ကလေးငယ်လေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် ဖြတ်သန်းရတဲ့ တစ်ညတာတိုင်းက ဖေဖေမေမေတို့အတွက် သိပ်မဖြောင့်ဖြူးနိုင်ပါဘူး။ ညဘက်ဆို တရေးနိုးထငိုတာ၊ ပြန်သိပ်ရတာ၊ နို့တိုက်ရတာ အိပ်ရေးအတော်ပျက်ရပါတယ်။ နေ့နဲ့ည လွဲနေတဲ့ ကလေးတွေနဲ့ဆို ပိုဆိုးပါလေရော။ ကလေးတိုင်းဖြစ်တတ်တဲ့ သဘာဝဆိုပေမယ့် ကလေးလေးတွေ ညဘက်ထငိုတာ ဘာကြောင့်လဲဆိုတဲ့အပေါ် စိတ်ပူကြတဲ့ မိဘတွေအတော်ကိုများပါတယ်။
ကလေးလေးတွေ ညဘက်ထငိုတတ်တတ်တဲ့ အကြောင်းရင်းလေးတွေ သိထားရင် စိတ်အေးတန်တာ စိတ်အေးရတယ်၊ လုပ်ပေးစရာရှိတာလုပ်ပေးနိုင်တယ်လေ။ ကလေးက လိုတာတစ်မျိုး၊ မေမေတို့က လုပ်ပေးနေတာတလွဲဆိုရင် ပိုပြီးတောင် ငိုနေဦးမှာပါ။ ဥပမာ လေနာကြောင့် ငိုနေတဲ့ကလေးကို သက်သာအောင်မလုပ်ပေးမိဘဲ ဆာတယ်ထင်ပြီးနို့တိုက်၊ အတင်း ပြန်သိပ်တာမျိုး။
သူဘာကို လိုအပ်နေသလဲ၊ ဘာလို့ ထငိုတာလဲဆိုတာ မေမေတို့ သဘောပေါက်ဖို့ လိုပါတယ်။ သူတို့လေးတွေက စကားမှမပြောတတ်သေးတာလေ။ ဘေဘီတို့ ထငိုတာ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
ကလေးလေးတွေ ညဘက်ထငိုတာ ဘာကြောင့်ဖြစ်မလဲ
ကလေးလေးတွေ ညဘက်ထငိုတာ ဘာကြောင့်ဖြစ်မလဲ ဆိုတော့
(၁) ဗိုက်ဆာလို့
အများအားဖြင့်တော့ ဗိုက်ဆာလို့ ငိုတာများပါတယ်။ လသားကလေးတစ်ယောက်ရဲ့ ဗိုက်ကလေးက သေးသေးလေးရယ်။ တစ်ခါနို့စို့ထားတဲ့ပမာဏက မကြာခင်မှာပဲ ကုန်သွားမှာမို့ မကြာခဏ နို့တိုက်ပေးဖို့လိုပါတယ်။
မွေးကင်းစအရွယ် ကလေးတစ်ယောက်ကို တစ်နေ့ ၈ ကြိမ်ကနေ ၁၂ ကြိမ်အထိ၊ ၂ နာရီ သို့မဟုတ် ၃ နာရီခြားတစ်ကြိမ် နို့တိုက်ပေးသင့်ပါတယ်။ ဒါပေမယ့် ၁ လ၊ ၂လသားဆိုရင် တစ်နေ့ကို ၇ ကြိမ်ကနေ ၉ ကြိမ်လောက်ပဲ လိုပါတော့တယ်။ ၃ လလောက် ရောက်ရင်တော့ နို့ထစို့စရာမလိုဘဲ ၆ နာရီကနေ ၈ နာရီအထိ ဆက်တိုက်အိပ်နိုင်ပါတယ်။ ကလေးကငယ်လေ ညဘက်တရေးနိုး ထရတဲ့အကြိမ်ရေပိုများလေပါပဲ။ ၃လအထက်ဆိုရင်တော့ အိပ်ခါနီးနို့တိုက်ပြီး သိပ်လိုက်ရင် ကောင်းကောင်းအိပ်ပါလိမ့်မယ်။
(၂) အမေကို ထရှာတာ
တစ်ခါတစ်လေ ညဘက်ထငိုတဲ့အခါ ဖင်လေးပုတ်ပြီး သီချင်းညည်းရင်း ပြန်သိပ်လိုက်ရင် အိပ်သွားတာမျိုးပါ။ ဖေဖေမေမေက အနားမှာရှိနေတယ်ဆိုတာသိတယ်၊ ချော့သိပ်တာလေးနဲ့ပြန်အိပ်မယ်။ အမေကို ထရှာတတ်တဲ့ ငိုခြင်းမျိုးဖြစ်ပါတယ်။ ဒီအချိန်မှာ သတိထားရမှာက ချော့သိပ်တာမျိုးပဲလုပ်ပါ။ ချော့မြှူတာ၊ အငိုတိတ်အောင် ကစားပေးတာမျိုး မလုပ်ပါနဲ့။
(၃) ချမ်းလို့ ဒါမှမဟုတ် အိုက်လို့
ပူအိုက်နေရင် ဒါမှမဟုတ် ချမ်းနေရင် ကလေးက အိပ်လို့အဆင်မပြေဖြစ်ပြီး နိုးလာနိုင်ပါတယ်။ ဒါမျိုးဆို ခြေလက်ကလေးတွေကို စမ်းကြည့်သင့်တယ်။ အေးနေရင် စောင်လေး၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်လေးဝတ်ပေးတာမျိုး၊ အိုက်နေရင် အနွေးထည်ချွတ်၊ စောင်ခွာပေးတာမျိုး သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးသင့်ပါတယ်။
အကောင်းဆုံးက အနွေးထည်ထူထူကြီးတွေဝတ်မပေးဘဲ ချည်ထည်လေးတွေ၊ အနှီးလေးတွေပဲ သုံးသင့်ပါတယ်။ ကလေးအတွက် စောင်အထူ၊ အလေးကြီးတွေက မတော်တဆ မျက်နှာကို အုပ်မိပြီး အသက်ရှူမရတာမျိုး ဖြစ်စေနိုင်ပါတယ်။
(၄) ရှူရှူး ဒါမှမဟုတ် အင်အင်းပေနေလို့
ကလေးက အညစ်အကြေးစွန့်ပြီးတဲ့အခါ အေးစက်စက်ဖြစ်နေတာ၊ ပေနေတာနဲ့ နိုးတော့တာပါပဲ။ ကလေးငိုတယ်ဆို ရှူးပေါက်ထားလား၊ အင်အင်းပါထားလား စမ်းကြည့်ပါ။ သေးခံ (diaper) ဝတ်ထားတယ်ဆိုပြီးလည်း ပစ်မထားပါနဲ့။ အညစ်အကြေးတွေကိုမသန့်စင်ပေးဘဲ တစ်ညလုံးထားရင် ကလေးအရေပြားနုနုလေးမှာ သေးခံလောင်တဲ့ပြဿနာဖြစ်လာနိုင်ပါတယ်။ အသာအယာလဲပေး၊ သန့်စင်ပေးပြီးပြန်သိပ်ပါ။
(၅) တစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားလို့
ပုံမှန်ဖြစ်လေ့ရှိတဲ့ ကြွက်သားတွန့်တာ၊ ဆတ်ခနဲဖြစ်တာလေးတွေကြောင့်လည်း ကလေးကို နိုးစေပြီး ငိုစေနိုင်ပါတယ်။ အသံ၊ အလင်း စတာတွေကြောင့်လည်း ကလေးကိုနိုးစေနိုင်ပါတယ်။ ရုတ်တရက်လန့်နိုးပြီး ငိုတတ်လို့ ပြန်ချော့သိပ်ပေးပါ။
(၆) လေနာ ဖြစ်လို့
ကလေးက အကြောင်းမရှိဘဲ ချော့မရအောင် အချိန်ကြာကြာငိုနေတာ (တစ်နေ့ကို ၃ နာရီကျော်လောက်)ဆိုရင် လေနာဖြစ်နိုင်ပါတယ်။ ကလေးက လက်သီးလေးကျစ်ကျစ်ဆုပ်ထားမယ်၊ ဗိုက်ကလေးက တင်းပြီးဖောင်းသလိုဖြစ်နေမယ်၊ ခြေထောက်လေးတွေ ကွေးထားမယ်ဆိုရင် လေနာဖြစ်နေနိုင်ပါတယ်။ လေနာဆိုတာနေ့တိုင်း ဒီအချိန်ပဲ၊ တူညီတဲ့အချိန်မှာဖြစ်လေ့ရှိပါတယ်။ အများအားဖြင့် ညနေပိုင်းမှာပါ။
ရောဂါတစ်ခုမဟုတ်သလို နောက်ဆက်တွဲပြဿနာလည်း မရှိနိုင်ပေမယ့် ၁ လဝန်းကျင် ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ဝေဒနာပါ။ ၂ လကျော်ရင် လျော့ပါးလာတတ်ပြီး ၄ လလောက်မှာ အပြီးပျောက်သွားလေ့ရှိပါတယ်။ လေနာသက်သာဖို့က ကလေးတွေအတွက် သီးသန့်ထုတ်တဲ့ လေဆေးလေးတွေ ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်လို့ရပါတယ်။ လက်ချောင်းထိပ်နဲ့ ဗိုက်ကို အသာလေးဖွဖွနှိပ်နယ်ပေးပါ။ သီချင်းလေးဆိုပြီး အာရုံပြောင်းချော့ပါ။
(၇) နေမကောင်းဖြစ်နေလို့
ကလေးက ညဘက်ထငိုတဲ့ အကြောင်းရင်းက နေထိုင်မကောင်းတစ်ခုခုဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ဖျားတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ စတဲ့ ဘယ်လိုနေထိုင်မကောင်းဖြစ်ဖြစ် ကလေးက ညဘက်ကောင်းကောင်း မအိပ်နိုင်ပါဘူး။ ကလေး သက်သောင့်သက်သာဖြစ်ဖို့ရယ်၊ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းရယ် ပြုစုစောင့်ရှောက်ပေးတာအကောင်းဆုံးပါပဲ။
သတင်းစကား
[embed-health-tool-baby-poop-tool]