သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

    လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

    COVID-19 ရောဂါကပ်ဘေးဟာ ပြည်တွင်းမှာတော့ အရှိန်အနည်းငယ်ကျဆင်းလာနေပြီဆိုပေမယ့် လုံးလုံးအဆင်ပြေ ပျောက်ကွယ်သွားတာမျိုးတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် ခုကာလတွေမှာလည်း သတိထားပြီးနေထိုင်ဖို့ လိုအပ်နေပါသေးတယ်။ အခြေအနေအမျိုးမျိုးကြောင့် လူစုလူဝေးအကြားမှာ သွားရလာရ ပါဝင်ပတ်သက်ရဖို့ရှိလာရင် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။

    ခုကာလဟာ ကပ်ဘေးကာလဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လူစုလူဝေးတွေနဲ့ ပတ်သက်ဆက်နွယ်ရတဲ့ အခြေအနေတွေရှိနေပါတယ်။ ဒီလို လူစုလူဝေးတွေအကြားမှာ ကိုယ်တိုင်ပါဝင်နေရင် ဒါမှမဟုတ် သွားရင်းလာရင်း လူစုလူဝေးအကြားဖြတ်သန်းသွားရတော့မယ်ဆိုရင် ရောဂါပိုးမကူးစက်အောင် သတိထားဖို့ လိုအပ်ပါတယ်။

    ရောဂါပိုးဟာ လေထုထဲကနေတဆင့် ပြန့်နှံ့နိုင်သလို လူအချင်းချင်းထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် လူစုလူဝေးနဲ့ ထိတွေ့ပတ်သက်နေရမယ်ဆိုရင် ရောဂါပိုးကူးစက်နိုင်ခြေဟာ အလွန်မြင့်မားနေမှာပါ။ ရောဂါပိုးရှိနေတယ်ဆိုတာကို မြင်ရုံနဲ့ မသိနိုင်တာကြောင့်ပါ။

    ပုံမှန်အားဖြင့်တော့ ကိုဗစ်ကာလမှာ လူစုလူဝေးပြုလုပ်မှုတွေကို အဆင့် ၄ ဆင့်ခွဲခြား သတ်မှတ်ထားပါတယ်။

    • အဆင့် ၁ ဖြစ်တဲ့ အွန်လိုင်းစုဝေးမှုတွေ၊ Virtual events တွေဟာ ရောဂါအန္တရာယ်အကင်းဆုံးပါ။
    • အဆင့် ၂ ဖြစ်တဲ့ လူနည်းစု စုဝေးမှုကတော့ Social Distancing နည်းလမ်းကို လိုက်နာဆောင်ရွက်နိုင်တာကြောင့် ရောဂါကူးစက်နိုင်ခြေ အတန်အသင့်နည်းပါးပါတယ်။
    • အဆင့် ၃ ဖြစ်တဲ့ အလယ်အလတ် လူစုဝေးမှုတွေမှာတော့ ကိုဗစ်ရန်ကာကွယ်ရေး စည်းမျဉ်းတစ်ချို့ကို လိုက်နာဖို့ ခက်ခဲလာတတ်တာကြောင့် ကူးစက်နိုင်ခြေ မြင့်မားပါတယ်။
    • အဆင့် ၄ ဖြစ်တဲ့ လူအမြောက်အများစုဝေးမှုတွေမှာတော့ ကိုဗစ်ရန်ကာကွယ်ရေး စည်းမျဉ်းတွေကို လိုက်နာနိုင်ဖို့ အတော်လေးခက်ခဲသွားပြီဖြစ်တာမို့ ရောဂါ ကူးစက်နိုင်ခြေနဲ့ ပြန့်နှံ့နိုင်ခြေ အလွန်များပြီး အန္တရာယ်အများဆုံးအဆင့်အဖြစ် အမေရိကန် CDC က သတ်မှတ်ထားတာပါ။

    လူစုလူဝေးအကြားမှာ ရောက်နေရင် ဒါတွေကို လိုက်နာပါ

    ခုချိန်ခါမှာ အိမ်အပြင်ထွက်ရမယ်ဆိုရင် လူစုလူဝေးကို ရှောင်ဖယ်ဖို့ ခက်ခဲနိုင်ပါတယ်။ ကိုယ်တိုင် လူစုလူဝေးအကြားမှာ ရောက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် တဖက်မှာ ကိုဗစ်ကပ်ဘေးအဆုံးမသတ်သေးတာကိုလည်း မေ့လျော့လို့မဖြစ်ပါဘူး။

    WHO ကတော့ ကိုဗစ်ပိုးကို ကာကွယ်ဖို့အတွက် အနည်းဆုံး ၁ မီတာကနေ ၂ မီတာအထိ ခွာပြီးနေဖို့ တိုက်တွန်းထားသလို နှာချေ၊ ချောင်းဆိုး၊ နှာစေးတာတွေ ဖြစ်နေတဲ့သူတွေကိုလည်း ရှောင်ကျဉ်ဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမယ့် လူစုလူဝေးအကြားမှာ ရောက်နေရင် ဒီအခြေအနေကို ရှောင်လွှဲနိုင်ဖို့ ခက်ခဲမှာပါ။

    လူစုလူဝေးကြားမှာ လည်း ရှိနေမယ်။ ကိုဗစ်ကူးစက်မှုကိုလည်း ဖြစ်မလာအောင် လျှော့ချချင်တယ်ဆိုရင်တော့ဖြင့် အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

    • လက်ဆေးပါ – အပြင်မထွက်ခင် လက်ဆေးဖို့လိုအပ်သလို အပြင်သွားချိန်တွေမှာ ရေမလိုလက်သန့်ဆေးရည် ဆောင်သွားပါ။ သတိရတဲ့အချိန်တိုင်း ဒါမှမဟုတ် တစ်ခုခုကို ကိုင်တွယ်မိပြီးချိန်တိုင်းမှာ ရေမလိုလက်သန့်ဆေးရည်နဲ့ ဆေးကြောပေးဖို့ မမေ့ပါနဲ့။
    • ဆေးစစ်ပါ – လူစုလူဝေးတွေနဲ့ ကြုံဆုံပြီးတဲ့နောက် ဒါမှမဟုတ် လူစုလူဝေးအကြားမှာ ပါဝင်ပြီးတဲ့နောက် ၅ ရက်ကနေ ၇ ရက်အတွင်းမှာ ဆေးစစ်မှုခံယူသင့်ပါတယ်။ လူစုလူဝေးထဲမှာ ရောဂါပိုးပါရှိနေသူတွေ ပါဝင်နေနိုင်သလို သွားရင်းလာရင်းလည်း ရောဂါပိုးကူးစက်မှုတွေ ဖြစ်လာနိုင်တာကြောင့်ပါ။
    • Social distancing လုပ်ပါ – လူစုလူဝေးအကြားမှာ Social distancing လုပ်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းတဲ့ကိစ္စဖြစ်ပေမယ့် တတ်နိုင်သမျှတော့ လူအချင်းချင်းထိတွေ့မှုမရှိအောင် ကြိုးစားနေထိုင်ဖို့ တိုက်တွန်းပါရစေ။
    • Mask ကို လုံးဝမချွတ်ပါနဲ့ – ဘယ်လိုအခြေအနေမှာမဆို Mask ကို အမြဲဝတ်ဆင်ထားပါ။ လိုရမယ်ရ Mask အပိုဆောင်ထားပါ။ စိတ်ချရတဲ့ Mask အမျိုးအစားကို ရွေးချယ်သုံးစွဲပါ။ Surgical Mask တွေ အသုံးပြုမယ်ဆိုရင် ၂ ထပ်ဝတ်ဆင်ပါ။
    • ထိတွေ့မှုတွေကို ရှောင်ကျဉ်ပါ – ဖက်တာ၊ တစ်ဦးနဲ့တစ်ဦးထိတွေ့ကိုင်တယ်တာ၊ တွန်းထိုးတာ၊ နမ်းရှုံ့တာမျိုးတွေကို ရှောင်ကျဉ်ပါ။ လူစုလူဝေးအကြားမှာ လူအချင်းချင်းထိတွေ့မှုဟာ ရောဂါပိုးကူးစက်နိုင်ခြေကို ပိုမိုမြင့်တက်သွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။
    • ရောဂါပိုးကပ်ငြိနိုင်တဲ့ပစ္စည်းတွေကို တတ်နိုင်သမျှ အသုံးမပြုပါနဲ့ – မာကျောတဲ့မျက်နှာပြင်ရှိတဲ့ ပစ္စည်းတွေ၊ ငွေစက္ကူတွေကို မကြာခနကိုင်တွယ်တာမျိုးမပြုလုပ်ပါနဲ့။ မတတ်သာလို့ ကိုင်တွယ်မိပြီးတိုင်းလည်း လက်ဆေးဖို့ မမေ့ပါနဲ့။
    • လေဝင်လေထွက် ကောင်းမွန်တဲ့နေရာမျိုးမှာ နေပါ – မွန်းကျပ်နေပြီး အသက်ရှူရခက်ခဲနိုင်တဲ့နေရာမျိုးတွေမှာ အချိန်ကြာကြာမနေပါနဲ့။ လေဝင်လေထွက်ကောင်းမွန်ပြီး အသက်ရှူရအဆင်ပြေလွယ်ကူမယ့်နေရာမျိုးမှာ တတ်နိုင်သမျှနေပါ။
    • နေကာမျက်မှန်တပ်ပါ – နေကာမျက်မှန်တပ်တာဟာ လူစုလူဝေးအကြားမှာ နေပူရှိန်ကြောင့် မျက်လုံးယာယံတာနဲ့ ယားယံမှုကြောင့် လက်နဲ့ ပွတ်သပ်မိတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ COVID-19 ကူးစက်မှုဟာ လက်နဲ့ မျက်နှာ၊ မျက်လုံး၊ နှာခေါင်းစတာတွေကို မကြာခဏကိုင်တွယ်မိတာကြောင့် ပိုမိုကူးစက်နိုင်ပါတယ်။
    • နေမကောင်းရင် အပြင်မထွက်ပါနဲ့ – ကိုယ်တိုင်မှာ ဖျားတာနာတာကနေစလို့ နှာချေ၊ ချောင်းဆိုး၊ နှာစေး စတဲ့ဝေဒနာတစ်ခုခုရှိနေတယ်ဆိုရင် နေအိမ်မှာသာနေပါ။ အပြင်ကိုမထွက်ပါနဲ့။ အထူးသဖြင့် Crowds လူစုလူဝေးရှိနေရာတွေကို လုံးဝမသွားမိဖို့ လိုအပ်ပါတယ်။

    ခုကာလမှာ လူစုလူဝေးဖြစ်စေမယ့် အကြောင်းတရားတစ်ချို့ရှိနေတာမို့ သက်ဆိုင်သူတွေအနေနဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို မမေ့မလျော့ ဆက်လက်လက်ကိုင်ထားဖို့ တိုက်တွန်းပါရစေ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Ye Zon Aung မှ ရေးသားသည်။ 20/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: