backup og meta

ကလေးအတွက် ဘေးကင်းတဲ့ ကစားစရာလေးတွေ ဘယ်လိုရွေးမလဲ

ကစားစရာတွေနဲ့ ကလေးတွေဆိုတာ ခွဲထားလို့မရတဲ့ သူငယ်ချင်းတွေပါပဲ။ ကလေးတွေရဲ့ပျော်ရွှင်မှု၊ တက်ကြွမှု၊ ဖွံ့ဖြိုးမှုတွေကို ကစားစရာပစ္စည်းလေးတွေက အထောက်အကူပြုနေသလို ကလေးဘဝရဲ့အမှတ်တရများစွာကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

ကလေးပစ္စည်းအရောင်းဆိုင်တွေရောက်ရင် အသစ်အဆန်းလေးတွေ၊ ကိုယ့်ကလေးကြိုက်လောက်တဲ့ အမျိုးအစားတွေမြင်ရင် ဝယ်ချင်လာကြမှာ မိဘတိုင်းပါပဲ။ဆွေမျိုးတွေနဲ့မိတ်ဆွေတွေကလည်း ကလေးအတွက်ကစားစရာလက်ဆောင်တွေပေးကြမှာပဲ။ သူကလေ အိမ်မှာ ကစားစရာတွေ၊ အရုပ်တွေပုံနေတာ၊ အရုပ်သူဌေး ဆိုပြီး မိဘတွေကပြောတတ်ကြပါတယ်။ ကလေးမှာ ကစားစရာများတိုင်း အကုန်ပေးမကိုင်သင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကလေးတွေအတွက်ဘေးကင်းစိတ်ချရစေဖို့ အသက်အပိုင်းအခြားအလိုက် ခွဲခြားထားတဲ့ကစားစရာတွေကိုပဲပေးသင့်ပါတယ်။ ဥပမာ ပလတ်စတစ်ဓါးလို အရာမျိုးကို တစ်နှစ်ဝန်းကျင်ကလေးကို မပေးသင့်တာမျိုး။

ကလေးငယ်လေးတွေအတွက် အရေးကြီးဆုံးကဘေးအန္တရာယ်ကင်းကင်းနဲ့ကြီးပြင်းလာဖို့ဖြစ်တဲ့အတွက် ကစားစရာရွေးချယ်ရာမှာလည်း ကလေးနှစ်သက်တာ၊လှတာ၊ဈေးကြီးတာတွေထက်ဘေးကင်းရေးကိုပိုအလေးထားသင့်ပါတယ်။ ဒါဆိုကလေးအတွက် အန္တရာယ်ကင်းတဲ့ကစားစရာဘယ်လိုရွေးရမလဲ။ သိပ်တော့မခက်ပါဘူး။ ဒီအချက်လေးတွေဖတ်ထားရင်ပဲတော်တော်လုံလောက်နေပါပြီ။

ခဲဓါတ်ပါတာတွေရှောင်ပါ

ခဲဓါတ်ကို အိမ်သုတ်ဆေးတွေထုတ်လုပ်ရာမှာထည့်သွင်းအသုံးပြုလေ့ရှိပြီး ကလေးကစားစရာတွေမှာတော့ သုံးတဲ့ဆေးရောင်၊ ပလတ်စတစ် ဒါမှမဟုတ် သံသတ္တုတွေမှာပါတဲ့ခဲဓါတ်ကိုတွေ့ရတတ်ပါတယ်။ သတ္တု သို့မဟုတ် ပလတ်စတစ်တွေနဲ့လုပ်တဲ့ အရုပ်ကားလေးတွေ၊ စက်ရုပ်တွေမျိုးကို နည်းနည်းအရွယ်ကြီးလာတဲ့ ကလေးတွေဆို သိပ်စိတ်မပူရပေမယ့်တွေ့ရာပါးစပ်ထဲကောက်ထည့်တတ်တဲ့ ကလေးပိစိတွေနဲ့တော့ မဖြစ်ပါဘူး။ ခဲဓါတ်ပါတဲ့ကစားစရာကို လျှာနဲ့လျက်မိတာ၊ ပါးစပ်ထဲထည့်ထားတာ၊ ကိုက်ဝါးနေတာတွေကတဆင့် ခဲဆိပ်သင့်နိုင်ပါတယ်။

အရည်အသွေးညံ့တဲ့ပလတ်စတစ်ကစားစရာတွေ မပေးပါနဲ့

ကလေးက တစ်ခါဆော့ပြီးပစ်ထားမှာ၊ ခပ်ပေါပေါတွေဝယ်ပေးထားမယ်၊ ပျက်လည်းလွှင့်ပစ်လိုက်ရုံပဲလို့ သဘောမထားကြပါနဲ့။ တန်ဖိုးရှိတဲ့ကစားစရာတစ်ခုထက်ဈေးချိုတဲ့ကစားစရာငါးခုလောက်ပဲဝယ်ပေးလိုက်ရင် ကလေးကပိုပျော်ရင်ပျော်ပါလိမ့်မယ်။ ဒါပေမယ့်ဘေးကင်းစိတ်ချရဖို့အတွက်ကတော့ မဖြစ်နိုင်ဘူး။ အဲဒီပစ္စည်းတွေမှာ အန္တရာယ်ရှိဓါတုပစ္စည်းတွေ၊ အဆိပ်သင့်စေမယ့်ပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ထားတာဖြစ်နိုင်ပါတယ်။

PVC (polyvinyl chloride) မပါတာကိုရွေးပါ

အသုံးများတဲ့ ဒီပလတ်စတစ်မှာvinyl chloride၊ dioxin နဲ့ phthalates တို့လို အန္တရာယ်ရှိဓါတုပစ္စည်းတွေပါဝင်နိုင်ပါတယ်။ အဲဒီဓါတုတွေက ပန်းနာရင်ကျပ်၊ဓါတ်မတည့်မှုတွေနဲ့လည်း ဆက်နွှယ်နေပါတယ်။ ကလေးကစားစရာတွေမှာအသုံးများကြပေမယ့်PVC-free ကစားစရာတွေလည်းရှိပါတယ်။ ကစားစရာဝယ်ရင် label မှာသေချာဖတ်ပါ။

BPA (bisphenol A) မပါတာကိုရွေးပါ

ပလတ်စတစ်အရုပ်တွေနဲ့ တစ်ခါသုံးအအေးခွက်တွေမှာသုံးတတ်တဲ့ ဓါတုပစ္စည်းBPA က ကလေးငယ်တွေမှာ ဖွံ့ဖြိုးမှုပိုင်းထိခိုက်စေနိုင်ပြီး အာရုံစိုက်နိုင်စွမ်းရောဂါတွေ၊ ကင်ဆာ၊ ပျိုဖော်ဝင်စောစေခြင်းနဲ့ အဝလွန်ခြင်းတွေဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် Plan toys၊ Wonder world အမှတ်တံဆိပ်တွေလိုအဆိပ်သင့်ဓါတုပစ္စည်းတွေကင်းပြီး ဘေးကင်းမှုကိုစိတ်ချရတဲ့ ကစားစရာလေးတွေရှာဝယ်ကြည့်ပါ။

ပိစိလေးတွေသတိထားပါ

သုံးနှစ်အောက် ကလေးတွေအတွက်က ကစားစရာအစိတ်အပိုင်းတွေက သူ့ပါးစပ်ထဲထည့်လို့မဆံ့လောက်တဲ့အရွယ်အစားဖြစ်နေသင့်ပါတယ်။ ပါးစပ်ထဲဆံ့လို့ကတော့ကောက်ထည့်လိုက်တာနဲ့ အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်တဲ့အန္တရာယ်ရှိပါတယ်။

ထုတ်လုပ်မှုသေသပ်တဲ့ကစားစရာတွေကိုရွေးပါ

လွယ်လွယ်နဲ့ပြုတ်လွယ်၊ ကျိုးပဲ့လွယ်တဲ့ကစားစရာမျိုးတွေကို ဝယ်မပေးပါနဲ့။ အစ်ကိုတွေ၊ အစ်မတွေ၊ဆွေမျိုးတွေဆီက လက်ဆင့်ကမ်းတဲ့ ကစားစရာအဟောင်းတွေလည်း စိတ်မချရပါဘူး။ သူတို့ဆီကပြုတ်ထွက်လာနိုင်တဲ့ ကြယ်သီး၊ဘက်ထရီ၊ အရုပ်မျက်လုံး၊ ပလတ်စတစ်အပိုင်းအစ စတာတွေက ကလေးရဲ့ပါးစပ်ထဲရောက်သွားရင် အန္တရာယ်ရှိနိုင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://kidshealth.org/en/parents/safe-toys.html

Accessed Sep 3, 2018.

https://www.healthychildren.org/English/safety-prevention/at-home/Pages/How-to-Buy-Safe-Toys.aspx

Accessed Sep 3, 2018.

https://www.babycenter.com/0_toy-safety-guidelines_423.bc

Accessed Sep 3, 2018.

https://www.whattoexpect.com/first-year/natural-baby-care/healthy-toys.aspx

Accessed Sep 3, 2018.

ယခုပုံစံ

08/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              



Yun Sandi Nan Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement