backup og meta

ကလေးဖျားပြီး အနီစက် ထွက်ရင်

ကလေးဖျားပြီး အနီစက် ထွက်ရင်

မေမေတို့ ကလေးလေးတွေကနေ ကျန်းမာပါတယ်ဆိုတာတောင် တစ်နှစ်ကို ၂ခါ ၃ခါလောက်က ပုံမှန်ဖျားတတ်ကြပါတယ်။ ဒါသဘာဝပါပဲ။ ရိုးရိုးဖျားတာလည်း ရှိသလို အဖျားနဲ့ တခြား လက္ခဏာတွေ တွဲနေတာလည်း ရှိပါတယ်။ ဥပမာ အဖျားနဲ့ ဝမ်းလျှောတာ၊ အဖျားနဲ့ ချမ်းတုန်တာ၊ အဖျားနဲ့ အနီစက်ထွက်တာ စသဖြင့် အမျိူးမျိုးရှိပါတယ်။ ဒီထဲကမှ အတွေ့ရများတဲ့ အဖျားနဲ့ အနီစက် ထွက်တာကို ပြောချင်ပါတယ်။ မေမေတို့လည်း သိထားတော့ ကိုယ့်ကလေးလည်း ဘာဖြစ်လဲဆိုတာ သိနိုင်တာပေါ့။

ကလေးက ဖျားပြီးမှ အနီစက်ထွက်တာရှိသလို အနီစက် ထွက်ပြီးမှ ဖျားတာလဲ ရှိပါတယ်။ တခြားလက္ခဏာတွေနဲ့ တွဲလာတာမျိုးလည်း ရှိပါတယ်။ အတွေ့များတဲ့ ရောဂါတွေကတော့

 ကလေးဖျားပြီး အနီစက် ထွက်ရင် ဖြစ်နိုင်တဲ့ ရောဂါများ

ရေကျောက်

  • Varicella-zoster ဗိုင်းရပ်ကြောင့် ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကူးလွယ်ပါတယ်။ သိပ်ပြင်းထန်တာတော့ မဟုတ်ပေမယ့် ၂ပတ်လောက်ကြာတာကြောင့် ကလေးက နေလို့ ထိုင်လို့ မကောင်းဘူးပေါ့။ မွေးစကလေးတွေမှာ ဖြစ်ရင်တော့ သတိထားရပါမယ်။ အသက်၁နှစ်နဲ့အထက် ကလေးတွေမှာတော့ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရပါတယ်။ ကူးစက်ပုံကတော့ ရောဂါရှိတဲ့သူ နှာချေ၊ ချောင်းဆိုးလို့ ထွက်တဲ့ အမှုန်အမွှားတွေကို ရှူမိလို့ ဖြစ်ဖြစ်၊ ရောဂါရှိတဲ့သူနဲ့ ထိတွေ့မိရင်ပဲ ဖြစ်ဖြစ် ကူးတတ်ပါတယ်။
  • လက္ခဏာကတော့ အရင်ဆုံး အနီစက်တွေ အရည်ကြည်ဖုတွေ ထွက်တတ်ပါတယ်။ ဦးရေပြား၊ မျက်နှာကနေ စထွက်ပြီး ရင်ဘတ်၊ ကျောကို ရောက်မယ်။ ပြီးရင် တစ်ကိုယ်လုံးကို ပျံ့သွားပါမယ်။ အချိန်တန်ရင် သူ့ဟာသူ ခြောက်သွားပါမယ်။ အမာရွတ်မကျန်တတ်ပါဘူး။ ဒါပေမယ့် ကလေးက ယားတာကို မခံနိုင်ဘဲ ကုတ်မိရင် လက်နဲ့ အရေပြားက ဘက်တီးရီးယားပိုးတွေ ဝင်ပြီး အမာရွတ်ကျန်တတ်ပါတယ်။ အနီစက်ထွက်ပြီးမှ အနောက်က ဖျားတာ၊ နှုံးတာ၊ လည်ပင်းနာတာ၊ မျက်စိနီတာ စတာတွေ ဆက်ဖြစ်ပါတယ်။ အရင်ဖျားပြီးမှ အနီစက်ထွက်တာက ရှားပါတယ်။
  • တစ်ယောက်နဲ့ တစ်ယောက် ကူးလွယ်တဲ့အတွက် ရေကျောက်ပေါက်နေတဲ့ ကလေးကို ကျောင်းမလွှတ်ပါနဲ့။
  • ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် ပိုးသတ်ဆေး ပေးလို့မရပါ။ အချိန်တန်ရင် သူ့အလိုလို ပျောက်သွားပါတယ်။ ကလေးအယား သက်သာအောင်၊ အဖျားကျအောင်တော့ ဆေးတိုက်လို့ ရပါတယ်။ အစားဝင်အောင် ကျွေးပေးပါ။
  • မျက်လုံး၊ ပါးစပ်ထဲနဲ့ လိင်အင်္ဂါမှာပါ ရေကျောက်ဖြစ်ရင်တော့ ဆရာဝန်ဆီ သွားပြဖို့ လိုပါတယ်။

ဝက်သက်

  • ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါပဲ။ ကာကွယ်ဆေးရှိပါတယ်။ ကလေးအသက် ၉လမှာ တစ်ခါနဲ့ ၁၈လမှာ တစ်ခါ ထိုးပေးရပါတယ်။ ရာခိုင်နှုန်း တော်တော်များများ ကာကွယ်ပေးနိုင်ပါတယ်။
  • စစချင်းမှာ နှာရည်ယိုမယ်၊ မျက်စိတွေနီမယ်၊ မျက်ရည်ပူတွေကျမယ်၊ ချောင်းဆိုးမယ်၊ နှုံးမယ်၊ ဖျားပါတယ်။ အဖျားကြီးပါတယ်။
  • ဖျားပြီး ၃-၄ရက်လောက်နေတော့ မျက်နှာ (တစ်ခါတစ်လေ နားအနောက်) ကစပြီး အနီစက်တွေ ထွက်လာပါတယ်။ တစ်ပတ်လောက်နေတာ့ တစ်ကိုယ်လုံးကို ပျံ့သွားပါတယ်။ အနီစက်စထွက်ထွက်ချင်းမှာ ပါးစောင် (အံသွားနား)မှာ အဖြူစက်တွေ ထွက်တတ်ပါတယ်။ သတိထားပြီး ရှာကြည့်ပါ။
  • ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် ပိုးသတ်ဆေး ပေးလို့မရပါ။ စောင့်ကြည့်ကုသလို့ပဲ ရပါတယ်။ ဒါပေမယ့် ဖျားတာ၊ နှာရည်ယိုတာ၊ မျက်စိနာတာအတွက် ဆေးပေးလို့ရပါတယ်။ တချို့ကလေးတွေမှာ ပြင်းထန်လို့ နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်လာခဲ့ရင် (နားပြည်ယိုတာ၊ အဆုတ်ရောင်တာ) ပိုးသတ်ဆေး ပေးရပါမယ်။
  • ဝက်သက် စဖြစ်ဖြစ်ချင်းမှာ ကလေးက တော်တော်နုံးပါတယ်။ မေမေစိတ်ရှည်ရပါမယ်။ အစားဝင်အောင် ကျွေးပါ။ ဗီတာမင်အေ ပါတာတွေ ပိုကျွေးပါ။ တစ်ပတ်၊ ၁၀ရက်လောက်နေရင် ရောဂါသက်သာလာတာနဲ့အမျှ ကလေး ပြန်လန်းလာပါလိမ့်မယ်။

ဂျိုက်သိုး (ဂျာမန်ဝက်သက်)

  • ကလေးတွေမှာ ဖြစ်တဲ့ ဂျိုက်သိုးက သိပ်မပြင်းထန်ပါဘူး။ ဗိုင်းရပ်စ် ကိုယ်ထဲဝင်ပြီး ၂ပတ် ၃ပတ်လောက်နေရင် လက္ခဏာ စပြပါတယ်။ ကလေးတွေမှာ မပြင်းထန်ပေမယ့် ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ရင် ဗိုက်ထဲက ကလေး ဒုက္ခရောက်တတ်ပါတယ်။ ချို့ယွင်းချက်ပါတာ၊ ပျက်ကျတာ၊ အသေမွေးတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ ဂျိုက်သိုးပေါက်နေတဲ့ ကလေးနဲ့ ဝေးဝေးနေပါ။
  • လက္ခဏာတွေက မျက်နှာကနေ အနီစက်စထွက်ပါပြီး တစ်ကိုယ်လုံးကို ပျံ့သွားပါတယ်။ ၄ရက်လောက်နေရင် သက်သာစပြုလာပါပြီ။ ကလေးကို ကြည့်ရတာ လန်းလန်းဆန်းဆန်းပါပဲ။ ဒါပေမယ့် ပြန်ရည်ကြိတ်တွေ ကြီးနေတာ တွေ့ရမှာပါ။ အထူးသဖြင့် နားရွက်နောက်မှာပေါ့။
  • ပိုးသတ်ဆေးနဲ့ ကုတဲ့ ရောဂါမဟုတ်တာကြောင့် ကလေးကို လိုတာပဲ လုပ်ပေးလို့ရပါမယ်။ ဥပမာ ဖျားရင် အဖျားပျောက်ဆေး ပေးတာမျိုးပေါ့။
  • ဝက်သက်နဲ့ တွဲပြီး ကလေး ၉လနဲ့ ၁၈လမှာ ကာကွယ်ဆေး ထိုးလို့ရပါတယ်။

Scarlet fever

  • Streptococcalလို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ လည်ပင်းနာပြီး အနီစက်ထွက်ပါတယ်။ ကျောင်းနေအရွယ်ကလေးတွေမှာ အတွေ့ရများပါတယ်။ ဆောင်းတွင်းနဲ့ နွေဦးမှာ အဖြစ်များပါတယ်။ တံတွေးကနေတစ်ဆင့် ကူးတတ်ပါတယ်။ ဒါကြောင့် လက်ဆေးခြင်းနဲ့ ကာကွယ်ရပါတယ်။ ကလေးက လက်ကို ပါးစပ်ထဲထည့်တတ်တယ်။ ပြီးရင် ပစ္စည်းတွေ ကိုင်တတ်တဲ့ အကျင့်ရှိတာကိုး။
  • အနီစက်ထွက်တာက စိုးရိမ်စရာ မဟုတ်ပါဘူး။ စိုးရိမ်စရာက Streptococcal ပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ လေးဖက်နာနဲ့ နှလုံးအဆို့ရှင် ပျက်စီးတဲ့ ပြဿနာပါ။
  • လက္ခဏာက စစချင်းမှာ လည်ပင်းနာပါတယ်။ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ဗိုက်အောင့်မယ်၊ လည်ပင်းမှာ အကြိတ်ထွက်မယ်။ ၁ရက် ၂ရက်လောက်နေရင် ကိုယ်မှာ အနီစက်တွေ စထွက်လာပါတယ်။ နေလောင်သလို ရဲနေပြီး ကိုင်ကြည့်ရင် ကြမ်းရှရှလေးပါ။ လည်ပင်းအရစ်၊ ချိုင်း၊ တံတောင်ကွေး၊ ဒူးတွေမျာ ပိုသိသာပါတယ်။ တစ်ပတ် နှစ်ပတ်လောက်နေရင် အနီကွက်တွေ ပျောက်သွားပါတယ်။
  • မျက်နှာလေးက ရဲနေပြီး နှုတ်ခမ်းလေးက ဖြူဖျော့နေပါမယ်။ လျှာက စတော်ဘယ်ရီလို ရဲပြီး အဖုလေးတွေ ထနေပါမယ်။
  • Scarlet feverလို့ ယူဆရင် ဆေးရုံဆေးခန်း အမြန်ခေါ်သွားပါ။ ဘက်တီးရီးယားကြောင့်မို့လို့ ပိုးသတ်ဆေး လိုပါမယ်။
  • ပိုးသတ်ဆေး သောက်မယ်ဆို ဆေးပတ်လည်အောင် တိုက်ပါ။ ဆေးမကုန်ခင် ကလေး နေပြန်ကောင်းသွားလည်း ဆေးကုန်တဲ့အထိ ဆေးပတ်လည်အောင်တိုက်ပါ။ အမြစ်မပြတ်ရင် နောက်ဆက်တွဲ ပြဿနာဝင်ပြီး လေးဖက်နာ ဖြစ်တတ်ပါတယ်။
  • ပိုးသတ်ဆေး စသောက်ပြီး ၂၄နာရီကြာလို့ ကလေး အဖျားကျရင်၊ လန်းလာရင် ကျောင်းတက်လို့ ရပါတယ်။

Fifth disease

  • ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး နှာချေချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကနေ အဓိက ကူးပါတယ်။ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပေမယ့် နွေနဲ့ ဆောင်းမှ အတွေ့ရများပါတယ်။
  • အရင်ဆုံး ဖျားပြီး နှုံးပါမယ်။ ပြီးရင် အနီစက်ထွက်ပါမယ်။ ထူးခြားချက်က ပါးမှာ သိသိသာသာရဲနေပြီး မသိရင် ပါးရိုက်ခံထားရသလိုပါပဲ။ ဒါကြောင့် slapped cheeks diseaseလို့လည်း ခေါ်ကြပါတယ်။ အနီကွက်က ကိုင်လိုက်ရင် နွေးနွေးလေးနဲ့ မနာပါဘူး။ ယားတော့ ယားတတ်ပါတယ်။
  • ၁ရက် ၂ရက်လောက်နေရင် မျက်နှာကနေ တစ်ကိုယ်လုံးကို ပျံ့သွားပါတယ်။ နည်းနည်းအေးနေရင် နီတာမသိသာပေမယ့် ရေနွေးနဲ့ ရေချိုးလိုက်တာတို့ လှုပ်လှုပ်ရှားရှား လုပ်လိုက်တာတို့ဆို ပိုရဲလာပါတယ်။ ဖြစ်တတ်တာကို ပြောတာပါ။ ပိုရဲလာလို့ ရောဂါပိုဆိုးလာတာ မဟုတ်ပါဘူး။ ထူးခြားချက်က အနီကွက်တွေ ပေါ်လာတာနဲ့ သူများကို မကူးတော့ပါဘူး။ ဒါကြောင့် အနီကွက်တွေပေမယ့် ကျောင်းသွားလို့ ရပါတယ်။
  • တိကျတဲ့ ကုသမှုရယ်လို့ မရှိသေးပါဘူး။ ခံစားရတာ သက်သာအောင်တော့ ဆေးပေးလို့ရပါတယ်။ နဂိုကျန်းမာတဲ့ ကလေးတွေမှာ ဘာပြဿနာမှ မရှိပါဘူး။ ကိုယ်ခံအား မကောင်းတဲ့ ကလေးတွေသာ စိတ်ပူရမှာပါ။ ဂျိုက်သိုးလိုပဲ ကိုယ်ဝန်ဆောင်တွေ အကူးမခံရအေင် ဂရုစိုက်ပါ။

Roseola infantum

  • Herpes ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ၄နှစ်အောက်ကလေးတွေမှာ အတွေ့ရများပါတယ်။
  • စစချင်းမှာ ၃-၄ရက်လောက် အပြင်းအထန်ဖျားပါတယ်။ ပြီးမှ အနီစက်ထွက်ပါတယ်။ အနီစက်ကလည်း ကိုယ်မှ စထွက်ပြီး လည်ပင်းနဲ့ လက်ကို ပျံ့ပါတယ်။ ပြီးမှ မျက်နှာနဲ့ ခြေထောက်ကို ရောက်တာပါ။ အနီစက်က နည်းနည်းလည်း ဖောင်းပါတယ်။
  • အဖျားပျောက်ခါနီးမှ အနီစက်စထွက်တာ သူ့ရဲ့ ထူးခြားချက်ပါ။
  • ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် ပိုးသတ်ဆေး ပေးလို့မရပါ။ အဖျားတစ်ခုတော့ စိုးရိမ်စရာပါ။ အဖျားက ပြင်းလွန်းတဲ့အတွက် တချို့ကလေးတွေမှာ ဖျားပြီး တက်တတ်ပါတယ်။ ဒါဆိုရင်တော့ ဆေးရုံဆေးခန်း သွားပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/children/guide/skin-rashes-in-children-treatment#1

https://www.medicalnewstoday.com/articles/322690#seeing-a-doctor

ယခုပုံစံ

15/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Febrile Seizure (အဖျားကြီးပြီးတက်ခြင်း)

Fever In Children (ကလေးဖျားနာခြင်း)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement