ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာ ခြင်ကတဆင့် ကူးစက်တဲ့ ရောဂါပါ။ ခြင်ကတဆင့် ကူးစက်တဲ့ တခြားရောဂါတွေလိုပဲ မြန်မာနိုင်ငံမှာ အတွေ့ရများပါတယ်။ မတော်တဆ ကူးစက်ခံရလို့ နောက်ဆက်တွဲရောဂါဝင်ခဲ့ရင် ကုသလို့ မရဘဲ အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်တဲ့ ရောဂါပါ။ ကံကောင်းတာကတော့ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရနေတာပါပဲ။
ဂျပန်ဦးနှောက်ရောင် ရောဂါက အာရှနိုင်ငံတွေမှာ အဖြစ်များပြီး တစ်နှစ်ကို လူနာပေါင်း ၆၈ ၀၀၀လောက် ရှိတယ်လို့ ဆိုပါတယ်။ လက္ခဏာပြတာလည်း ရှားပါတယ်။ သေနှုန်းကတော့ လူ ၁၀၀မှာ အယောက် ၃၀လောက် သေဆုံး နိုင်ပါတယ်။ ဦးနှောက်ရောင်ပြီး ရာသက်ပန် ဦးနှောက်ထိခိုက်သွားနိုင်ခြေကတော့ ၃၀ကနေ ၅၀ရာခိုင်နှုန်းထိ ရှိပါတယ်တဲ့။
ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာ
ဂျပန်ဦးနှောက်ရောင် ရောဂါက ကျူးလက်စ် ခြင်ကိုက်ရာကနေ ကူးစက်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကတော့ ဖလာဗွီဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး ဒီဗိုင်းရပ်စ်က သွေးလွန်တုပ်ကွေးတို့၊ yellow feverတို့ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ဆင်တူပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ခြင်တွေသဘောကျတဲ့ စပါးခင်းရှိတဲ့ နေရာတွေ၊ ဝက်ခြံ၊ ဘဲခြံတို့ အနီးအနားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ပြောင်းလဲလာတဲ့ လူနေမှုစနစ်အရ မြို့ပေါ်မှာလည်း တွေ့လာရပါပြီ။ ရောဂါအဖြစ်ဆုံး အချိန်ကတော့ ခြင်ပေါက်ပွားမှု မိုးတွင်း (ဧပြီနဲ့ ဒီဇင်ဘာကြား)မှာ အဖြစ်များပါတယ်။
ဂျပန်ဦးနှောက်ရောင် ရောဂါ ကူးစက်ပုံ
ခြင်က ပိုးရှိတဲ့ ဝက်တို့၊ ဘဲတို့ကို အရင်ကိုက်ပါတယ်။ ပြီးသွားရင် လူကို ကိုက်ပါတယ်။ ဒီကနေမှ ဗိုင်းရပ်စ်ပိုးက ကူးစက်ပါတယ်။
ဂျပန်ဦးနှောက်ရောင် ရောဂါရဲ့ လက္ခဏာ
ပိုးရှိတဲ့ ခြင်ကိုက်ခံရပြီး ၅ရက်ကနေ ၁၅ရက်လောက်ဆို လက္ခဏာစပြပါပြီ။ အများစုက မပြင်းထန်တဲ့ လက္ခဏာ ဒါမှမဟုတ် လုံးဝလက္ခဏာ မပြတာလည်း ဖြစ်နိုင်ပါတယ်။ ဖျားတာ၊ ခေါင်းကိုက်တာ စတဲ့ လက္ခဏာလောက်ပဲပြပါတယ်။
ရောဂါပြင်းထန်တဲ့ သူဆိုရင်တော့ ရုတ်တရက် အဖျားတွေ တက်လာတာ၊ နုံးတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာတွေ ဖြစ်လာပါတယ်။ ကလေးတွေမှာ ဆိုရင်တော့ ဗိုက်အောင့်တာ၊ အန်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ ဆိုင်တဲ့ လက္ခဏာတွေ ပိုပြပါတယ်။
ဒီလို လက္ခဏာတွေပြပြီး မကြာခင်မှာပဲ လူနာက ဦးနှောက်ရောင်တာကြောင့် အပြုအမူပြောင်းလာတာ၊ စကားပြောလို့ မရတာ၊ ခြေလက် လှုပ်မရတာ၊ ဇက်တောင့်တာ စတဲ့ ဦးနှောက်နဲ့ အာရုံကြော လက္ခဏာတွေ ပြလာပါတယ်။
ဂျပန်ဦးနှောက်ရောင် ရောဂါရဲ့ ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲဆိုးကျိုး
ဒီလို ဦးနှောက်နဲ့ အာရုံကြော လက္ခဏာတွေ ပြလာတဲ့ လူနာဟာ မကြာခင်မှာပဲ ကယောင်ကတမ်းတွေ ပြောတာ၊ တက်တာ၊ သတိကောင်းကောင်း မရတာ၊ ကိုမာဝင်သွားတာတွေ ဖြစ်လာပါတယ်။ ကံမကောင်းရင် အသက်ပါ သေဆုံးနိုင်ပါတယ်။ WHOအဆိုအရ ဒီလိုပြင်းထန်တဲ့ လက္ခဏာတွေ ပြလာပြီဆိုရင် သေနှုန်းက ၃၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်တဲ့။
အသက်ရှင်ခဲ့ရင်တောင်မှ ၂၀က ၃၀ ရာခိုင်နှုန်းလောက်က ရာသက်ပန် အသိဉာဏ်ချို့ယွင်းတာ၊ စကားမပြောနိုင်တာ၊ မလှုပ်ရှားနိုင်တာ၊ တက်တာ စတဲ့ ဆိုးကျိုးတွေကို ခံစားရပါတယ်တဲ့။ ဒါကြောင့် ဒီရောဂါဟာ သိပ်ကို ကြောက်စရာ ကောင်းပါတယ်။
ဂျပန်ဦးနှောက်ရောင် ရောဂါကို ဘယ်လိုကုသလို့ရလဲ။
စိတ်မကောင်းစရာက လက်ရှိအချိန်ထိတော့ ပျောက်ကင်းအောင် ကုသလို့ရတဲ့ နည်းလမ်း မရှိသေးပါဘူး။ ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင် (ဥပမာ တက်ရင် အတက်ကျဆေး ပေးတာမျိုး) လုပ်ပေးလို့ပဲ ရပါတယ်။
ဂျပန်ဦးနှောက်ရောင် ရောဂါကို ကာကွယ်လို့ မရဘူးလား။
သိပ်ရပါတယ်။ ခုဆိုရင် ဂျပန်ဦးနှောက်ရောင် ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေး ရှိနေပါပြီ။ ငယ်စဉ်တည်းက ကာကွယ်ထားတာ ပိုကောင်းတဲ့အတွက် ကလေးအသက် ၉လဆို စထိုးပေးလို့ရပါပြီ။ တစ်ခါပဲထိုးရပါတယ်။
ထပ်ဆောင်းကာကွယ်ဆေး (booster dose) ထိုးချင်ရင် နောက်တစ်နှစ်၊ နှစ်နှစ်လောက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနိုင်ပါတယ်။ ၁၈နှစ်အထက် လူကြီးတွေဆိုရင်လည်း တစ်ခါပဲ ထိုးရပါတယ်။ ထပ်ဆောင်းကာကွယ်ဆေး (booster dose) ထိုးချင်ရင် ၅နှစ်လောက်နေမှ ထပ်ထိုးရပါတယ်။
ခုဆိုရင် အစိုးရက အခမဲ့ ထိုးပေးတဲ့ အစီအစဉ်မှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ပါလာပါပြီ။ အသက် ၉လ တစ်ကြိမ်ထိုးဆေးပါ။ ဆေးရုံဆေးခန်းသွားဖို့ အဆင်မပြေတဲ့သူတွေ၊ ၁၈နှစ်အထက် လူကြီးတွေကတော့ ပြင်ပဆေးရုံဆေးခန်းတွေမှာ ထိုးလို့ရပါတယ်။ ထိုးမယ်ဆိုရင်တော့ အရည်အသွေးကောင်းပြီး သိမ်းဆည်းမှု စနစ်ကျတဲ့ ဆေးကိုပဲ ထိုးပေးဖို့ အကြံပြုပါရစေ။
ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ကြောက်နေသူများအဖို့တော့ မကြောက်ဖို့ အားပေးပါရစေ။ အများစုက ဆေးထိုးတဲ့ နေရာ နာနေတာ ဖြစ်တတ်ပါတယ်။ အနည်းစုက ဖျားတတ်ပါတယ်။ ဒီလောက်ပါပဲ။
ကြီးကြီးမားမားဘေးထွက်ဆိုးကျိုးရယ်လို့ မရှိပါဘူး။ ဆေးနဲ့ ဓာတ်မတည့်တာ ဖြစ်ဖူးတဲ့သူ၊ ခုခံအားကျတဲ့သူကတော့ ဆေးမထိုးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။
ကာကွယ်ဆေးထိုးတာအပြင် ခြင်ကိုက်မခံရအောင် ကာကွယ်တဲ့ နည်းလမ်းတွေ ဖြစ်တဲ့ ခြင်အောင်းနိုင်တဲ့ နေရာကို ရှင်းလင်းတာ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်တာ၊ ခြင်ထောင်နဲ့ အိပ်တာ စတဲ့ နည်းလမ်းတွေပါ လိုက်နာမယ်ဆိုရင် ဂျပန်ဦးနှောက်ရောင် အပြင် တခြား ခြင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။
ဂျပန်ဦးနှောက်ရောင် ရောဂါက ဖြစ်လာရင် နောက်ဆက်တွဲဆိုးကျိုးက သိပ်ကို ကြောက်စရာကောင်းပါတယ်။ အသက်သေဆုံးတာဖြစ်နိုင်သလို ရာသက်ပန် မသန်စွမ်း ဖြစ်သွားနိုင်ပါတယ်။ ကံကောင်းတာက ကာကွယ်လို့ ရနေတာပါပဲ။ ဒါကြောင့် ဒီအခွင့်အရေးကို ယူပြီး ကာကွယ်ဆေးတွေ စနစ်တကျထိုး၊ ခြင်ကိုက်မခံရရအောင် နေပြီးတော့ ရောဂါကို စနစ်တကျ ကာကွယ်ဖို့ အကြံပြုလိုပါတယ်။
(MAT-MM-2000038)
[embed-health-tool-vaccination-tool]