backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အရိုးအဆစ်တွေ ဘာကြောင့်နာသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အရိုးအဆစ်တွေ ဘာကြောင့်နာသလဲ

အရိုးအဆစ်နာခြင်းဟာ တွေ့ရများတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အကြောင်းရင်းများစွာကြောင့် ဖြစ်ပွားနိုင်ပါတယ်။ အောက်ပါ အခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။ ကဲ ….. အရိုးအဆစ်တွေ ဘာကြောင့်နာသလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ကြည့်လိုက်နော်။

အရိုးအဆစ်တွေ ဘာကြောင့်နာသလဲ

အရိုးအဆစ်တွေ ဘာကြောင့်နာသလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။

၁။ Osteoarthritis ရောဂါ ပိုမိုဆိုးရွားလာခြင်း

အသက်အရွယ်ကြီးသူတွေမှာ အရိုးအဆစ်နာခြင်းဟာ Osteoarthritis (အသက်ကြီးချိန် ဒဏ်ကြောင့် အရိုးနုပျက်စီးကာ အရိုးအဆစ်ရောင်သောရောဂါ) ပိုမိုဆိုးရွားလာတဲ့ လက္ခဏာတစ်ရပ် အနေနဲ့ ပြတတ်ပါတယ်။ အဆစ်တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုပြီး နာနေနိုင်ပါတယ်။ ဒီရောဂါဟာ အဆစ်နေရာက အရိုးကို ဖုံးအုပ်ကာကွယ်ထားတဲ့ အလွှာကို ပျက်စီးစေပြီး တစ်ရှူးများကို ရောင်ရမ်းစေတာကြောင့် နာကျင်တောင့်တင်းတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ တခါတရံမှာ အသက်ငယ်သူတွေပါ ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်များသူတွေနဲ့ ယခင်က အဆစ်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရဖူးသူတွေမှာ ဖြစ်တတ်ပါတယ်။

၂။ အဆစ်ကို ဖုံးထားသော အလွှာ ရောင်ရမ်းခြင်း

မကြာသေးမီက အဆစ်မှာ ထိခိုက်ထားဖူးရင် ရုတ်တရက် ပြန်နာလာတာမျိုး ကြုံရနိုင်ပါတယ်။ ဒါဟာအဆစ်နဲ့ ကြွက်သားအရွတ်ကို ဖုံးအုပ်ထားတဲ့ အလွှာပါးလေးဟာ ရောင်ရမ်းလာတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို synovitisလို့ ခေါ်ပါတယ်။ နီရဲပြီး ရောင်ရမ်းနိုင်ပါတယ်။

၃။ ဂေါက်ရောဂါ

အဆစ်ရဲ့ အရေပြားဟာ ပူပြီး နီရဲနာကျင်ခြင်းဟာ မကြာခဏ ဖြစ်နေတတ်ရင် ဂေါက်ရောဂါ ဒါမှမဟုတ် ဂေါက်နဲ့ ဆင်တူတဲ့ ရောဂါကြောင့် ဖြစ်ပါတယ်။ ဒီရောဂါဟာ ယူရစ်အက်ဆစ်တွေ (uric acid) စုပုံလာရင် ဖြစ်တတ်ပါတယ်။ ယူရစ်အက်ဆစ်ကို ကျောက်ကပ်က သေချာစွာ မစွန့်ထုတ်နိုင်ရင် စုပုံလာတတ်ပါတယ်။ အရမ်းများလာရင် အဆစ်ထဲမှာ ပုံဆောင်ခဲအသွင်နဲ့ ဖွဲ့စည်းသွားပါတယ်။ ဒီပုံဆောင်ခဲတွေဟာအဆစ်ကို ရောင်ရမ်းစေပြီး ဆိုးဆိုးရွားရွား နာကျင်စေပါတယ်။ အဆစ်ကို လှုပ်ရှားဖို့တောင် ခက်ခဲပြီး ခပ်ငွေ့ငွေ့ ဖျားတတ်ပါတယ်။

ဒီရောဂါဟာ ခြေမကို ပထမဆုံး ထိခိုက်ပါတယ်။ ဂေါက်ရောဂါဖြစ်ကြောင်း မှန်ကန်စွာ အတည်ပြုနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှ နောက်ပိုင်းနာကျင်ခြင်း၊ မသန်စွမ်းခြင်းကိစ္စတွေအတွက် ကြိုတင်ကုသနိုင်မှာ ဖြစ်ပါတယ်။

ဂေါက်ရောဂါနဲ့ ဆင်တူတဲ့ရောဂါမှာတော့ ကယ်လ်စီယမ် ပုံဆောင်ခဲများအဖြစ် အဆစ်တဝိုက်မှာ ဖြစ်ပေါ်ပါတယ်။ ဂေါက်ရောဂါနဲ့ မတူတာက သူဟာ ဒူးခေါင်းမှာအရင် စဖြစ်ပါတယ်။

၄။ ဒူးခေါင်းနောက်ဘက် အရိုးနုကိုထိခိုက်ခြင်း

လှေကား အတက်အဆင်း လုပ်စဉ် ဒူးခေါင်းနာတာ ဆိုးလာရင် ခုံညင်းရိုး ထိခိုက်ပျက်စီးတဲ့ ရောဂါ ဖြစ်နိုင်ပါတယ်။ သူ့ဆီမှာတော့ နီခြင်းပူခြင်း မရှိပါဘူး။

အကြောင်းရင်းကို သေချာမသိရပေမယ့် ဒူးခေါင်းကို အလွန်အကျွံ သုံးခြင်းနဲ့ ဆက်စပ်နေပါတယ်။

ဒီရောဂါကို မိမိဖာသာ ရေခဲအိတ် ကပ်ခြင်း၊ အရောင်ကျဆေး သောက်ခြင်း၊ အနားယူခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။

၅။ အဆစ်အတွင်း သွေးယိုခြင်း

ဒူးဆစ်မှာ မကြာသေးမီက ဒဏ်ရာရဖူးရင် (ဥပမာအရွတ်စုတ်ပြဲခြင်း၊ ဒူးခေါင်းကျိုးခြင်း) အဆစ်ထဲကိုသွေးယိုနိုင်ပါတယ်။ warfarin လိုသွေးကျဲဆေးသောက်နေတဲ့သူတွေမှာပိုဖြစ်နိုင်ပါတယ်။ သူ့လက္ခဏာတွေကတော့ ဒဏ်ရာရပြီးနောက်ပိုင်း ဒူးခေါင်းရောင်ရမ်းခြင်း၊ နွေးခြင်း၊ တောင့်တင်းခြင်း၊ သွေးခြည်ဥခြင်းစတာတွေ ဖြစ်ပါတယ်။

၆။ တွေ့ရနည်းတတ်သောအကြောင်းများ

အဆစ် ရုတ်တရက်နာခြင်းသည် အောက်ပါအချက်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

  • အရိုးကျိုးခြင်း (ခြေလက်ကျိုးခြင်း၊ ခြေကျင်းဝတ် ကျိုးခြင်း၊ ပေါင်ကျိုးခြင်းစတာတွေ ဖြစ်နိုင်ပါတယ်)
  • ရောဂါပိုးဝင်ပြီးနောက် ဖြစ်သော အဆစ်ရောင်ခြင်း (လူငယ်တွေမှာ ဖြစ်တတ်ပါတယ်။)
  • ဆိုရီရေးစစ် အရေပြားရောဂါကြောင့် အဆစ်ရောင်ခြင်း။ ဆိုရီရေးစစ်ရောဂါ ရှိသူများမှာ ၅ ဦးအနက် တစ်ဦးခန့် ဖြစ်တတ်ပါတယ်။
  • လေးဖက်နာကြောင့် အဆစ်ရောင်ခြင်း။ အဆစ်တစ်ခုမှာ စဖြစ်တတ်ပါတယ်။ နာတာပေါ်လိုက် ပျောက်လိုက် ဖြစ်တတ်ပါတယ်။
  • ခုံညင်းရွတ်ရောင်သော Osgood-Schlatterရောဂါ။ (ဒူးခေါင်းအောက်ဘက် အရိုးရောင်ပြီး နာတတ်ပါတယ်။)
  • ရှားရှားပါးပါးတွေ့ရတတ်တာတွေကတော့

    • သွေးဆိပ်တက်ပြီး အဆစ်ရောင်ခြင်း။ ဆိုးရွားတဲ့ အခြေအနေဖြစ်ပြီး နာကျင်ခြင်း၊ ပူခြင်း၊ ရောင်ရမ်းခြင်းစတာတွေ ဖြစ်နိုင်ပြီးမလှုပ်ရှားနိုင်တော့ပါဘူး။ တခါတရံ ဖျားတတ်ပါတယ်။ ဆေးခန်းဖြစ်ဖြစ်၊ အရေးပေါ်ဌာနဖြစ်ဖြစ် ပြသင့်ပါတယ်။
    • သွေးမတိတ်သော ရောဂါ။ မျိုးရိုးဆက်ခံမှုကြောင့် ဖြစ်တတ်ပြီး သွေးခဲခြင်းကို ခက်ခဲစေပါတယ်။
    • ကင်ဆာ
    • အရိုးကြေမွပျက်စီးခြင်း။ သွေးမလျှောက်၍ အသားပုပ်ရာမှ ဖြစ်လာတတ်ပါတယ်။
    • အဆစ် မကြာခဏလွဲခြင်း စတာတွေပါ။
    • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



      မှ အချက်အလက် စစ်ဆေးထားပါသည်။

      Hello Sayarwon Panel


      Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      ad iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      ad iconadvertisement
      ad iconadvertisement