backup og meta

ကလေးငယ်ငယ် ရေချိုးပေးမယ်

လူ့လောကထဲရောက်လာတဲ့ အဖွဲ့ဝင်အသစ်လေးကို ကြိုဆိုတဲ့နေရာမှာ ဗဟုသုတတွေလေ့လာသင့်သလောက်လေ့လာထားမှတော်ကာကျပါတယ်။ ကိုယ်လုပ်နေကျအတိုင်း ကလေးကို ဖြစ်ကတတ်ဆန်းလုပ်ပေးရင် တကယ်တမ်း တစုံတခုဖြစ်လာတဲ့အခါ ကိုယ်ပဲရင်နာရမှာပါ။ နုနယ်လွန်းတဲ့ ကလေးလေးတွေရဲ့ဝေယျာဝစ္စတွေက လူကြီးတွေနဲ့မတူပါဘူး။ အသေးစိတ်ကအစ အရာရာဂရုစိုက်ရပါတယ်။

ကလေးကိုပြုစုစောင့်ရှောက်တဲ့နေရာမှာ မိဘတွေကသန့်ရှင်းရေးကို အရမ်းဂရုစိုက်ကြပါတယ်။ရောဂါဝင်မှာကြောက်ပြီး ပစ္စည်းတွေသန့်မှ၊ ပတ်ဝန်းကျင်သန့်မှဖြစ်မယ်လို့ လက်ခံထားကြတာပါ။ ကလေးကိုလည်း သန့်ရှင်းနေမှဖြစ်မယ်ဆိုပြီးရေချိုးပေးဖို့ ကြိုးစားကြပါတယ်။

တကယ်တော့မွေးကင်းစအရွယ်တွေကိုရေချိုးပေးဖို့မလိုသေးပါဘူး။ သူတို့ရဲ့အရေပြားက အရမ်းကိုခြောက်သွေ့လွယ်တဲ့အပြင် ချက်ကြိုးတွေမကြွေသေးတဲ့ကလေးကိုရေပတ်တိုက်သန့်စင်တာပဲ လုပ်ပေးသင့်ပါတယ်။ တစ်လမပြည့်သေးတဲ့ ကလေးငယ်ကိုနေ့တိုင်းရေချိုးပေးဖို့မလိုအပ်ပါဘူး။ အမြဲသန့်စင်ပေးဖို့လိုအပ်တဲ့ မျက်နှာ၊ လည်ပင်းနဲ့ပေါင်ကြားဧရိယာတွေကိုပဲရေမြှုပ် သို့မဟုတ်ရေဝတ်လေးနဲ့သန့်စင်ပေးလို့ရပါတယ်။ ကလေးကို တစ်ပတ်ကို နှစ်ကြိမ်လောက်ထက် ပိုပြီးရေမချိုးပေးပါနဲ့။

ရေပတ်တိုက်ပေးပါ

မွေးကာစကလေးငယ်ကိုရေမြှုပ် သို့မဟုတ် တဘက်နုနုလေးကို ကြက်သီးနွေးရေလေးဆွတ်ပြီးရေပတ်တိုက်သန့်စင်ပေးတာအကောင်းဆုံးပါ။ မျက်နှာလေးနဲ့လက်လေးတွေကို မကြာခဏ သန့်စင်ပေးပါ။သေးခံ diaper လဲပြီးတိုင်းပေါင်ကြားတဝိုက်ကို ညင်သာစွာသန့်စင်ပေးပါ။

လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေအသင့်ပြင်ထားပါ

ကလေးကိုရေချိုးပေးမယ်ဆိုရင် လိုအပ်မယ့်ပစ္စည်းတွေအသင့်ပြင်ထားဖို့လိုပါတယ်။ရေချိုးဆပ်ပြာ၊ တဘက်၊ ကလေးခေါင်းလျှော်ရည်၊ရေချိုးဇလုံ၊ရေနွေး စတာတွေအပြင်ရေချိုးပြီးရင် ကလေးကိုခြုံပေးမယ့် အနှီး၊ ဝတ်ပေးမယ့် အဝတ်အစားတွေကို အသင့်ပြင်ဆင်ထားပါ။ရေပတ်ပဲတိုက်မယ်ဆိုရင်ရေဝတ်တဘက်နုနု၊ ဂွမ်းလုံးလေးတွေ၊baby wipes၊ သေးခံ diaper စတာတွေပြင်ထားပါ။ ကလေးကိုအအေးမမိအောင် အချိန်ကွက်တိလှုပ်ရှားရတာဖြစ်လို့ အခုလိုပြင်ဆင်ထားမှတော်ကာကျမှာပါ။

ရေအပူချိန်ကို စစ်ဆေးပါ

ကလေးကိုချိုးပေးမယ့်ရေကို အပူအအေး စမ်းကြည့်ဖို့အရေးကြီးပါတယ်။ ကြက်သီးနွေးရေနဲ့မှ အဆင်ပြေနိုင်မှာပါ။ ရေချိုးဇလုံထဲကို ရိုးရိုးရေထည့်ပြီးမှာ ရေနွေးကို နည်းနည်းချင်း လိုသလောက်ထည့်ပြီး သေချာရောမွှေပါ။ အပူအအေးချင့်ချိန်နိုင်ဖို့ လက်နဲ့စမ်းစမ်းကြည့်ပါ။

ကလေးရေချိုးဆပ်ပြာနဲ့ရှန်ပူကိုသေချာရွေးဝယ်ပါ

အမွှေးနံ့ပြင်းတဲ့၊ အမြှုပ်ထွက်များတဲ့ရေချိုးဆပ်ပြာနဲ့ခေါင်းလျှော်ရည်တွေဘယ်တော့မှ မရွေးပါနဲ့။ ကလေးရဲ့အသားအရေကိုခြောက်သွေ့ယားယံစေနိုင်ပါတယ်။

ရေချိုးတဲ့အခါ ကလေးကိုဘယ်လိုအနေအထား ချီထားမလဲလေ့လာပါ

ရေချိုးပေးတဲ့အခါ ကလေးကိုမြဲအောင်ကိုင်ထားဖို့၊ သက်တောင့်သက်သာရှိစေဖို့၊ အလွဲအချော်မဖြစ်စေဖို့ ၊ဘေးအန္တရာယ်ကင်းဖို့ သတိထားရပါမယ်။ရေနဲ့ ဆပ်ပြာနဲ့ဆိုရင် ကလေးကလှုပ်ရှားလိုက်တဲ့အခါ လက်ချော်သွားမှာစိုးရပါတယ်။

ကလေးရဲ့ဦးခေါင်းနဲ့ ခန္ဓါကိုယ်အပေါ်ပိုင်းကို လက်မောင်းတစ်ဖက်နဲ့ပွေ့ချီထားပြီးနောက်တစ်ဖက်က လက်ခုပ်နဲ့ရေချိုးပေးပါ။ ကလေးရဲ့ကျောဘက်ကို ချိုးပေးမယ်ဆိုရင်တော့ ကိုယ့်ရဲ့လက်မောင်းပေါ် ကလေးကိုမှီလျက်ထားပြီး ရေချိုးပေးပါ။ ဒီလိုမျိုး အဆင်မပြေရင် ကလေးအသုံးအဆောင်အရောင်းဆိုင်တွေမှာ ကလေးရေချိုးထိုင်ခုံလေးတွေဝယ်လို့ရပါတယ်။

ရေချိုးပေးရင် ဒါတွေသိထားပါ

  • ကလေးငယ်လေးတစ်ယောက်ကိုရေချိုးပေးတဲ့အချိန်က ၁၀ မိနစ်၊ ၁၅ မိနစ်ထက်ပိုပြီးမကြာသင့်ပါဘူး။
  • ကလေးကိုအရင်ဆုံး မျက်နှာသစ်ပေးပါ။ မျက်လုံးနဲ့နှာခေါင်းထဲရေမဝင်အောင်၊ ကလေးမလန့်အောင်လို့ နူးညံ့တဲ့တဘက်လေး ရေဆွတ်ပြီး မျက်နှာမှာဝိုက်ပြီးသစ်ပေးပါ။
  • ကလေးရဲ့ခန္ဓါကိုယ်အောက်ပိုင်းကိုလည်း ကြိုကြိုကြားကြားအကုန်သေချာသန့်စင်ပေးပါ။ အညစ်အကြေးအကြွင်းအကျန်တွေ ကပ်ကျန်မနေစေဖို့အရေးကြီးပါတယ်။
  • အများစုကတော့ ကလေးကိုစပြီးရေချိုးတဲ့အခါ အမေဖြစ်သူကခြေစင်းထိုင်ချပြီးခြေနှစ်ချောင်းကြားမှာ ကလေးကိုထားကာရေချိုးပေးလေ့ရှိပါတယ်။ နည်းနည်းကြီးမှရေချိုးဇလုံနဲ့ချိုးပေးကြတာပါ။ ဘယ်လိုပဲချိုးချိုးမြန်လည်းမြန်၊ စင်လည်းစင်၊ဘေးလည်းကင်းဖို့ အဓိကဖြစ်ပါတယ်။
  • ရေချိုးတဲ့အခါ ကလေးကို ဆပ်ပြာတိုက်တာသိပ်မကြာပါစေနဲ့။ရေကိုညင်သာစွာနဲ့ အဆက်မပြတ်အောင် နည်းနည်းချင်းလောင်းချိုးပေးပါ။
  • ကလေးကိုလေကာတဲ့နေရာမှာချိုးပေးပါ၊ရေချိုးခန်းထဲမှာချိုးတယ်ဆိုရင်တောင်လေလာရာလမ်းကိုလွှဲထားပါ။
  • ချိုးပြီးတဲ့အချိန်က ရေချိုးနေစဉ်အချိန်ထက်တောင် လုပ်တာကိုင်တာပိုပြီးမြန်ဆန်သင့်ပါတယ်။ ကလေးကိုအအေးမမိစေဖို့ရေမြန်မြန်သုတ်ရပါမယ်။ အသင့်ပြင်ထားတဲ့ အနှီးနဲ့ပတ်ပြီး တို့သုတ်ပေးပါ။ ပွတ်သုတ်မိရင် ကလေးရဲ့အရေပြားနုနုလေးတွေပွန်းစေနိုင်ပါတယ်။
  • ရေချိုးတိုင်းခေါင်းလျှော်ဖို့တော့မလိုပါဘူး။ ဒါပေမယ့် ဆံပင်တွေမှာ ညစ်ပေနေတာ၊ ကလေးမှာcradle cap လို့ခေါ်တဲ့ ဦးရေပြားပြဿနာရှိနေတာဆိုရင်တော့ ခပ်မြန်မြန်လေးလျှော်ပေးလိုက်ပါ။

ရေချိုးဇလုံထဲမှာ ကလေးကို တစ်ယောက်တည်း ခဏတောင်မထားခဲ့ပါနဲ့

ဒါကတော့ ထိုင်နိုင်နေပြီဖြစ်တဲ့အရွယ်လောက်အတွက်ပါ။ ကလေးကိုရေချိုးပေးနေရင်း အိမ်ရှေ့မှာကိစ္စပေါ်လာလို့ ခဏလောက် ကလေးကိုတစ်ယောက်တည်းထားခဲ့တာမျိုး မလုပ်ပါနဲ့။ သိပ်အန္တရာယ်များပါတယ်။ ကလေးငယ်တွေဟာ ၃ စင်တီမီတာ (၁.၂ လက်မ)ပဲရှိတဲ့ရေထဲမှာတောင်ရေနစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရေချိုးဇလုံကနေကျော်ထွက်တာ၊ရေဆော့ရင်းချော်လဲတာ၊ ထိမိခိုက်မိတာတွေဖြစ်နိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/parenting/baby/bathing-newborn#2

Accessed Aug 29, 2018.

https://www.babycenter.com/0_bathing-your-newborn_1198068.bc

Accessed Aug 29, 2018.

https://www.wikihow.mom/Bathe-a-Newborn

Accessed Aug 29, 2018.

 

ယခုပုံစံ

08/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              



Yun Sandi Nan Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement