မိဘတိုင်းက ကိုယ့်သားသမီးကိုချစ်ကြတယ်ဆိုတာ တိုင်းဆမရတဲ့မေတ္တာနဲ့ပါ။ သူတို့လေးတွေ လူ့လောကထဲရောက်လာတည်းက ပိုးမွေးသလိုမွေးခဲ့ရတဲ့ မိဘတိုင်းရဲ့မျက်လုံးထဲတော့ သားသမီးဆိုတာ အမြဲတမ်းကလေးလေးတွေပါပဲ။ ဒါပေမယ့် သဘာဝတရားက ဒီအတိုင်းမနေပါဘူး။ ကလေးတွေက တဖြည်းဖြည်းကြီးပြင်းလာရမှာ သဘာဝပဲမို့ အမြဲပဲ ကလေးလို အလိုလိုက်၊ချော့မြှူပြီးထားလို့မရဘူးဆိုတာ မိဘတွေ သတိချပ်ဖို့လိုပါလိမ့်မယ်။
အနှီးလေးနဲ့ပတ်ထားတဲ့ဘေဘီပိစိအရွယ်ကနေလေးဘက်ထောက်တတ်တဲ့အရွယ်၊ လမ်းလျှောက်တတ်တဲ့အရွယ်၊ကျောင်းတက်ရမယ့်အရွယ် စသည်ဖြင့် ကြီးပြင်းလာတာနဲ့အမျှ သူတို့လေးတွေရဲ့သိတတ်နားလည်မှုတွေကလည်းပြောင်းလဲလာပါတယ်။ ငယ်ရွယ်စဉ်မှာ ဖယောင်းရုပ်လို ပုံသွင်းလို့ရတဲ့အရွယ်မို့ ကလေးတွေကိုအမူအကျင့်ကောင်းတွေရရှိစေဖို့က မိဘတွေရဲ့တာဝန်ပါပဲ။ သွန်သင်မှု၊ ပျိုးထောင်မှုနည်းလမ်းမှန်ကန်မှ ကလေးတွေရဲ့အနာဂတ်လမ်းဖြောင့်ဖြူးအောင်မြင်မှာဖြစ်လို့ ငယ်ရွယ်စဉ်အချိန်က အရေးကြီးဆုံးပါပဲ။
ကလေးတွေကို စည်းကမ်းတင်းကျပ်ပြီးပုံစံချလွန်းတာမကောင်းသလို သွန်သင်ထိန်းကျောင်းမှုမရှိလို့လည်းမဖြစ်ပါဘူး။ ကလေးတွေကို ပျိုးထောင်ရာမှာလည်း နည်းလမ်းမှန်ကန်ဖို့ကအရေးကြီးပါတယ်။ ကလေးတွေကို သွန်သင်ထိန်းကျောင်းရင်း မိဘတွေလုပ်မိတတ်တဲ့ အမှားတွေရှိပါတယ်။ မသိလိုက်ဘဲလုပ်မိနေတဲ့ နည်းလမ်းမှားတွေက ကလေးတွေရဲ့ကြီးပြင်းမှုမှာ အကျိုးဆက်မကောင်းတဲ့ဂယက်တွေဖြစ်လာစေနိုင်ပါတယ်။ အခု သင့်ကလေးကို ပျိုးထောင်တဲ့နည်းလမ်းကရောမှန်ကန်ရဲ့လားဆိုတာ အောက်မှာဖော်ပြထားတဲ့ မိဘတွေရဲ့အမှားတွေကိုကြည့်ရအောင်။
အမှားလုပ်တိုင်း အပြစ်ပြောခြင်း
ကလေးတွေအမှားလုပ်တိုင်းအပြစ်ပြောတာက ရှက်ရွံ့စိတ်နဲ့ ချိုးနှိမ်ခံရမှုကို ခံစားရစေပါတယ်။ အပြောပဲခံနေရပြီး အမှန်ကိုသေချာမရှင်းပြတဲ့အတွက် ကလေးက အမှားထပ်လုပ်မိဦးမှာပဲဖြစ်ပါတယ်။ တကယ်တော့ ကလေးကို ညင်ညင်သာသာသတိပေးစကားပြောပြီး ဒီအမှားကို ဘာကြောင့်မလုပ်သင့်တာလဲ ရှင်းပြဖို့ပါပဲ။
ကလေးကို လူကြားထဲ အပြစ်ဖော်ဆုံးမခြင်း
ကလေးကို သူလုပ်ခဲ့တဲ့အမှားအတွက် ဆုံးမဖို့လိုနေပြီလို့ယူဆတယ်ဆိုရင်မွေးချင်းမောင်နှမရှေ့၊ သူငယ်ချင်းတွေရှေ့မှာ အပြစ်မပြောသင့်၊ မဆူသင့်ပါဘူး။ တစ်ယောက်တည်းရှိချိန်မှ ဆိုဆုံးမတာပိုကောင်းပါတယ်။
ပြင်းထန်တဲ့ပြစ်ဒဏ်တွေပေးခြင်း
ကလေးတွေကိုပြစ်ဒဏ်ပြင်းပြင်းပေးတာက မိဘတွေရဲ့မဟာအမှားတစ်ခုပါ။ ကလေးတွေရဲ့အပြုအမူပိုင်းဆိုင်ရာ သုတေသနတွေအရ စည်းကမ်းပေးခြင်းကပျော့ပျောင်းတဲ့အချိန်မှသာ ထိရောက်မှုရှိတာလို့တွေ့ရှိရပါတယ်။
အလိုလိုက်လွန်းခြင်း
ကလေးကို ဖူးဖူးမှုတ်အလိုလိုက်ထားပြီး သည်းသည်းလှုပ်ချစ်တာကလည်း ကလေးရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းမှာ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေရှိလာစေနိုင်ပါတယ်။ အထူးသဖြင့်မေမေတွေက အရမ်းသည်းလွန်းရင် ကလေးက ဘာလုပ်လုပ် ကိုယ်တိုင်မလုပ်နိုင်ဘဲ မဝံ့မရဲဖြစ်နေတာ၊ တသီးတသန့်နေတတ်တာ၊ကြောက်စိတ်ဝင်တာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်နည်းတာတွေဖြစ်လာတတ်ပြီး ရွယ်တူတွေကြားမှာနောက်ကောက်ကျနေတတ်ပါတယ်။
သင်ပေးဖို့နောက်ကျနေခြင်း
ကလေးကို ဘာမှမသင်ပေးဘဲထားတာတော့ လုံးဝမှားပါတယ်။ ကလေးကို သိတတ်တဲ့အရွယ်ကစပြီး သူ့အရွယ်နဲ့ကိုက်ညီမယ့် အသိလေးတွေ၊ အပြုအမူလေးတွေ၊ ဘာပဲဖြစ်ဖြစ် သင်ပေးရမှာပါ။ ကပြပါဦး၊ ရယ်ပြပါဦး၊ တာ့တာလုပ်ပါဦး စသည်ဖြင့် အလွယ်ဆုံးအဆင့်ကနေ စပြီးသင်ပေးရင်း ဒါလုပ်သင့်တယ်၊ ဒီလိုမလုပ်ရဘူး စသည်ဖြင့် အကောင်းအဆိုးကို သင်္ကေတပြပြီး ခွဲခြားပေးရပါမယ်။
မျက်နှာလိုက်ဆက်ဆံခြင်း
ကလေးတွေကြားမှာ ပိုအရေးပေးတာ၊ ပိုဂရုစိုက်တာ၊ မု့န်ပိုကျွေးတာမျိုး ခွဲခြားပြီး မျက်နှာလိုက်တာတွေက မလုပ်သင့်တဲ့အချက်ပါ။ မိဘတွေဆိုတာ ကလေးတွေကို တူညီစွာချစ်ပေးနိုင်ရပါမယ်၊ဒါကိုလည်း ကလေးတွေသိအောင်နေပြရပါမယ်။
ကလေးရဲ့အပြုအမူကိုလှောင်ပြောင်ခြင်း
ကလေးက စကားပြောနေတဲ့အခါ ဒါမှမဟုတ် သူဖြစ်ချင်တာကိုသူ့နည်းသူ့ဟန်နဲ့ဖော်ပြနေချိန်မှာလှောင်ပြောင်တာ၊”နေစမ်းပါဦး”ဆိုတာမျိုး ပြောပြီးရပ်တန့်ခိုင်းတာ မကောင်းပါဘူး။ ကလေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာပြီး မှားမှာကြောက်လို့ စကားသိပ်မပြောတော့တာ၊ လူရှေ့မှရှက်တတ်လာတာမျိုးဖြစ်စေနိုင်ပါတယ်။
ကလေးရဲ့ခံစားချက်ကို လျစ်လျူရှုခြင်း
မိဘတွေလုပ်မိတာများတဲ့ အမှားတစ်ခုက ကလေးရဲ့ခံစားချက်ကို ထည့်မတွေးတာပဲဖြစ်ပါတယ်။ ဥပမာ ငိုနေတဲ့အခါမျိုးဆို ရုတ်တရက်အငိုတိတ်အောင် တစ်နည်းနည်းနဲ့လုပ်လိုက်တာထက် သူတို့ဘာကိုခံစားနေရလဲဆိုတာနားလည်နေတဲ့အကြောင်း ကလေးသိအောင် ကြင်ကြင်နာနာ ချဉ်းကပ်ဖြေရှင်းပေးသင့်ပါတယ်။
အိမ်မှာ ဘာအလုပ်မှမခိုင်းခြင်း
ကိုယ့်သားသမီးအတွက် ဘာမဆိုလုပ်ပေးနိုင်တယ်လို့ မိဘတွေတွေးလေ့ရှိပါတယ်။ ကလေးကို ဘာမှမခိုင်း၊မသင်ဘဲ ပိုးမွေးသလိုမွေးကြတဲ့အခါ ဘာမှမတတ်၊ အလိုက်မသိတတ်တဲ့ပေါ်ကြော့ကလေးတွေအဖြစ်ကြီးပြင်းလာပါလိမ့်မယ်။ မိဘတွေအနေနဲ့ ကလေးတွေကို ငယ်ကတည်းက ဝိုင်းကူတတ်တဲ့အကျင့်လေးကျင့်ထားပေးသင့်ပါတယ်။ ကိုယ့်အမှိုက်ကိုယ်ရှင်းစေတာမျိုး။ ကူညီတတ်ပြီး အမှီအခိုကင်းကင်းနဲ့ ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ကလေးတွေဖြစ်လာစေဖို့ ပျိုးထောင်ပေးရပါမယ်။
စည်းကမ်းလေးတွေ မထားပေးခြင်း
ကလေးကို ဘယ်လိုစည်းကမ်းသတ်မှတ်ပေးရမလဲ၊ လိုက်နာအောင်ဘယ်လိုလုပ်ရမလဲဆိုတာ တချို့မိဘတွေက မသိကြပါဘူး။ ကိုယ့်တုန်းက စည်းကမ်းဘောင်ထဲ မွန်းကျပ်ခဲ့ရတဲ့အတွေ့အကြုံရှိသူမိဘတွေက သားသမီးတွေအလှည့်ကျ ကလေးက ကလေးပဲလေ ဆိုပြီး အလိုလိုက်ထားတတ်ကြပါတယ်။ ရလဒ်ကတော့ မိသားစုထဲမှာ သူတို့သာအရေးကြီးဆုံး၊ သူတို့ရဲ့လိုအပ်ချက်သာအရေးကြီးဆုံးလို့ ကလးတွေကမှတ်ယူလာတတ်ပါတယ်။ စည်းကမ်းမသတ်မှတ်ထားတဲ့အတွက် ဆိုးလာတဲ့ကလေးက နောက်မှ သွန်သင်လို့မလွယ်တော့ပါဘူး။ ဒါပေမယ့် စည်းကမ်းတင်းကျပ်လွန်းရင်လည်း သိတတ်လိမ်မာတဲ့သူတွေဖြစ်လာနိုင်သလို၊ မလိုက်နာတဲ့ကလေးကျတော့ ခံပြောတတ်တဲ့၊တော်လှန်တတ်တဲ့သဘာဝနဲ့ကြီးပြင်းလာနိုင်တယ်ဆိုတာလည်း မမေ့ပါနဲ့။
မိဘတွေက စံနမူနာကောင်း ဖြစ်မနေခြင်း
ကလေးဆိုတာမြင်ရတွေ့ရတာတွေကိုအတုခိုးတတ်ပါတယ်။ ကလေးကိုပျော်ရွှင်တတ်၊ချစ်ခင်ကြင်နာတတ်ပြီးတွေးခေါ်မြော်မြင်တတ်၊ ရိုသေလေးစားတတ်တဲ့သူအဖြစ်ကြီးပြင်းလာစေချင်တယ်ဆိုရင် အဲဒီလိုဖြစ်စေချင်တဲ့ပုံစံအတိုင်း မိဘတွေက စံနမူနာကောင်းနေပြရပါမယ်။ ကလေးရှေ့မှာဒေါသကြီးတာလိုမျိုး အပြုအမူတွေမလုပ်သင့်ပါဘူး။ မိဘတွေက မဆင်ခြင်သရွေ့ သားသမီးဆီက အမှန်တကယ်လေးစားမှုကို ရနိုင်မှာမဟုတ်ပါဘူး။ ကိုယ်တော့လုပ်ပြီး ကလေးကလိုက်လုပ်တော့ အပြစ်ပေးမယ်ဆိုတာမျိုးဘယ်တော့မှမလုပ်မိပါစေနဲ့။
ကလေးရဲ့အမူအကျင့်မှားတွေကို မတားဆီးခြင်း
ကလေးဆိုတာ အိပ်ချိန်အိပ်၊ စားချိန်စား၊ ကစားချိန်ကစားရမယ်။ တီဗီရှေ့ကမခွာ၊ ဂိမ်းကစားတာကနေမခွာတမ်း လုပ်ချင်ရာလုပ်နေတာမျိုးကို ဒီအတိုင်းကြည့်မနေသင့်ပါဘူး။ ကလေးအတွက်မကောင်းမှန်း သိနေလျက်နဲ့တော့ ဆက်ပြီးခွင့်မပြုထားပါနဲ့။ ကျန်းမာပျော်ရွှင်ပြီး ထူးချွန်ထက်မြက်တဲ့ကလေးလေးတွေဖြစ်စေချင်တယ်ဆိုရင် ကလေးအတွက် ဘာကကောင်းလဲဆိုတာသေချာနားလည်ပြီး အကောင်းဆုံးကြိုးစားပဲ့ပြင်သွားရမှာဖြစ်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-baby-poop-tool]