backup og meta

ကလေးအသားအရေနဲ့ ပတ်သက်ပြီး ဘာတွေများသိထားသင့်လဲ

ကလေးအသားအရေနဲ့ ပတ်သက်ပြီး ဘာတွေများသိထားသင့်လဲ

အသစ်စက်စက်မိဘဖြစ်လာသူတွေအနေနဲ့ သားသမီးကို အစစအရာရာသေချာဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒီလိုဂရုစိုက်ပေးတယ်ဆိုတဲ့နေရာမှာလည်း အဝတ်အစား အသုံးအဆောင်တွေကိုပါ ဂရုစိုက်ပေးရမှာပါ။ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါမျိုးမှာလည်း ကလေးအသားအရေကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ မပါဝင်တာမျိုးကို ရွေးချယ်မိဖို့လိုပါတယ်။ ဒီလိုဆိုတော့ ကလေးအသားအရေနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေ ရှိတာပေါ့။

မွေးကင်းစကလေးငယ်ရဲ့ အသားအရေက အရမ်းကိုနူးညံ့ပြီး ထိခိုက်ခံနိုင်ရည်ကလည်း တော်တော်လေးနည်းပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးငယ်အသားအရေကို ထိခိုက်မှာကို တော်တော်စိုးရိမ်တတ်ကြတာက အဆန်းတော့မဟုတ်ပါဘူး။ ကလေးတွေရဲ့ အသားအရေက အရမ်းကို ထိခိုက်လွယ်တာကြောင့် သေချာဂရုမစိုက်ပေးရင်တော့ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဖေဖေမေမေတို့ သိထားဖို့လိုမယ့် ကလေးအရေပြားနဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေကို အခုဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။

မွေးကင်းစကလေးရဲ့ အသားအရေက နူးညံ့ချောမွေ့ဖို့ဆိုတာ မလွယ်ကူပါဘူး

မွေးကင်းစကနေ တစ်နှစ်လောက်အတွင်းမှာ ကလေးငယ်ရဲ့ အသားအရေက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် အရေပြားပေါ်မှာ မိတ်လိုမျိုး အဖုပိမ့်တွေ၊ အသားအရေမညီညာတာနဲ့ အရေပြားပေါ်မှာ အနီရောင်အကွက်လေးတွေဖြစ်ပေါ်တာက ပုံမှန်လို့ပဲပြောရပါမယ်။ ကလေးအသက်တစ်နှစ်မပြည့်ခင်အထိ အရေပြားအပေါ်ယံလွှာက အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။

မွေးကင်းစကလေးငယ်တွေရဲ့ အရေပြားဟာ အရွယ်ရောက်တဲ့ကလေးငယ်တွေရဲ့ အရေပြားထက် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ ပိုပြီးပါးလွှာသလို အရေပြားခြောက်သွေ့တာနဲ့ ဓာတ်မတည့်တာကို ခံနိုင်ရည်ကလည်း တော်တော်လေးနည်းပါသေးတယ်။ ဥပမာ ကလေးငယ်တွေက သေးခံကနေတဆင့် ဆီးတွေနဲ့ အညစ်အကြေးတွေနဲ့ ထိတွေ့မိတာမျိုးဖြစ်နိုင်တာကြောင့် အရေပြားဓာတ်မတည့်တာမျိုးခံစားရနိုင်ခြေက တော်တော်ကိုများပါတယ်။

ဖေဖေမေမေတို့ ကလေးအသားအရေနဲ့ ပတ်သက်ပြီး ဘာတွေများသိထားသင့်လဲ

ရေချိုးပေးတဲ့အခါ

မိဘတွေက ကိုယ့်ရင်သွေးကို သန့်သန့်ရှင်းရှင်းလေးဖြစ်စေချင်တာကြောင့် နေ့တိုင်းလိုလိုရေချိုးပေးချင်ပါလိမ့်မယ်။ ကလေးငယ်လေးတွေက လူကြီးတွေလို လှုပ်ရှားမှုမရှိသလိုချွေးလည်း သိပ်မထွက်ကြတာကြောင့် နေ့တိုင်းရေချိုးပေးဖို့တော့မလိုပါဘူး။ ကလေးကို တစ်ပတ် ၃ကြိမ်လောက် ရေချိုးပေးရင်ကိုရပါပြီ။

ကလေးကိုရေချိုးပေးတဲ့အခါမှာလည်း လူကြီးတွေအတွက်ထုတ်ထားတဲ့ ဆပ်ပြာမျိုးနဲ့မချိုးပေးဘဲ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတုံး ဒါမှမဟုတ် ဆပ်ပြာရည်ကိုသုံးပြီး ချိုးပေးရပါမယ်။ ရေချိုးပေးတဲ့အခါမှာလည်း ရေပူထက် ရေခပ်နွေးနွေးလေးနဲ့ ချိုးပေးတာက ကလေးအသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါကောင်းမွန်စေမှာဖြစ်ပါတယ်။

ကလေးကို ရေချိုးဆပ်ပြာအသစ်တွေကို အရင်မစမ်းကြည့်ဘဲ မသုံးပေးပါနဲ့။ နောက်တစ်ချက်က ဘက်တီးရီးယားသေစေနိုင်တဲ့ဆိုတဲ့ ဆပ်ပြာတွေပါ။ ဒီဆပ်ပြာတွေက အရမ်းပြင်းတာကြောင့် ကလေးငယ်ရဲ့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ကလေးကို ရေချိုးပေးပြီးတဲ့ အခါမှာလည်း တဘက်စနုနုလေးကို သုံးပြီးရေသုတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးအရေပြားမှာ မလိုအပ်ဘဲ ထိခိုက်ပွန်းပဲ့တာမျိုးကနေ ကာကွယ်ပြီးသားဖြစ်မှာပါ။

ပေါင်ဒါလိမ်းပေးတဲ့အခါ

ကလေးအတွက် ပေါင်ဒါရွေးချယ်တဲ့အခါမှာလည်း တော်တော်လေးသတိထားဖို့ လိုပါမယ်။ အဓိကသတိထားရမှာက ကလေးတွေအတွက်သီးသန့်ထုတ်ထားတဲ့ ပေါင်ဒါဖြစ်ဖို့ပါ။ပေါင်ဒါရွေးချယ်တဲ့အခါ အနံ့ပြင်းတာနဲ့ ကလေးအရေပြားကို ဓာတ်မတည့်မှုတွေဖြစ်စေနိုင်တဲ့အရာတွေ အသုံးပြုထားတာကို ရှောင်ကြဉ်ဖို့လိုပါမယ်။

ကလေးသေးခံ ရွေးချယ်တဲ့အခါ

ကလေးသေးခံက ကလေးကို သန့်ရှင်းနေစေဖို့အတွက် တော်တော့်ကို အသုံးဝင်ပါတယ်။ ဒါပေမယ့် ကလေးသေးခံအချို့က ကလေးအရေပြားကို ထိခိုက်စေပြီး ပိုးဝင်ကူးစက်တာမျိုးဖြစ်စေနိုင်ပါတယ်။ သေးခံက စိုနေတာကို မလဲဘဲအကြာကြီးထားမိမယ်ဆိုရင် ကလေးအရေပြားမှာ သေးခံလောင်တာလိုမျိုး အရေပြားပြဿနာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးသေးခံကို မကြာမကြာလဲပေးဖို့လိုပါမယ်။

တကယ်လို့များ ကလေးသေးခံဝတ်ထားတဲ့နေရာတွေမှာ အရေပြားပွန်းပဲ့တာမျိုးတွေဖြစ်နေမယ်ဆိုရင် အခြားသေးခံအမျိုးအစားကို ပြောင်းလဲဝယ်ယူဖို့လုပ်ပါ။ ကလေးကိုသေးခံအစိုကြီးနဲ့ အကြာကြီးထားမိတာမျိုး မဖြစ်အောင်သတိပြုဖို့ လိုသလို သေးခံလဲပေးတဲ့အခါတိုင်းမှာလည်း Baby wipes ကိုသုံးပြီး သန့်ရှင်းပေးဖို့လိုပါမယ်။ သေးခံကို အရမ်းတင်းတင်းကျပ်ကျပ်ကြီး မဝတ်ပေးမိဖို့လည်း သတိပြုပါ။

မွေးကင်းစကလေးငယ်လေးတွေမှာ မိတ်လိုမျိုးအဖုအပိမ့်လေးတွေထွက်တတ်တယ်

မွေးကင်းစကလေးငယ်တော်တော်များများရဲ့ အရေပြားမှာ မိတ်လိုမျိုး အဖုအပိမ့်လေးတွေဖြစ်တတ်ပါတယ်။ အချို့ကလေးတွေမှာ အဖြူရောင်အဖုလေးတွေနဲ့ ဝက်ခြံလိုမျိုး အဖုလေးတွေဖြစ်တတ်ပါတယ်။ ဒါတွေက အရမ်းစိုးရိမ်ဖို့မလိုပါဘူး။ အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ အလိုလိုသက်သာပျောက်ကင်းသွားတတ်ပါတယ်။

ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာပျောက်ကင်းသက်သာသွားတဲ့ အချိန်အပိုင်းအခြား ကွာခြားတာမျိုးတော့ရှိနိုင်ပါတယ်။ ဒီအရေပြားပြဿနာတွေက အချိန်တော်တော်ကြာတဲ့အထိမပျောက်ကင်းဘဲ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ လိုပါလိမ့်မယ်။

တစ်ခါတလေ ကလေးအရေပြားမှာဖြစ်တဲ့ အဖုအပိမ့်တွေ၊ အနီစက်တွေက ကလေးတွေမှာဖြစ်တတ်တဲ့ ခြေ၊ လက်၊ ပါးစပ်ရောဂါ၊ ရေကျောက်ပေါက်တာ၊ ဝက်သက်၊သွေးလွန်တုပ်ကွေးနဲ့ ဦးနှောက်ပိုးဝင်တဲ့ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်နေတတ်ပါတယ်။ အခုလိုမျိုး လက္ခဏာတွေဖြစ်လာရင် ဆရာဝန်နဲ့ သွားရောက်ပြသပေးပါ။

  • အဖုအပိမ့်တွေဖြစ်ပြီး ကလေးက အဖျားတက်တာ၊ နာကျင်ကိုက်ခဲတာမျိုးဖြစ်နေမယ်ဆိုရင်
  • ခန္ဓာကိုယ်အနှံ့မှာ အဖုအပိမ့်တွေထွက်နေမယ်ဆိုရင်
  • အဖုအပိမ့်တွေက နာကျင်မယ်၊ ပြည်တည်မယ်၊ အနာဖြစ်တဲ့နေရာနဲ့ အနာတဝိုက်မှာ ပူနွေးနေမယ်ဆိုရင်
  • အဖုအပိမ့်တွေက အရည်ကြည်ဖုတွေကနေ စဖြစ်လာတာဆိုရင်
  • အပူလောင်နာလိုမျိုးအနာတွေက ခန္ဓာကိုယ်အနှံ့ကို ပြန့်နှံ့လာတာဆိုရင်

အရေပြားမှာ အဖုအပိမ့်ဖြစ်တာက ဓာတ်မတည့်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်

ကလေးအရေပြားမှာ အနီရောင်အဖုအပိမ့်တွေ ထွက်တာကခြင်ကိုက်တာကြောင့်ဖြစ်နိုင်သလို မိတ်ထွက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီလို အရေပြားပြဿနာတွေကြောင့်လည်း အရေပြားမှာ ယားယံတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အစားအစာဓာတ်မတည့်တာ၊ ပိုးမွှားတွေ ကိုက်ခံရတဲ့အခါမျိုးမှာလည်း အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်နိုင်ပါတယ်။ နှင်းခူဖြစ်ချင်တဲ့အခါမျိုးမှာလည်း အရေပြားမှာ နီမြန်းယားယံတာမျိုးတွေဖြစ်နိုင်ပါတယ်။

အရေပြား အဖတ်လန်တာမျိုးဖြစ်နိုင်ပါတယ်

ကလေးငယ်ရဲ့ အသားအရေက အစိုဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းနည်းတာကြောင့် အရေပြားခြောက်သွေ့ အဖတ်လန်တာမျိုးတွေခံစားရနိုင်ပါတယ်။ မိခင်ဝမ်းထဲကနေမွေးဖွားလာပြီး ၂ ရက်ကနေ ၃ ရက်အတွင်းမှာ ပြင်ပလေနဲ့ ထိတွေ့မှုကြောင့် ကလေးမှာ အရေပြားအဖတ်လန်တာလေးတွေ စတင်ဖြစ်လာနိုင်ပါတယ်။ ဒါကလည်း ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ပါ။

အသားအရေ ခြောက်သွေ့နိုင်ပါတယ်

ကလေးအရေပြားက ခြောက်သွေ့လွယ်ပါတယ်။ ဒီလိုခြောက်သွေ့တဲ့အခါ ကလေးအရေပြားမှာ အစိုဓာတ်ပြည့်ဝပြီး နူးညံ့ချောမွေ့စေဖို့အတွက် ကလေးသုံး moisturizer လိုမျိုး အစိုဓာတ်ထိန်းပေးနိုင်မယ့် တစ်မျိုးမျိုးလူးပေးလို့ရပါတယ်။

ကလေးအရေပြားမခြောက်သွေ့အောင်လုပ်လို့ရတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကလေးကို ရေခဏခဏချိုးပေးတာမျိုး မလုပ်ဖို့ပါ။ ကလေးကို ရေခဏခဏချိုးပေးတဲ့အခါ အရေပြားပေါ်က အစိုဓာတ်နဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးစေနိုင်ပါတယ်။ ရေချိုးပေးတဲ့အခါမှာလည်း ကလေးတွေအတွက် ထုတ်ထားတဲ့ ဆပ်ပြာကို ရွေးချယ်ပေးဖို့ မမေ့ပါနဲ့။ ကလေးကငယ်သေးရင် ရေသန့်သန့်လေးနဲ့ ချိုးပေးရင်တောင် ရပါပြီ။

ကလေးအဝတ်တွေကို လျှော်ဖွတ်တဲ့ ဆပ်ပြာမှုန့်တွေကို ဂရုစိုက်ရွေးချယ်ပါ

ကလေးအဝတ်တွေကို လျှော်ဖွတ်ဖို့ ဆပ်ပြာမှုန့်ရွေးချယ်တဲ့အခါမျိုးမှာလည်း အရမ်းမပြင်းဘဲ၊ ဆိုးဆေးတွေ၊ အစွန်းချွတ်ဆေးတွေလိုမျိုး ဓာတုပစ္စည်းတွေမပါဝင်တာမျိုးကို ရွေးချယ်ဖို့လိုပါမယ်။ ကလေးတွေရဲ့ အရေပြားက နူးညံ့တာကြောင့် ဆပ်ပြာမှုန့်တွေ အများကြီးသုံးပြီး အဝတ်အစားတွေကို လျှော်တာမျိုးလည်းမလုပ်ပါနဲ့။ တကယ်လို့ ဆပ်ပြာမှုန့်ကြောင့် ကလေးအရေပြားမှာ ဓာတ်မတည့်တာမျိုးတွေ ဖြစ်လာမယ်ဆိုရင် ဆက်မသုံးဖို့လိုပါမယ်။

ကလေးအသားအရေ ထိန်းသိမ်းစောင့်ရှောက်နည်း

မွေးကင်းစကလေးငယ်တွေရဲ့ အသားအရေက အရမ်းကို နူးညံ့ထိခိုက်လွယ်သလို ကိုယ်ခံအားစနစ်ကလည်း ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် မေမေတွေအနေနဲ့ ကလေးအသားအရေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားဖို့လိုပါမယ်။

ကလေးကို မွေးစကနေ ၆ လအတွင်း နေရောင်နဲ့ တိုက်ရိုက်မထိတွေ့အောင် ထားရပါမယ်။ အပြင်သွားတဲ့အခါ ကလေးကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပေးတာ ဦးထုပ်ဆောင်းပေးတာမျိုးတွေ လုပ်ပေးဖို့ လိုပါမယ်။

ကလေးကို ထားရှိမယ့် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပေးပါ။

ကလေးမှာ မိတ်ထွက်နေရင် ချည်သားအပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးပါ။ ကလေးရှိတဲ့နေရာကို အေးမြအောင် လုပ်ပေးပါ။

ကလေးအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ ရွေးချယ်တဲ့အခါ ဆိုးဆေး၊ အနံ့၊ တာရှည်ခံဆေးလိုမျိုး အရေပြားကိုထိခိုက်စေနိုင်တဲ့ အရာတွေကို သတိထားကြည့်ဖို့လိုပါမယ်။

အခုလောက်ဆိုရင် ဖေဖေမေမေတွေအနေနဲ့ ကိုယ့်ရင်သွေးလေးတွေကို အရေပြားပြဿနာကင်းတဲ့ ရင်သွေးတွေအဖြစ်ပျိုးထောင်ပေးဖို့ အဆင်ပြေလောက်မယ်ထင်ပါတယ်။ ကျန်းမာတဲ့ ကလေးငယ်တွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://fabwoman.ng/skin-care-routine-for-babies-mothers-should-know-fabwoman/

http://www.parent24.com/Baby/Newborn/20-things-you-need-to-know-about-your-newborn-20160421

http://www.youngparents.com.sg/pregnancy-baby/7-things-know-baby-skin/?slide=1

ယခုပုံစံ

01/07/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 01/07/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement