ရောဂါ သို့မဟုတ် ဆေးတစ်ခုကြောင့် ကိုယ်ခံအားကျနေလျှင် အရိုးဖုံးမြှေးရောင်ခြင်း ပိုဖြစ်လွယ်ပါတယ်။ ခုခံအားကျစေတဲ့ အကြောင်းများမှာ
- ကင်ဆာဆေးသွင်းကုသနေခြင်း
- ဆီးချိုမထိန်းနိုင်ခြင်း
- စတီးရွိုက်ဆေးများ၊ TNF ဆန့်ကျင်ဆေးများ သောက်နေရခြင်း တို့ဖြစ်ပါတယ်။
- တားမြစ်ဆေးများ
မူးယစ်ဆေးသုံးသူတွေဟာ မသန့်ရှင်းတဲ့အပ်ကို သုံးတတ်ပြီး ဆေးမထိုးခင် အရေပြားကို မသန့်ရှင်းတဲ့အတွက် အရိုးဖုံးမြှေးရောင်ခြင်း ဖြစ်နိုင်ခြေမြင့်စေနိုင်ပါတယ်။
အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ အရိုးဖုံးအမြှေးရောင် မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Osteomyelitis (အရိုးဖုံးမြှေးရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်က ရောဂါဖြစ်တဲ့ အရိုးနားတဝိုက်ကို နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပူနွေးခြင်း ရှိမရှိ စမ်းပါမယ်။ ေဲခဖဝါးမှာ အနာရှိလျှင် ဆရာဝန်က အရိုးထိမထိ စမ်းဖို့ ထောက်တံတစ်ခုနဲ့ ထောက်ကြည့်ပါလိမ့်မယ်။
ဆရာဝန်က ဒီရောဂါဖြစ်ကြောင်း အတည်ပြုဖို့ အောက်ပါ အခြားလိုအပ်တဲ့ စစ်ဆေးမှုများလည်း ပြုလုပ်ပါမယ်။
သွေးစစ်ခြင်းဖြင့် ခန္ဓါကိုယ်က ရောဂါပိုးကို ပြန်တိုက်နေတဲ့ လက္ခဏာဖြစ်တဲ့ သွေးဖြူဥများခြင်းကို မြင်နိုင်ပါတယ်။ ရောဂါပိုးဝင်နေကြောင်းသိလျှင် တရားခံဘယ်ပိုးဖြစ်ကြောင်းလည်း သွေးစစ်ပြီး ရှာနိုင်ပါတယ်။ သင့်မှာ အရိုးဖုံးမြှေးရောင်မရောင်ကိုတော့ သွေးစစ်ကြည့်လို့ မသိရပါ။ သို့သော် သင့်အတွက် ဘယ်စစ်ဆေးမှုတွေ ထပ်လိုမလဲဆိုတာ သွေးစစ်ခြင်းဖြင့် ဆရာဝန်က ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
- ပုံရိပ်ဖော်စစ်ဆေးခြင်း
- ဓါတ်မှန်။ ဓါတ်မှန်ုမှ အရိုးပျက်စီးမှုကို မြင်နိုင်ပါတယ်။ သို့ပေမယ့် အရိုးဖုံးမြှေးရောင်တာ သုံးလေးပတ်မရှိသေးလျှင် မြင်ရမှာမဟုတ်ပါ။ လတ်တလော အရိုးဖုံးမြှေးရောင်ခြင်းအတွက် ဒီထက်အသေးစိတ်တဲ့ စစ်ဆေးမှုတွေ လိုပါတယ်။
- CT scan။ CTဟာ ရှုထောင့်အမျိုးမျိုးက ရိုက်ထားတဲ့ ဓါတ်မှန်ပုံရိပ်များကို စုပေါင်းပြီး ကိုယ်တွင်းအင်္ဂါများကို အသေးစိတ်ဖြတ်ပိုင်းပုံများအဖြစ် မြင်ရစေမှာ ဖြစ်ပါတယ်။
- သံလိုက်ဓါတ်မှန်။ ရေဒီယိုလှိုင်းများနဲ့ သံလိုက်စက်ကွင်းကို အသုံးပြုပြီး အရိုးနဲ့ အနီးတဝိုက် ပျော့ပျောင်းတဲ့ တစ်သျှူးများရဲ့ အထူးအသေးစိတ်ကျတဲ့ ပုံရိပ်များကို မြင်နိုင်စေမှာ ဖြစ်ပါတယ်။
အရိုးဖုံးမြှေးရောင်ခြင်းကို အဖြေရှာဖို့ အကောင်းဆုံးစစ်ဆေးမှု ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုမှာ သင့်အရိုးထဲဝင်နေတဲ့ ရောဂါပိုးအမျိုးအစား အတိအကျကိုလည်း သိနိုင်စေပါတယ်။ ဆရာဝန်က ပိုးအမျိုးအစားသိလျှင် အသင့်တော်ဆုံးပဋိဇီဝဆေးကို ရွေးချယ်ပေးပါလိမ့်မယ်။
မေ့ဆေးပေးပြီး ခွဲစိတ်မှုဖြင့် အရိုးနမူနာယူနိုင်သလို အချို့ အခြေအနေတွေမှာ ဆရာဝန်က အရေပြားကိုဖောက်ပြီး အပ်ရှည်ရှည်တစ်ချောင်းနဲ့ အရိုးထဲထိထိုးပြီး နမူနာယူနိုင်ပါတယ်။ ဒီလိုလုပ်လျှင်တော့ အပ်ထိုးတဲ့နေရာမှာထုံသွားအောင် ထုံဆေးကိုသုံးပါမယ်။ ဓါတ်မှန်နဲ့ အခြားပုံရိပ်ဖော်စစ်ဆေးမှုများရဲ့ အကူအညီယူပြီး ဆောင်ရွက်နိုင်ပါတယ်။
Osteomyelitis (အရိုးဖုံးမြှေးရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ရောဂါပိုးဝင်နေတဲ့ အရိုးသေတွေကို ခွဲစိတ်ဖယ်ရှားပြီးနောက် ပဋိဇီဝဆေးပေးခြင်းနှင့် အများဆုံးကုသကြပါတယ်။ အများအားဖြင့် ဆေးရုံတင်ဖို့လိုပါတယ်။ ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး ခွဲစိတ်မှုမှာ အောက်ပါလုပ်ငန်းစဉ်များ ပါဝင်ပါတယ်။
- ရောဂါပိုးဝင်သောနေရာကို ဖွင့်ထုတ်ခြင်း။ ခွဲစိတ်ဆရာဝန်က ရောဂါပိုးဝင်နေတဲ့ အရိုးရဲ့ အနီးတဝိုက်ကို ဖွင့်လိုက်ခြင်းဖြင့် ပိုးဝင်ခြင်းကြောင့်စုလာတဲ့ ပြည်နဲ့ အရည်များကို ထုတ်နိုင်ပါတယ်။
- ရောဂါပိုးဝင်နေတဲ့ အရိုးသေတွေကို ဖယ်ရှားခြင်း။ ရောဂါပိုးဝင်နေတဲ့အရိုး တတ်နိုင်သမျှ များများအပြင် ကျန်းမာတဲ့အရိုးအနားသတ် နည်းနည်းကိုလည်း စိတ်ချရအောင် ဖယ်ရှားပေးရပါတယ်။ အနီးတဝိုက်က ပိုးဝင်နေပုံရတဲ့ တစ်သျှူးများကိုပါ ဖယ်ရှားရပါတယ်။
- သွေးစီးဆင်းမှု ပြန်လည်ကောင်းမွန်စေခြင်း။ ခွဲစိတ်ဆရာဝန်က လွတ်သွားတဲ့နေရာကို အရိုးတပိုင်းတစ သို့မဟုတ် အရေပြား/ကြွက်သားစတဲ့ အခြားတစ်သျှူးများနဲ့ ဖြည့်ပါမယ်။ တခါတရံ အရိုး/တစ်သျှူး အစားထိုးဖို့ ကျန်းမာလာချိန်အထိ ယာယီ fillerထည့်ပြီး စောင့်ဆိုင်းနိုင်ပါတယ်။ ထိုသို့ အစားထိုးခြင်းဖြင့် ပျက်စီးသွားတဲ့ သွေးကြောများကို ပြုပြင်နိုင်စေပြီး အရိုးအသစ်ကိုလည်း ဖြစ်စေပါတယ်။
- ပြင်ပအရာဝတ္တုများကို ဖယ်ရှားခြင်း။ အချို့လူနာတွေမှာ ယခင်ခွဲစိတ်မှုများမှ ထည့်ထားသော စတီးချောင်းများ ဝက်အူများကို ထုတ်ပစ်ဖို့ လိုတတ်ပါတယ်။
- ခြေ/လက်ဖြတ်ခြင်း။ နောက်ဆုံးနည်းလမ်းအနေနဲ့ ရောဂါပိုးထပ်မပြန့်ဖို့ ခွဲစိတ်ဆရာဝန်က ခြေ/လက်ကို ဖြတ်ပစ်ရတာလည်း ရှိပါတယ်။
အရိုးနမူနာယူ စစ်ဆေးခြင်းဖြင့် သင့်အရိုးထဲဝင်နေတဲ့ ရောဂါပိုးအမျိုးအစား အတိအကျကိုလည်း သိနိုင်စေပါတယ်။ ဆရာဝန်က ပိုးအမျိုးအစားသိလျှင် အသင့်တော်ဆုံးပဋိဇီဝဆေးကို ရွေးချယ်ပေးပါလိမ့်မယ်။ အနည်းဆုံးလေးပတ်မှ ခြောက်ပတ်အထိ ပဋိဇီဝဆေးများကို အကြောမှ သွင်းရပြီး ပိုဆိုးရွားတဲ့ ရောဂါပိုးများအတွက် သောက်ဆေးပါ ထပ်သောက်ဖို့ လိုပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အရိုးဖုံးမြှေးရောင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အရိုးဖုံးမြှေးရောင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
သင်ဟာရောဂါပိုးဝင်လွယ်သူတစ်ယောက်ဖြစ်ကြောင်း သိလျှင် ဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါပိုးဝင်နိုင်ခြေလျှော့ချဖို့ နည်းလမ်းရှာပါ။ ဒီလိုလုပ်ခြင်းဖြင့် အရိုးအမြှေးပါးရောင်နိုင်ခြေကိုလည်း လျှော့ချနိုင်ပါလိမ့်မယ်။
ယေဘူယျအားဖြင့် ခန္ဓါကိုယ်ထဲ ရောဂါပိုးဝင်လွယ်စေသော ကုတ်ခြစ်ပြတ်ရှမိခြင်းကို ရှောင်ပါ။ ဖြစ်ခဲ့လျှင်လည်း ထိတဲ့နေရာကို သန့်ရှင်းရေးလုပ်ပြီး ပတ်တီးသန့်သန့်နှင့် စည်းပါ။ ရောဂါပိုးဝင်တဲ့လက္ခဏာရှိမရှိ ဒဏ်ရာကို မကြာခဏ စစ်ဆေးပါ။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။