲ့အရာပါ။

    ဒီဖော်စပ်မှုကို ခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်တဲ့အခါ ကိုယ်ခံအားက တုံ့ပြန်ပေးပြီး ပြင်ပက ဝင်လာမယ့် အလားတူ ရောဂါပိုးတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်စေဖို့ အသင့်ပြင်ထားပေးတဲ့အရာကို ကာကွယ်ဆေးလို့ ခေါ်တာပါ။ antibodiesလို့ ခေါ်တဲ့ ပဋိပစ္စည်း ထွက်လာအောင် လုပ်လိုက်တဲ့ သဘောပေါ့။

    ကာကွယ်ဆေးက ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို ရောဂါဒဏ်ကို ဆိုးဆိုးရွားရွား မခံရစေဖို့ အားဖြည့်ပေးပါသေးတယ်။ နုနယ်တဲ့ကလေးတွေအတွက် မဖြစ်မနေ လိုအပ်မယ့်အရာပေါ့။

    ဘေဘီလေးကို ကာကွယ်ဆေးထိုးပေးပါ။

    ကာကွယ်ဆေးထိုးနှံတာက လွယ်ကူပြီး စရိတ်စကသက်သာသော ရောဂါကာကွယ်နည်းပါ။ ထိရောက်တဲ့ ကာကွယ်နည်းဆိုလည်း မမှားပါဘူး။

    ကာကွယ်ဆေးတွေက ထိရောက်တဲ့ ကာကွယ်နည်းဖြစ်သလို သေချာစမ်းသပ်ထားတဲ့ ဆေးဝါးတွေပါ။ အမျိုးအစားအလိုက် ထိရောက်နိုင်စွမ်းတွေတော့ ကွာခြားနိုင်တာပေါ့။

    ကာကွယ်ဆေးက ပြင်းထန်တဲ့ ရောဂါတွေရန်ကနေ ကာကွယ်ပေးတယ်။ ဝက်သက်၊ ကြက်ညှာချောင်းဆိုးလိုမျိုး ကူးစက်နိုင်တဲ့ရောဂါတွေ ကူးစက်မှုအန္တရာယ်ကနေ ကာကွယ်ပေးတယ်။ ပိုလီယိုရေကျောက်လိုမျိုးရောဂါတွေကို ကမ္ဘာ့နိုင်ငံ အတော်များများမှာ အမြစ်ဖြတ် သုတ်သင်ပေးခဲ့တယ်လေ။

    ကလေးကိုကာကွယ်ဆေးထိုးနှံပေးတယ်ဆိုတာက ကာကွယ်ဆေးထိုးလိုက်တယ်ဆိုတာထက်ပိုတဲ့ အခုလို အဓိပ္ပါယ်တွေ သက်ရောက်နေတာပါ။ ကာကွယ်ဆေးထိုးတာက

  • ကလေးရဲ့ အသက်ကို ကယ်တင်တာပါ။

  • ကလေးကို ကောင်းမွန်စွာ ရှင်သန်ခွင့်ပေးလိုက်တာပေါ့။ ကာကွယ်ဆေးမထိုးနှံမိတာကြောင့် သေဆုံးရတဲ့ ကလေးငယ်တွေ၊ မသန်စွမ်းဖြစ်ရတဲ့ ကလေးငယ်တွေအများကြီးပါ။ ကာကွယ်ဆေးရဲ့ ကျေးဇူးကြောင့်ပဲ ကလေးတွေ ပိုလီယိုရောဂါ ကင်းစင်လာကြတာလေ။

    • ကာကွယ်ဆေးက ထိရောက်တယ်။

    ကာကွယ်ဆေးဆိုတဲ့အရာက တတ်ကျွမ်းတဲ့ သုတေသီတွေ ကိုယ်တိုင် အထပ်ထပ် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ထားတဲ့ ဆေးဝါးပါ။ ဒါကြောင့် ကာကွယ်ဆေးက အန္တရာယ်နည်းပြီး ထိရောက်မှု ရှိပါတယ်။

    မပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ဓာတ်မတည့်တာမျိုးတော့ ဖြစ်နိုင်တာပေါ့။ ဒါကလည်း ကလေးတိုင်းဖြစ်မယ်လို့ မဆိုလိုပါဘူး။ ဖြစ်ခဲပါတယ်။  ကာကွယ်ဆေးအမျိုးအစားပေါ်လည်း မူတည်ပါသေးတယ်။

    • ချစ်ရတဲ့ ရင်သွေးလေးကို ကာကွယ်စောင့်ရှောက်တာပါ။

    ကာကွယ်ဆေး ထိုးပေးတာက ကလေးကို ကောင်းမွန်စွာ ရှင်သန်နိုင်ပါစေဆိုတဲ့ အဓိပ္ပါယ်ပါ။ ကလေးကို ကူးစက်နိုင်တဲ့ရောဂါတွေ၊ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ ရန်ကနေ ကာကွယ်ပေးတာပါ။

    • ကာကွယ်ဆေးက မိသားစုတွေရဲ့ အချိန်နဲ့ ငွေကြေးအရင်းအနှီးကို ခြိုးခြံတာပါ။

    ကာကွယ်ဆေးထိုးတာက ကလေးကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်လိုက်တာဖြစ်တဲ့အတွက် ကလေးက နာမကျန်းဖြစ်တာ ကင်းလို့ မိသားစုရဲ့အချိန်တွေ၊ ငွေတွေ အလဟဿ မဖြစ်တော့ဘူးပေါ့။

    • ကာကွယ်ဆေးထိုးတာက အနာဂတ်မျိုးဆက်ကို ကာကွယ်ပေးတာပါ။

    ကာကွယ်ဆေးက ပြင်းထန်တဲ့ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးတာ ဖြစ်တာကြောင့် ကလေးကို ငယ်စဉ်ကတည်းက ကာကွယ်ဆေးထိုးပေးထားမယ်ဆိုရင် ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းတဲ့ အနာဂတ်မျိုးဆက်သစ်လေးတွေ အဖြစ် ကြီးပြင်းလာစေမှာပါ။

    အချို့သော ကာကွယ်ဆေးတွေက တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်ပေမယ့် အချို့ကာကွယ်ဆေးတွေကတော့ နှစ်အလိုက် ကာလအလိုက် ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနှံဖို့တော့ လိုပါမယ်။

    ဘေဘီလေးကို ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေက ဘာတွေဖြစ်မလဲ။

    ဘေဘီလေးတွေကို ရောဂါကင်းပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေဖို့ မွေးစကနေစပြီး အသက် ၁၀ နှစ်အတွင်း

  • ဘီစီဂျီ (BCG) ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီ ကာကွယ်ဆေး
  • အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး
  • ပိုလီယိုအစက်ချ
  • ရိုတာဗိုင်းရပ်စ်အစက်ချ
  • ပီစီဗီ (PCV) ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး
  • ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီနဲ့ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး)
  • ပိုလီယိုထိုးဆေး
  • ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး
  • ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး
  • သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးစတဲ့ ကာကွယ်ဆေးတွေကို အသက်အရွယ်အလိုက် သေချာလေး ထိုးနှံပေးဖို့လိုပါမယ်။
  • ကျန်းမာသန်စွမ်းတဲ့ ဘေဘီလေးတွေအဖြစ် ကြီးပြင်းအရွယ်ရောက်လာစေဖို့ ကာကွယ်ဆေးတွေကို မပျက်မကွက်ထိုးနှံကြဖို့ တိုက်တွန်းလိုက်ပါရစေ။

    MAT-MM-2000039

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement