backup og meta

42 ပတ်သားကလေး

42 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

ဘယ်လိုဖွံ့ဖြိုးလာလဲ

ခုအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ ယုံကြည်ချက်ရှိရှိ တစ်ယောက်ထဲထိုင်နိုင်ပြီ၊ ပရိဘောဂတွေကိုကိုင်ကာ လမ်းလျှောက်နိုင်ပြီ၊ အကူအညီမလိုဘဲ မတ်တပ်ရပ်နိုင်နေပါပြီ။ မတ်တပ်ရပ်ရင်းကနေ အရုပ်တွေဘာတွေတောင် ကုန်းကောက်နိုင်နေလောက်ပါပြီ။ တကယ်လို့ သင့်ကလေးကလမ်းစမလျှောက်သေးဘူးဆိုလည်း စိတ်မပူပါနဲ့။ ကလေးများစုဟာ ၁၂လသားမှာ ပထမဆုံးခြေလှမ်းလှမ်းတတ်ကြတယ်ဆိုပေမယ့် တချို့ကလေးတွေက ၁၈လသားလောက်မှ လမ်းစလျှောက်တာမျိုးလည်းရှိပါတယ်။

ခုအချိန် ဆယ်လပြည့်ပြီးလို့ နှစ်ပတ်မြောက်အချိန်မှာဆိုရင်တော့ သင့်ရင်သွေးလေးဟာ-

• ဝမ်းလျားမှောက်ရာမှ ထထိုင်တတ်ပြီ

• လက်ခုပ်တီးတတ်၊ တာ့တာ ပြတတ်ပြီ

• ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးသေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ)

• ပရိဘောဂတွေကိုင်ပြီးလမ်းလျှောက်တတ်ပြီ

• ‘မလုပ်ရဘူး’ စသကဲ့သို့ အငြင်းဝါကျကိုနားလည်လာပြီ (အမြဲလိုက်နာမှမဟုတ်ပေမယ့်ပေါ့)

သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

မုန်လာဥနီအစိမ်းလိုက်လိုမျိုး၊ စပျစ်သီးအလုံးလိုက်လိုမျိုး နင်နိုင်တဲ့စားစရာတွေကျွေးခြင်းမှရှောင်ပါ။ အသီးအရွက်ဆိုလျှင် သေချာချက်ပြုတ်ပြီး သေးသေးလေးတွေလှီးဖြတ်ပြီး၊ အသီးအနှံဆိုလျှင် အတုံးသေးသေးလေးတွေတုံးပြီး လှီးဖြတ်ပြီး ကျွေးရပါမယ်။

ကျန်းမာဖို့၊ လုံခြုံဖို့

ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ ရက်ချိန်းမပေးတတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။

ဘာတွေသိသင့်လဲ။

ဒီအရွယ်မှာဆိုရင် ပိုးမွှားလေးတွေကိုက်တာ ထိုးတာမျိုးတွေ ရှိလာနိုင်ပါပြီ။ လူကြီးတွေအတွက် ဘာမှပြဿနာမကြီးပေမယ့် ကလေးငယ်တွေအတွက်တော့ အန္တရာယ်များပါတယ်။

တကယ်လို့ကလေးငယ်ဟာ ထိုပိုးကောင်ရဲ့အဆိပ်ကို ဓါတ်မတည့်တာမျိုးမရှိဘူးဆိုရင်တော့ အကောင်ထိုးတာဟာ စိတ်ရှုပ်ရတာအပြင် အသက်ကိုတော့ အန္တရာယ်မပေးပါဘူး။

အောက်ပါအချက်တွေကို လိုက်နာကြည့်ပါ-

• ကိုက်နေတဲ့ပိုးမွှားကို အသာအယာသာသပ်ဖယ်ပါ။

• ကိုက်သွားတဲ့နေရာကို ဆပ်ပြာ၊ ရေနှင့်ဆေးကြောပါ။

• ရောင်ရမ်းနာကျင်မှုအတွက် ရေခဲ ၁၅ မိနစ်ခန့်ကပ်ခြင်း ဒါမှမဟုတ် မုန့်ဖုတ်ဆော်ဒါကိုရေဖျော်ပြီးလည်း သုံးနိုင်ပါတယ်။ အနာပျောက်ဖို့ဆေးမပေးခင် ဆရာဝန်ကိုအရင်မေးပါ။

• တကယ်လို့ ၂၄ နာရီအတွင်း ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်း၊ အန်ခြင်း၊ ပိုမိုရောင်ရမ်းလာခြင်းများ ရှိလျှင်တော့ ဆေးခန်းချက်ခြင်းသွားပါ။ ကိုက်သွားတဲ့နေရာမှာ ပိုရဲလာခြင်း၊ ပိုနာလာခြင်း၊ ပိုရောင်လာခြင်းများကဲ့သို့ ရောဂါပိုးဝင်သောလက္ခဏာများတွေ့ပါကလည်း ဆေးခန်းချက်ခြင်းသွားပါ။

လူ့ခန္တာကိုယ်က ဓါတ်မတည့်တဲ့အရာတစ်ခုနဲ့ ထိတွေ့တဲ့အခါ သွေးလန့်ခြင်းတစ်မျိုးဖြစ်ပေါ်တတ်ပါတယ်။ ထိုအခါမှာ သွေးပေါင်တွေကျမယ်၊ ရောင်ရမ်းယားယံမယ်၊ အသက်ရှူရခက်တာတွေဖြစ်လာနိုင်ပါတယ်။ အင်းဆက်ပိုးမွှားကိုက်ခြင်းကြောင့် သွေးလန့်တာမျိုးကတော့ဖြစ်လေ့သိပ်မရှိဘဲ ကလေးကကိုက်လိုက်တဲ့ပိုးမွှားရဲ့ အဆိပ်ကို ဓါတ်မတည့်ကာမှဖြစ်နိုင်ချေရှိပါတယ်၊ ဒါပေမယ့် ဓါတ်တည့်မတည့်ဟာလည်း အကိုက်မခံရသေးမခြင်းမသိနိုင်တာကြောင့် သတိထားဖို့တော့လိုပါတယ်။

တကယ်လို့ကလေးက ဓါတ်မတည့်ဘူးဆိုရင်-

• အသက်ရှူကြပ်လာမယ်၊ အသက်ရှူရာမှာ တရွှီးရွှီးမြည်လာမယ်။

• မူးမယ်၊ ဗိုက်အောင့်မယ်၊ အန်မယ်

• မျက်နှာတွေရဲလာမယ်

• အနီစက်တွေပေါ်လာမယ်

• လျှာ၊ လက်၊ မျက်နှာမှာရောင်ရမ်းလာမယ်

• တကယ်လို့ကလေးမှိန်းနေမယ်၊ ရီဝေဝဖြစ်နေမယ်ဆိုရင်တော့ သွေးလန့်တဲ့လက္ခဏာဖြစ်နေပါပြီ။

ထိုလက္ခဏာတွေရှိလာပြီဆိုရင်တော့ ဆေးခန်းချက်ခြင်းသွားပါ။

ပိုးမွှားကိုက်ခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲ

ပိုးမွှားတွေအကုန်လုံးကို မသုတ်သင်နိုင်သလို ကလေးကိုလည်း အမြဲအိမ်ထဲမှာပဲ ဖွက်ထားလို့မရပါဘူး။ ကလေးငယ်တွေအတွက်သင့်တော်တဲ့ ပိုးမွှားသတ်လိမ်းဆေးအသုံးပြုခြင်း၊ အင်္ကျ ီလက်ရှည် ဘောင်းဘီရှည်ဝတ်ပေးခြင်းတို့ဖြင့်ကာကွယ်နိုင်ပါတယ်။ အရောင်ဖျော့ဖျော့အဝတ်အစားတွေဟာလည်း ပိုးမွှားတွေကို ဆွဲဆောင်အားနည်းပြီးတော့ ကိုက်ဖို့အဝတ်ပေါ်မှာကပ်နေရင်လည်း အလွယ်တကူတွေ့နိုင်ပါတယ်။ အထူးသဖြင့် ပိုးမွှားတွေပေါနိုင်တဲ့နေရာမျိုးမှာ အပြင်ထွက်စားတဲ့အခါ သတိထားပါ။ ကလေးအတွက် အမွှေးနံ့ပါတဲ့ ဆပ်ပြာနဲ့ ခရင်များကိုလည်းတတ်နိုင်သမျှရှောင်ပါ။

စိတ်ပူတာတွေ

ဘာတွေစိတ်ပူလဲ

ဒီအရွယ်စိတ်ပူရတဲ့ကိစ္စတွေအများကြီးထဲမှာ ဆံပင်ဆွဲတာလည်း တစ်ခုအပါအဝင်ဖြစ်မှာပါ။

ကလေးတွေဆံပင်ဆွဲရခြင်းဟာ နှစ်ချက်ကြောင့်ဖြစ်နိုင်ပါတယ်။

ပထမအချက်- သူတို့ငယ်စဉ်နို့စို့အရွယ်တုန်းက မိခင်ရဲ့ရင်ဘက်၊ ပါးစသည်ကို ပွတ်သပ်ဆုပ်ကိုင်ရာမှ ဒါမှမဟုတ် ဆံပင်ကိုဆုပ်ကိုင်ရာမှ ရရှိတတ်တဲ့ စိတ်သက်တောင့်သက်သာ လုံခြုံမှုဖြစ်မှုကိုပြန်လိုချင်တာကြောင့်၊

ဒုတိယအချက်- ထိုကဲ့သို့ စိတ်သက်တောင့်သက်သာဖြစ်ခြင်းကို ခုအချိန်သူတို့ အလွန်အမင်းပင်ပန်းချိန်၊ ဒါမှမဟုတ် စိတ်ရှု့ပ်ထွေးချိန်မှာ ပိုမိုလိုချင်တာကြောင့်……. သူတို့ဆံပင်ကို သူတို့ဆွဲရခြင်းပါ။

ဒီအရွယ်ကလေးတွေသူတို့ဆံပင်ကိုပွတ်သပ်ဆုပ်ကိုင်ခြင်း၊ လိမ်ခြင်း၊ ဆွဲခြင်းတွေဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး ထိခိုက်မှုမရှိဘဲ ငယ်ဘဝတစ်လျှောက်မှာ ကျန်ရှိတတ်ပါတယ်။ ဒါပေမယ့် ဆက်တိုက်ဆံပင်ကိုကိုင်နေတာမျိုး၊ ဆံပင်တွေကျွတ်သွားသည်ထိဆွဲတာမျိုးကတော့ တားသင့်ပါတယ်။ တားဖို့အတွက်ဆိုရင်-

• ကလေးကိုအာရုံပိုစိုက်ပြီး အထူးသဖြင့် သူစိတ်ရှုပ်နေမယ့်အချိန်တွေမှာ စိတ်သက်တောင့်သက်သာပိုဖြစ်အောင် ဂရုတစိုက်ထားပါ။

• ဆံပင်ကိုဆုပ်လို့မရအောင် တိုတိုညှပ်ပေးထားပါ။

• အာရုံလွှဲဖို့အတွက် တခြားဆုပ်ကိုင်စရာတစ်ခုခုပေးထားပါ။

ဘယ်လိုမှလုပ်လို့မရတော့ရင်တော့ ဆရာဝန်သွားပြဖို့ အကြံပေးပါရစေ။

နောက်တစ်ပတ်မှာလည်း သင့်ရင်သွေးလေးဘယ်လိုနေမလဲ စောင့်ကြည့်ရအောင်..။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print
version. Page 435 – 458.

ယခုပုံစံ

02/06/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement