home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကာကွယ်ဆေးအကြောင်းသိကောင်းစရာများ (၂)

ကာကွယ်ဆေးအကြောင်းသိကောင်းစရာများ (၂)

ကာကွယ်ဆေး ဘယ်အချိန် ထိုးရမလဲ။

မိမိရဲ့ကလေးကို ဘယ်အချိန်မှာ ကာကွယ်ဆေး ထိုးပေးရမလဲ။ ကာကွယ်ဆေးဟာ မွေးကင်းစမှ အရွယ်ရောက်သည်အထိ၊ အိုမင်းသည်အထိ ဘဝတလျှောက်လုံးကာကွယ်ပေးမှာပါ။ မိမိ ကလေးကို နိုင်ငံတော်က ပုံမှန်ပြုလုပ်တဲ့ ကာကွယ်ဆေးအစီအစဉ်တွေမှာ မပျက်မကွက် သွားရောက်ထိုးနှံပေးသင့်ပါတယ်။ အပိုထပ်ဆောင်း ထိုးပေးရတဲ့ ကာကွယ်ဆေးတွေလည်း ရှိပါတယ်။ ဟောင်းနွမ်းသွားတဲ့ ဆိုင်းဘုတ်ကို ပြန်လည်အရောင်တင်တဲ့ သဘောနဲ့တူတူပါပဲ။ ကာကွယ်ဆေးကတ်ပြားတွေ ပြုလုပ်ကာ နောက်ထိုးရမယ့်ရက်ကို မှတ်သားနိုင်ပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ကိုက်ညီတဲ့ ကာကွယ်ဆေးဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။

ကာကွယ်ဆေးထိုးဖို့ နှောင့်နှေးပါက အဆင်မပြေပါဘူး။ အချို့ကာကွယ်ဆေးတွေက အစွမ်းပြဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရပါတယ်။ ထိုးပြီးတာနဲ့ ချက်ချင်း မကာကွယ်သေးပါဘူး (ဥပမာ၊ အသည်းရောင်အသားဝါဘီ)။

ဘာကြောင့် ငယ်ရွယ်စဉ်မှာ ကာကွယ်ဆေး စထိုးသင့်တာလဲ။

အသက်အလွန်ငယ်သေးတဲ့ ကလေးတွေမှာ ကိုယ်ခံအားစနစ်ဟာ ကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် ရောဂါတွေကို တိုက်ခိုက်ခုခံနိုင်စွမ်း မရှိသေးပါဘူး။ ဒါကြောင့် မိမိရင်သွေး လေးတွေကို တတ်နိုင်သလောက် စောစီးစွာထိုးထားဖို့ လိုအပ်တာပါ။

မိမိရင်သွေးကို သတ်မှတ်ထားတဲ့ အချိန်မှာ ကာကွယ်ဆေး သွားမထိုးမိဘူးပဲ ဆိုပါစို့။ တအားများနောက်ကျနေပြီလား။

ကာကွယ်ဆေး အတော်များများမှာ တအားနောက်ကျတယ် ဆိုတာမျိုး မရှိတာမို့ လွတ်သွားတဲ့အချိန်တွေအတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ကာ အဆင်ပြေအောင်ပြုလုပ်နိုင်ပါတယ်။

ဘယ်သူတွေ ကာကွယ်ဆေး ထိုးသင့်သလဲ။

လူတိုင်းထိုးလို့မရပါဘူး။ ရောဂါသက်သာတဲ့အချိန်အထိ စောင့်ဆိုင်းပြီးမှ ထိုးရတာမျိုးလည်း ရှိတတ်ပါတယ်။

ဘယ်လိုအခြေအနေတွေလဲ။

  • နာတာရှည် ရောဂါ (သို့မဟုတ်) ကုသမှုခံယူနေသူတွေ (ဥပမာ ကင်ဆာဆေးသွင်းနေသူတွေ)ဟာ ကိုယ်ခံအား စနစ်မှာ ပြဿနာရှိနိုင်တာမို့ မထိုးသင့်ပါ။
  • ကာကွယ်ဆေးထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်သူတွေ မထိုးရပါဘူး။ ဒီလိုအခြေအနေတွေကတော့ ခပ်ရှားရှားရယ်ပါ။
  • ကာကွယ်ဆေး ထိုးရမယ့်နေ့မှာမှ အဖျားကြီးနေသူတွေ၊ ရောဂါလက္ခဏာတစ်ခုခု ခံစားနေရသူတွေ မထိုးပါနဲ့။ ပြန်နေကောင်းမယ့်အချိန်ကို စောင့်ဆိုင်းပါ။

ကာကွယ်ဆေးအမျိုးအစား အပေါ်မှာတော့ မူတည် ပါတယ်။

ကာကွယ်ဆေးတစ်ခုထဲမှာ ဘာတွေပါသလဲ။

ပါဝင်ပစ္စည်းတစ်ခုစီတိုင်းရဲ့ အခန်း ကဏ္ဍဟာ အရေးကြီးလှပါတယ်။

  • ခန္ဓာကိုယ်တွင် ရောဂါဘယဖြစ်စေသော ပဋိပစ္စည်း(Antigen)

သေဆုံးပြီးသား (သို့မဟုတ်)အားနည်းနေတဲ့ ရောဂါပိုးပါ။ ဒီရောဂါပိုးအသေကို ခန္ဓာကိုယ်ထဲ ထိုးထည့်ခြင်းကြောင့် ခန္ဓာကိုယ်က တိုက်ခိုက်ပါတယ်။ တစ်ခါတိုက်ပြီး တစ်သက်လုံး မှတ်မိသွားတာကြောင့် နောက်တစ်ခါ ထပ်ကူးရင်လည်း ခုခံတိုက်ခိုက်ဖို့ လက်နက်ပြင်ဆင်ပြီးသား ဖြစ်သွားပါတယ်။

  • ခုခံအားစနစ်တိုးမြှင့်ပစ္စည်း (Adjuvants)

ကာကွယ်ဆေးရဲ့ စွမ်းဆောင်ရည်နဲ့ ခုခံ အားစနစ်ကို မြင့်တက်စေပါတယ်။

  • တာရှည်ခံပစ္စည်း (Preservatives)

ကာကွယ်ဆေးကို အချိန် အတော်ကြာကြာ အစွမ်းရှိနေစေပါတယ်။

  • တည်ငြိမ်ကိရိယာ (Stabilizers)

ကာကွယ်ဆေးစုဆောင်းချိန်နဲ့ သယ်ဆောင်ချိန်မှာ အစွမ်းမပြယ်သွားအောင် ကာကွယ်ထားတဲ့အရာပါ။

ဒီအရာတွေနဲ့ သိပ်ရင်းနှီးမယ် မထင်ပါဘူး။ ဒါပေမယ့် ဒီအရာတွေဟာ နေ့စဉ်နေထိုင်ရာ လူမှုပတ်ဝန်းကျင်မှာ အသုံးပြုနေကြတဲ့ အရာတွေမှာ ပါဝင်ထားပြီးသားပါ။ သတိမထားမိတာပါ။

ကာကွယ်ဆေးထဲက ပါဝင်ပစ္စည်းတွေဟာ အကြိမ်ကြိမ် စမ်းသပ်စစ်ဆေးပြီးသား ဖြစ်တာမို့ လုံခြုံစိတ်ချရပါတယ်။

ဘာလို့ လုံခြုံစိတ်ချရတယ်လို့ ဆိုနိုင်တာလဲ။

လိုင်စင်ရပြီးသား ကာကွယ်ဆေးတစ်မျိုးဟာ အသုံးပြုခွင့် မရခင်မှာ အဆင့်အများအပြားနဲ့ ကြိမ်ဖန်များစွာ စစ်ဆေးပြီးသားပါ။ အသုံးပြုနေစဉ် အတွင်းမှာလည်း အမြဲဆိုသလို ပုံမှန်စစ်ဆေးပြီး နောက်ဆက်တွဲ သတင်းတွေကို ရယူရကြပါတယ်။

ကာကွယ်ဆေးထိုးပြီးရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင် ပါတယ်။

ဖျားခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ မှိန်းနေခြင်းစတဲ့ ရောဂါလက္ခဏာတွေပါ။ ဒါပေမဲ့ ဒီလက္ခဏာတွေဟာ ရောဂါဖြစ်မှာနဲ့ ယှဉ်လာရင် အသေးအမွှားမပြောပလောက်သလို အချိန်ခဏ လောက်အတွင်းမှာ ပျောက်ကင်းသက်သာသွားမှာပါ။ ပြင်းထန်တဲ့ အခြေအနေမျိုးတွေ ခံစားရနိုင် ပေမယ့် အလွန်အမင်းရှားပါးတယ်။ ကာကွယ်ဆေးမထိုးဘဲ ရောဂါဖြစ်ပွားမှာထက်စာရင် ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ ဝေဒနာဟာ မပြောပလောက်အောင် နည်းတယ်ဆိုတာ အမြဲအမှတ်ရနေပါ။ ဥပမာ

  • မေးခိုင်ရောဂါကြောင့် ပြင်းထန်နာကျင်မှုခံစားရခြင်း၊ ကြွက်သားများ အကြောဆွဲခြင်းနဲ့ သွေးခဲခြင်း၊
  • ဝက်သက်ကြောင့် ဦးနှောက်ရောင်ခြင်းတွေနဲ့ယှဉ်ရင် ရိုးရိုးဖျားနာခြင်းဟာ မပြောပလောက်စရာပဲ မဟုတ်လား။

ဘေးထွက်ဆိုးကျိုးတွေဟာ ကာကွယ်ဆေးကြောင့်လား။

ပုံမှန်သောက်ဆေးသည်ပင်လျှင် ပျို့အန်၊ မူးဝေ၊ အိပ်ချင်ခြင်းတွေ ဖြစ်စေနိုင်တာမို့ ပါဝင်ပစ္စည်းမျိုးစုံနဲ့ စနစ်တကျထုတ်ထားတဲ့ ကာကွယ်ဆေးဟာ ဖျားနာစေတာမဆန်းပါ။ ငွေ့ငွေ့လေးဖျားခြင်းနဲ့ ဆေးထိုးထားတဲ့နေရာတွေမှာ နီရဲရောင်ရမ်းခြင်း စတာတွေ ရှိနိုင်ပေမဲ့ ရက်အနည်းငယ်အကြာမှာ သူ့အလိုလိုပျောက်သွားမှာပါ။ ရောဂါဝေဒနာကို အချိန်အကြာကြီး ခံစားနေရတာမျိုးဟာ မရှိသလောက်ရှားတဲ့အပြင် ထိုးပြီးတဲ့အခါ ကျန်းမာရေး ဝန်ထမ်းတွေဟာ စောင့်ကြည့်နေဦးမှာပါ။ တစ်ခုခုပြင်းထန်စွာဖြစ်ပါက ချက်ချင်းဆိုသလို ကုသတုံ့ပြန်ပေးမှာပါ။

တစ်ကြိမ်တည်းမှာ ကာကွယ်ဆေးတွေ အများကြီး ထိုးလို့ရလား။

တစ်ကြိမ်တည်းနဲ့ ကာကွယ်ဆေးအမျိုးအစားများစွာ ထိုးတာဟာ မကောင်းတဲ့ဆိုးကျိုး မရှိ ပါဘူးလို့ သိပ္ပံပညာရှင်တွေက သက်သေပြပြီးသားပါ။ ပေါင်းစပ်ကာကွယ်ဆေး (ဥပမာ ငါးမျိုးစပ်ကာကွယ်ဆေး) တွေ ရှိပါတယ်။ ရောဂါငါးမျိုးကာကွယ်ဖို့ ငါးမျိုးထိုးစရာမလိုဘဲ တစ်ကြိမ်တစ်ခါ တစ်နေရာတည်းမှာ ထိုးနိုင်တာကြောင့် သင့်ကလေးရဲ့ နာကျင်မှုကို လျော့နည်းသက်သာစေမှာပါ။ ဒါကြောင့် ကာကွယ်ဆေးကို ထိုးနှံသင့်တဲ့အချိန်မှာ စနစ်တကျထိုးပါ။

ကာကွယ်ဆေးနဲ့ အော်တစ်ဇင်ရောဂါနဲ့ ဆက်စပ်မှု ရှိလား။

ဆက်စပ်မှုရှိတယ်ဆိုတဲ့ သက်သေ ယခုအချိန်ထိ လုံးဝမရှိသေးပါ။ ၁၉၉၈ ခုနှစ်က ထွက်ရှိ ခဲ့တဲ့စာတမ်းမှာ ဝက်သက်-ပါးချိတ်ရောင်-ဂျိုက်သိုး(MMR)ကာကွယ်ဆေးနဲ့ အော်တစ်ဇင်ဖြစ်ပွားမှု ဟာ ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီစာတမ်းဟာ ထုတ်ဝေခဲ့တဲ့ ဂျာနယ်ကနေ ပြန်ရုတ်သိမ်းခဲ့ရပြီး ထုတ်ဝေခဲ့တဲ့ ဆရာဝန်ရဲ့ ဆေးကုသခွင့်လိုင်စင်ကိုလည်း ပြန်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဒီစာတမ်းကို ယုံကြည်ခဲ့ကြတဲ့သူတွေဟာ ကြောက်ရွံ့ပြီး ကာကွယ်ဆေးမထိုးကြတော့ပါဘူး။ နောက်ဆက်တွဲကတော့ ကပ်ဘေးတွေရင်ဆိုင် ခဲ့ရပါတယ်။

ကျွန်မတို့တွေဟာ ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေကိုပဲ စိတ်ချလက်ချ ယုံကြည်သင့်ပါတယ်။ ဆေးပညာနဲ့ပတ်သက်တဲ့အခါ ယုံကြည်ရတဲ့ သတင်းမီဒီယာတွေဆီကသာ ဖတ်ရှုလေ့လာပါ။ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ထပ်မံသိရှိချင်နေတာရှိရင် ဘာလုပ်ရမလဲ။ လွယ်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ သူနာပြုအစရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုသာ မေးမြန်းပါ။ ယခု လတ်တလော နိုင်ငံနှင့် တစ်ဝန်းကျင်းပနေတဲ့ ကာကွယ်ဆေး အစီအစဉ်တွေပါ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 19/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။