backup og meta

ဝမ်းချုပ်တတ်တဲ့ကလေးမှာ ဘာတွေဖြစ်လာနိုင်သလဲ၊ ဘယ်လိုကာကွယ်မလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းချုပ်တယ်ဆိုတာ ကလေးတွေမှာ အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ ကိုယ်တွေငယ်ငယ်ကတောင် ဝမ်းချုပ်လို့ ဝမ်းချူခံရတိုင်း ငိုယိုခဲ့ရတာ မှတ်မိကြတယ်မလား။ ဝမ်းချုပ်တယ်၊ ဝမ်းလျှောတယ်၊ ဝမ်းကိုက်တယ်ဆိုတာတွေက အဖြစ်များဆုံး အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေပါ။

    ကလေးက ဝမ်းချုပ်ပြီဆိုရင် –

    • ပုံမှန်ထက် ဝမ်းသွားတာနည်းမယ်၊
    • ဝမ်းသွားတဲ့အကြိမ်ရေ၊ ပမာဏ ပိုနည်းတာ၊ ရက်ပိုင်းအတွင်း ဝမ်းလုံးဝမသွားတာ၊ သုံးလေးရက်တစ်ခါမှ ဝမ်းသွားတာမျိုးပေါ့၊
    • ဝမ်းသွားဖို့တိုက်တွန်းတိုင်း၊ ငိုယိုငြင်းဆန်မယ်၊
    • ဝမ်းသွားတဲ့အခါ ကလေးက နာကျင်ရတယ်၊
    • ဝမ်းက မာပြီးကျစ်နေတယ်၊ စအိုမှာ တစ်ဆို့နေတယ်ဆိုတာမျိုးတွေ ကြုံတွေ့ရမှာပါ။

    ကလေးတစ်ယောက်ဝမ်းချုပ်တဲ့အခါ အတော်ပင်ပန်းရှာပါတယ်။ မိဘတွေမှာ ကြည့်ရတာ စိတ်မကောင်းဖြစ်ရ၊ ဝမ်းချူဖို့ကျတော့လည်း ခဏခဏမသုံးသင့်တာကြောင့် ဘာလုပ်ပေးရမှန်းမသိဖြစ်တတ်ကြပါတယ်။ ဝမ်းမသွားတော့ဗိုက်အောင့်ရတယ်၊ဝမ်းသွားရင် နာကျင်ရတယ်ဆိုတော့ ကလေးက ညှစ်ရမှာကိုကြောက်လာမယ်။ ဝမ်းခဏခဏချုပ်တတ်တဲ့ကလေးမှာ မဖြေရှင်းနိုင်ရင် ကြာလာတာနဲ့အမျှ အူလမ်းကြောင်းမှာ အညစ်အကြေးတွေစုပုံလာပြီး ဒုက္ခများနိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ

    ကလေးတွေဝမ်းချုပ်တာကရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် ခဏခဏဝမ်းချုပ်တယ်၊ ဝမ်းချုပ်တာရက်ကြာလာတယ်ဆိုရင်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တယ် ဒါမှမဟုတ်နောက်ခံရောဂါအကြောင်းရင်းတစ်ခုခုကိုဖော်ပြနေတာဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကလေးက ၂ ပတ်ထက်ကျော်ပြီး ဝမ်းချုပ်နေတယ်၊ ဒီလက္ခဏာတွေရှိလာတယ်ဆို အမြန်ဆုံးဆရာဝန်ပြပြီးဆေးကုသမှုခံယူသင့်ပါတယ် –

    • အဖျားရှိလာတာ၊
    • ပျို့အန်တာ၊
    • ဝမ်းထဲမှာသွေးပါတာ၊
    • ဗိုက်ဖောင်းလာတာ၊
    • ကိုယ်အလေးချိန်ကျလာတာ၊
    • စအိုဝအရေပြား စုတ်ပြဲတာ( စအိုကွဲတာ)၊
    • စအိုအူနံရံကျွံကျလာတာတွေဖြစ်လာနိုင်ပါတယ်။

    ဝမ်းချုပ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေ

    ကလေးတွေဝမ်းချုပ်ရင် ခံစားရတာ သိပ်သနားဖို့ကောင်းပါတယ်။ တစ်ခါတလေဖြစ်တာပြဿနာမရှိပေမယ့် ကြာလာရင်တော့ –

  • စအိုတဝိုက် အရေပြားကွဲပြီး နာကျင်ရခြင်း(anal fissures)
  • စအိုကနေ အူနံရံကျွံကျခြင်း (Rectal prolapse)
  • စအိုဝမှာ ဝမ်းအကျန်တွေ တစ်ဆို့ခြင်း
  • ဝမ်းသွားရင်နာကျင်ရတော့အောင့်ထားရင်းနဲ့ အူမကြီးထဲမှာဝမ်းကျန်တွေစုလာပြီး နည်းနည်းချင်းယိုထွက်ခြင်း(encopresis)တို့ဖြစ်လာနိုင်ပါတယ်။
  • ဒါတွေမဖြစ်အောင် ဘယ်လိုကာကွယ်ပေးရမလဲ

    ကျန်းမာရေးနဲ့ပတ်သက်ရင် မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးပါပဲ။ အရေးကြီးဆုံးက ဒီအချက် (၄)ချက်ကို သတိထားလုပ်ဆောင်ပေးပါ –

    အမျှင်ဓါတ်ကြွယ်ဝတာတွေ ကျွေးပါ

    အမျှင်ဓါတ်ကြွယ်ဝတဲ့အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးနဲ့ ဂျုံကြမ်းတို့ကို ကလေးအာဟာရမှာ ပါဝင်အောင်ဂရုစိုက်ပေးပါ။ သင်္ဘောသီး၊ ပန်းသီး၊ ဟင်းနုနွယ်၊ ပဲနီလေး စတာတွေကိုနေ့စဉ်အာဟာရမှာ ပါဝင်စေခြင်းအားဖြင့်လေပွတာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ၊ အစာမကြေတာ စတဲ့အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။နောက်ဆုံးရလဒ်ကတော့ ဝမ်းမှန်စေပါတယ်။

    Probiotics ၊ Prebiotics ပါတဲ့အစားအသောက်တွေဖြည့်စွက်ကျွေးပါ

    အူလမ်းကြောင်းထဲမှာ သဘာဝအတိုင်းရှိနေတဲ့ အကျိုးပြုဘက်တီးရီးယား(Probiotics ) တွေက ကလေးတွေရဲ့အစာခြေစနစ်ကျန်းမာရေးကိုစောင့်ရှောက်ကူညီပေးပြီး အစာကြေအောင်၊ ဝမ်းတစ်လုံးကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဒီဘက်တီးရီးယားလေးတွေအတွက် လိုအပ်တဲ့အာဟာရအမျှင်ဓါတ်ဖြစ်တဲ့ prebioticsလေးတွေကို လူသိနည်းပါတယ်။ Prebioticတွေကို ငှက်ပျောသီး၊ကညွတ်၊ပဲပိစပ်တို့လို အစားအသောက်တွေကနေရရှိနိင်သလိုLcFOS(prebiotic တစ်မျိုး) ဖြည့်စွက်ထားတဲ့အာဟာရနို့မှုန့်တွေကနေလည်း ရရှိနိုင်ပါတယ်။ အစာခြေစနစ်နဲ့ အူလမ်းကြောင်းအတွက် prebioticတွေရဲ့ကောင်းကျိုးတွေက အူလမ်းကြောင်းလုပ်ဆောင်ချက်တွေကို ပိုမြန်ဆန်စေဖို့ကူညီပေးတယ်၊အူမကြီးကိုသန့်ရှင်းစေတယ်၊ ဝမ်းမှန်စေတယ်။

    ရေအလုံအလောက်တိုက်ပါ

    ဝမ်းချုပ်တာက အူမကြီးအတွင်းရေဓါတ်ခန်းခြောက်ခြင်းနဲ့ဆက်နွှယ်နေတာဖြစ်လို့ရေအလုံအလောက်သောက်ဖို့တော့လိုပါတယ်။ ကလေးရဲ့ခန္ဓါကိုယ်မှာရေဓါတ်ပြည့်ဝနေတဲ့အခါ ဝမ်းကိုမမာကျစ်စေဘဲ အူမကြီးအတွင်းကနေရှောရှောရှူရှူစွန့်ထုတ်နိုင်စေပါတယ်။ ရေသောက်နည်းရင် ဝမ်းချုပ်တတ်ပါတယ်။

    လှုပ်လှုပ်ရှားရှားနေခိုင်းပါ

    ကလေးတွေကိုငြိမ်နေဖို့ပဲအားမပေးဘဲ လှုပ်လှုပ်ရှားရှားဆော့ကစားခိုင်းတာ ကျန်းမာရေးအတွက်အကောင်းဆုံးပါ။ အမြဲတော့မဟုတ်ကေမယ့်နေ့စဉ်ပုံမှန်လှုပ်ရှားမှုတော့ရှိနေသင့်ပါတယ်။ လှုပ်ရှားမှုတွေက အူတွင်းလုပ်ဆောင်ချက်တွေကိုပုံမှန်ဖြစ်စေဖို့ လှုံ့ဆော်ပေးတာမို့ပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement