backup og meta

အရိုးအဆစ်ပြဿနာများအကြောင်း သိကောင်းစရာများ


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးအဆစ်ပြဿနာများအကြောင်း သိကောင်းစရာများ

    အရိုးအဆစ်တွေမှာ ကြမ်းတမ်းတဲ့ လုပ်ငန်းတာဝန်တွေ ရှိပါတယ်။ သူတို့ဟာကိုယ်အလေးချိန်ကိုထမ်းထားရတဲ့အပြင် အမျိုးမျိုးသော လှုပ်ရှားမှုများကိုလုပ်ဆောင်ပေးရပါတယ်။ အဆစ်တွေဟာပုံမှန် ပျက်စီးတာအပြင် တစ်ခါတရံမှာအလွန်အကျွံ သုံးခြင်းကြောင့် ဒဏ်ဖြစ်တာ၊ ပိုးဝင်တာ၊ ကိုယ်ခံအားစနစ်ကမှားယွင်းတိုက်ခိုက်ခြင်းကိုခံရတာ၊ အသက်ကြီးရင့်လာလို့ ပျက်စီးလာတာစတာတွေ ကြုံတွေ့ရပါတယ်။ အရိုးအဆစ်တွေမှာ ကြုံရတတ်တဲ့ ပြဿနာတွေကိုဆက်လက်ဖော်ပြပါ့မယ်။

    ၁။ အဆစ်လွဲခြင်း

    အဆစ်လွဲခြင်းဆိုတာလဲကျခြင်းကြောင့်ဖြစ်စေ၊ တခြားအကြောင်းကြောင့်ဖြစ်စေ အရိုး၂ခုဆက်နေတဲ့နေရာ လွဲချော်သွားခြင်း ဖြစ်ပါတယ်။ ပခုံးဆစ်၊ ဒူးဆစ်၊ တံတောင်ဆစ်၊ လက်ဆစ်နဲ့ မေးရိုးစတာတွေမှာ ဖြစ်တတ်ပါတယ်။ အဆစ်လွဲတဲ့အခါ အဆစ်နေရာမှာပုံပျက်ခြင်းဖြစ်ပေါ်ပြီး လှုပ်ရှားမှုများမလုပ်နိုင်တော့ဘဲနာကျင်ခြင်း၊ ရောင်ရမ်းခြင်းတွေ ဖြစ်နိုင်ပါတယ်။

    ၂။ အရွတ်ဒဏ်ဖြစ်ခြင်း

    အဆစ်နဲ့ဆက်စပ်နေတဲ့ တစ်သျှူးများ၊ အရွတ်များ၊ ကြွက်သားအရွတ်များအလွန်အကျွံဆွဲဆန့်ခြင်း၊ စုတ်ပြဲခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ အဆစ် လွဲသွားခြင်းတော့ မရှိပါဘူး။ များသောအားဖြင့် လက်ကောက်ဝတ်၊ ခြေကျင်းဝတ်တို့ကို အားနဲ့ဆွဲလိမ် သလိုဖြစ်ရင် ဖြစ်နိုင်ပါတယ်။ ဥပမာခြေခေါက်လဲရင် ဘေးဘက်ကအရွတ်ကိုအားနဲ့ဆွဲဆန့်သလိုဖြစ်ပြီးဒဏ်ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာများကြောင့် တစ်သျှူးများဟာသူတို့တွဲဆက်တဲ့နေရာကနေ ပြုတ်သွားနိုင်ပါတယ်။

    ဒဏ်ဖြစ်နေတဲ့ အဆစ်ဟာနာကျင်ရောင်ရမ်းပြီးအပြည့်အ၀ မလှုပ်ရှားနိုင်ဖြစ်ရပါတယ်။ ဒီအတွက် ချက်ချင်းလုပ်နိုင်တဲ့ကုသမှုကတော့ အနားယူဖို့ပါပဲ။ ဒီထက်ဆိုးရင် ဆေးရုံဆေးခန်းသွားဖို့ လိုပါတယ်။ အဆစ်ကိုတခဏဖြစ်ဖြစ် မလှုပ်မရှားဘဲထားလိုက်ရင် အရိုးကိုပြန်လည် ဖွဲ့စည်းပြီးအရွတ်တွေကိုအားပျော့သွားစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာအဆစ်တွေကိုသန်မာစေပါတယ်။

    ၃။ အဆစ်တွင်ရှိသောအရည်အိတ်ရောင်ခြင်း

    အဆစ်ကိုအသုံးပြုပါများရင်၊ ဖိအားသက်ရောက်ရင် အဆစ်ကြားမှာရှိတဲ့ အရည်အိတ်ကလေးတွေ ရောင်နိုင်ပါတယ်။ ခြေဖနောင့်ရိုးနဲ့ ခြေဖနောင့်ကြွက်သားအရွတ်ကြားကအရည်အိတ်ဟာဖနောင့်ကိုအားပြုသုံးတာများရင် ရောင်လာတတ်ပါတယ်။ တင်းနစ်ရိုက်တာများရင် တံတောင်ဆစ်ရိုး (အိုလီခရေနွန်အရိုး)ရဲ့ အရည်အိတ် ရောင်လာတတ်ပါတယ်။ အဲဒီအခါ အနားယူဖို့လိုပါတယ်။ ဆေးကုသမှုလည်းခံယူသင့်ပါတယ်။

    ၄။ အဆစ်ရောင်ခြင်း

    အဆစ်ရောင်ခြင်းဟာရောင်ရမ်းနာကျင်ခြင်းကို ဖြစ်စေပါတယ်။ အမေရိကန်မှာလူပေါင်း သန်း၅၀ကို အဆစ်ရောင်ခြင်းအမျိုးပေါင်း ၁၀၀ခန့်က ဒုက္ခပေးနေပါတယ်။ တခြားရောဂါတွေရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးအကြောင်းကိုတော့ အောက်မှာဆက်ပြောထားပါတယ်။

    ၅။ လေးဖက်နာအဆစ်ရောင်ခြင်း

    ကိုယ်ခံအားကမိမိကိုယ်ကိုပြန်တိုက်လို့ ဖြစ်ပါားပြီးနာကျင်ပြီးခံစားရအပြင်းဆုံးအဆစ်ရောင်ခြင်း ဖြစ်ပါတယ်။ အဆစ်ကိုဖုံးထားတဲ့ အလွှာဟာရောင်ရမ်းပြီးထူလာပါတယ်။ အဆစ်ရဲ့ အရွတ်တွေကိုထိခိုက်ပြီးဖိုင်ဘာတစ်သျှူးတွေ ဝင်ရောက်လာတဲ့အခါ အဆစ်ဟာ လှုပ်ရှားရခက်လာပါတယ်။ တချိန်တည်းမှာပဲအဆစ်နေရာကအရိုးတွေဟာကျီးပေါင်းဖြစ်နိုင်ပါတယ်။ ဒီပြဿနာဟာအလွန်ဆိုးရွားပြီးခွဲစိတ်ကုသမှု ခံယူရတတ်ပါတယ်။

    ဒီပြဿနာဟာအဆစ်များစွာကိုဖြစ်ဖြစ်၊ အနည်းငယ်ကို ဖြစ်ဖြစ် ထိခိုက်တတ်ပါတယ်။ တခါတရံမောပန်း နွမ်းနယ်ခြင်း၊ ကြွက်သားသိမ်ခြင်း၊ သွေးအားနည်းခြင်း၊ အရိုးပွခြင်း၊ အရေပြားမျက်စိအဆုတ် သွေးကြောနှင့် နှလုံးတွင် ပြောင်းလဲမှုများ ဖြစ်ခြင်းစတာတွေ ကြုံတွေ့ရပါတယ်။ လူကြီးတွေမှာ ဖြစ်တာများပြီးလူငယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။

    ၆။ Osteoarthritis အရိုးအဆစ်ရောင်ခြင်း

    ဒီပြဿနာဟာအသက်အရွယ်ကြီးရင့်လာလို့ ချို့ယွင်းခြင်း ဖြစ်ပြီးအဆစ်ရောင်ခြင်းပုံစံမျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အသက်ကြီးလာတဲ့အတွက် ဖြစ်ပွားပေမယ့် မျိုးရိုးဗီဇရှိလို့ အသက်၃၀လောက်မှာ ဖြစ်တတ်တာလည်းရှိပါတယ်။ ဒီလိုဖြစ်လာရင် အဆစ်နေရာကနာလာတတ်ပြီးသာမန်နာကျင်မှုထက် ပိုပြီးပြင်းထန်ပါတယ်။ ဖြစ်ပွားတဲ့ အရိုးအဆစ်နေရာဟာပုံပျက်လာပါတယ်။ ဥပမာလက်ချောင်းလေးများဟာကွေးကောက်လာပြီးဒူးဆစ်ဟာရောင်ကိုင်းလာပါတယ်။

    အရိုးအဆစ်ရောင်တဲ့အခါ အရိုးနုလေးတွေဟာပျက်စီးလာပြီး ကြမ်းတမ်းလာတတ်ပါတယ်။ အဆစ်တွေရောင်လာပြီး လှုပ်ရှားမှု အကန့်အသတ် ရှိလာပါတယ်။ဥပမာလက်ချောင်းလေးတွေဟာဂစ်တာတီးစဉ်မှာဖြစ်ဖြစ်၊ ဖိနပ်ကြိုးချည်စဉ်မှဖြစ်ဖြစ် အကြောကပ်သလို ဖြစ်သွားနိုင်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းဟာ ဘဝတသက်တာမှာ အများဆုံးအသုံးပြုခဲ့တဲ့ အဆစ်တွေ (လက်ချောင်းများ၊ ပေါင်ဆစ်၊ ဒူးဆစ်၊ ခါးရိုးဆစ်) ကိုထိခိုက်တတ်ပါတယ်။

    စတီးရွိုက်မဟုတ်သောအရောင်ကျဆေးများဟာ ဒီဝေဒနာကို သက်သာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တောင့်တင်းနေတဲ့ အဆစ်တွေကိုပျော့ပြောင်းစေပါတယ်။ နာကျင်တာကိုသက်သာအောင် ဆောင်းတွင်းမှာ လက်အိတ်ဝတ် ပေးသလိုမျိုးရိုးရှင်းတဲ့နည်းတွေကိုလည်းသုံးနိုင်ပါတယ်။

    ၇။ ဂေါက် ရောဂါ

    ဂေါက်ရောဂါဟာမွေးဖွားစဉ်မှာကိုယ်ခန္ဓါကိုတည်ဆောက်တဲ့ အင်ဇိုင်းတမျိုး ချို့ယွင်းတဲ့အတွက် ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါမှာယူရစ်အက်ဆစ်ဟာပုံဆောင်ခဲတွေအနေနဲ့ အဆစ်တွေမှာ (ခြေမအဆစ်တွင် အများဆုံး) စုပုံလာတတ်ပါတယ်။ တချိန်တုန်းကအစားအသောက်တွေ အလျှံအပယ်စားလို့ ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဂေါက်ရောဂါနဲ့ ဆင်တူတဲ့ ပြဿနာမှာတော့ ခြားနားတဲ့ပုံဆောင်ခဲတွေဟာဒူးဆစ်နဲ့ လက်ကောက်ဝတ်မှာ စုပုံလာတတ်ပါတယ်။

    ၈။ လိုင်းမ် (Lyme) အဆစ်ရောင်ခြင်း

    Lyme ရောဂါဟာဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီးမွှားကိုက်ခြင်းကြောင့် ကူးစက်တတ်ပါတယ်။ အဆစ်တွေမှာရောင်ရမ်းခြင်းဟာပေါ်လိုက်ပျောက်လိုက် ဖြစ်ပွားတတ်ပါတယ်။ အနီပြင်ထခြင်း၊ မောပန်းခြင်း၊ တုတ်ကွေးမိသကဲ့သို့ ကိုက်ခဲခြင်း၊ နာကျင်ခြင်းတွေ စဖြစ်လာပြီးတဲ့နောက် အဆစ်ရောင်လာတတ်ပါတယ်။ Lyme အဆစ်ရောင်ခြင်းကိုအမေရိကန်၊ ကွန်နတ်တီကပ် ပြည်နယ်၊ Lyme မြို့ကအမျိုးသမီးတစ်ဦးဟာသူ့အိမ်နီးနားချင်းကလေးငယ်တွေမှာအဆစ်ရောင် ရောဂါတွေ ဖြစ်ပွားနေတာကိုသတိပြုမိရာကစတင်တွေ့ရှိခဲ့ပါတယ်။ သူမသတိပြုမိတာကိုယေးလ်တက္ကသိုလ် အဆစ်အမြစ်ရောဂါ ပါရဂူကိုအသိပေးရာမှတဆင့် ဒီရောဂါဟာမွှားကိုက်ခြင်းကြောင့် ဘက်တီးရီးယားကူးစက်တဲ့ ရောဂါလို့ သိလာရပါတယ်။ Lyme ရောဂါ စစဖြစ်ခြင်းမှာ ပဋိဇီဝဆေးပေးခြင်းဟာ နောက်ထပ်ဖြစ်လာနိုင်တဲ့ အဆစ်ရောင်ခြင်းကိုကာကွယ်နိုင်ပါတယ်။

    အဆစ်ရောင်ခြင်းကို ဖြစ်စေတဲ့ တခြားဘက်တီးရီးယားတွေလည်းရှိပါသေးတယ်။ အဲ့ဒါတွေကတော့ Staphylococcus နဲ့ Streptococcus မျိုးစိတ်များ၊ Neisseria gonorrhoeae (လိင်မှတဆင့်ကူးစက်သောဆီးပူညောင်းကျရောဂါကို ဖြစ်ပွားစေသည့်ပိုး) နဲ့ Mycobacterium (တီဘီရောဂါပိုး) တို့ ဖြစ်ကြပါတယ်။ အဆစ်ရောင်ခြင်းဟာအေအိုင်ဒီအက်စ်ရောဂါနဲ့လည်းဆက်စပ်နေပါတယ်။ ကိုယ်ခံအားကျဆင်းခြင်းဟာအဆစ်ရောင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ရောဂါပိုးတွေကို ဝင်ရောက်စေနိုင်လို့ ဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Translated by Thant Zin

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement