backup og meta

ခြေမရိုး စောင်းခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေမရိုး စောင်းခြင်း

    သွားရင်း လာရင်း သူများခြေထောက်တွေ ကြည့်လိုက်ရင် တချို့လူတွေရဲ့ ခြေမက သာမန်နဲ့ မတူဘဲ အပြင်ဘက်ကို စောင်းနေတာကို တွေ့ဖူးမှာပါ။ ခြေမရိုး ကလည်း အပြင်ကို ဖုပြီးငေါထွက်နေပါသေးတယ်။ ဒါကို ခြေမရိုးစောင်းတယ် ဆေးပညာအရတော့ Hallux valgus လို့ ခေါ်ပါတယ်။

    ခြေမရိုး စောင်းတယ်ဆိုတာ

    ခြေမရိုး စောင်းတယ်ဆိုတာ ခြေမတစ်ချောင်းတည်းကပဲ ဘေးက ခြေချောင်းတွေဘက်ကို စောင်းနေတာမျိုးပါ။ တချို့တွေမှာတော့ bunion ဘူနီယွန်လို့ ခေါ်တဲ့ အဖုနဲ့ တွဲတွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။

    ဘာကြောင့် ခြေမရိုး စောင်းရတာလဲ။

    မျိုးဗီဇကြောင့်ရော နေထိုင်ပုံနဲ့ရော အရိုးရောဂါတွေနဲ့ရော ဆိုင်ပါတယ်။ မျိုးဗီဇကြောင့် ဘာမှမလုပ်ရပါဘဲ ဒီတိုင်း စောင်းနေတာမျိုး ရှိသလို

    -ဒေါက်မြင့်ဖိနပ်တွေ၊ ကွင်းစွပ်ကျဉ်းပြီး ခြေချောင်းတွေကို ညှစ်ထားသလို ဖြစ်စေတဲ့ ဖိနပ်တွေ စီးတာ (ဒါကြောင့်လည်း အမျိုးသမီးတွေမှာ အတွေ့ရများတာပါ)

    -ခြေခုံရိုး နိမ့်နေတာ

    လေးဖက်နာအဆစ်ရောင်၊ အရိုးအဆစ်ရောင် ရောဂါတွေကြောင့် ခြေဆစ်ရောင်ပြီး စောင်းလာတာ

    ဘူနီယွန်လို့ခေါ်တဲ့ အရိုးဖု၊ အရည်အိတ် စတာတွေ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။

    ခြေမရိုး စောင်းတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်သလဲ။

    • Hallux valgus လို့ ခေါ်ဖို့အတွက်ဆိုရင် ခြေမအရိုးက အနည်းဆုံး ၁၅ ဒီဂရီလောက် စောင်းနေရမှာ ဖြစ်ပါတယ်။
    • တစ်ခါတလေ ခြေမအဆစ်မှာ ဘူနီယွန်လို့ခေါ်တဲ့ အဖုရှိနေနိုင်ပါတယ်။
    • နာသလားဆိုတော့ အမြဲတမ်းတော့ မနာပါဘူး။ ဘူနီယွန်အဖုရှိတဲ့အခါ နာတာ၊ ထုံတာ ဖြစ်တတ်ပါတယ်။ အဆစ်ရောင်ရောဂါတွေနဲ့ တွဲနေတဲ့အခါ နာတတ်ပါတယ်။
    • လမ်းလျှောက်ရခက်နိုင်ပါတယ်။
    • ဖိနပ်စီးရခက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ခြေညှပ်ဖိနပ်ပဲ စီးကြလို့ မသိသာပေမယ့် ရှူးဖိနပ်စီးတဲ့နိုင်ငံတွေမှာဆိုရင် ဖိနပ်ဆိုဒ်ရှာရခက်ပါတယ်။

    ခြေမစောင်းတာာကို ကုသလို့ ရနိုင်သလား။

    ခြေမစောင်းတာက ကြာလာလေလေ ပိုဆိုးလာလေလေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် အရှင်းပျောက်အောင် ကုသလို့လည်း မရပါဘူး။ ခွဲစိတ်ပြီး ပြုပြင်လို့ရပေမယ့် ၁၀၀မှာ ၁၅ယောက်လောက် ပြန်ဖြစ်နိုင်ပါတယ်။ လက္ခဏာလည်း ထူးထူးခြားခြား မပြဘူး။ ပိုဆိုးလာတာလည်း မရှိဘူးဆိုရင်တော့ စောင့်ကြည့်နိုင်ပါတယ်။

    လက်ရှိ ဆေးကုသမှုတွေကတော့ ခြေမစောင်းတာကြောင့် နေရထိုင်ရ မခက်အောင်၊ လှုပ်ရှားလို့ရအောင်၊ အနာသက်သာအောင် လုပ်ပေးနိုင်ပါတယ်။ ကုသနည်းတွေကတော့

    • ဘူနီယွန် padတွေ ခံတာ- ဘူနီယွန် ရှိနေတာကြောင့်ဆိုရင် ဘူနီယွန်အောက်မှာ အခံလေး ခံပြီး နေနိုင်ပါတယ်။ ဒါက လမ်းလျှောက်တဲ့အခါ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။
    • ဖိနပ်လဲတာ- ခြေညှပ်ဖိနပ်လိုမျိုး ခြေချောင်းတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတဲ့ ဖိနပ်ကိုပဲ စီးသင့်ပါတယ်။ ဒေါက်မြင့်တွေ၊ ကွင်းစွပ်အကျပ်တွေကို ရှောင်သင့်ပါတယ်။
    • ခြေမအစွပ်တွေ ဝတ်တာ- ခြေမအစွပ်တွေက ခြေမကို ပြန်ပြီးတော့ ဖြောင့်စေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလိုင်းမင်းကို ညှိပေးတဲ့အတွက် ဖိနပ်စီးရ၊ လှုပ်ရှားရလွယ်စေပါတယ်။
    • ဆေးဝါးတွေ- ဆေးဝါးတွေကတော့ အရောင်ကျအောင် စတီးရွိုက်ထိုးတာတွေ၊ အကိုက်အခဲပျောက်ဆေးတွေ ပါဝင်ပါတယ်။
    • လေ့ကျင့်ခန်း- ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးအတွက် လေ့ကျင့်ခန်းလုပ်သလိုမျိုးပဲ ခြေမစောင်းနေပေမယ့် အနာသက်သာအောင်၊ လှုပ်ရှားရလွယ်အောင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း လုပ်တာ၊ အယ်ထွာဆောင်းနဲ့ နှိပ်နယ်တာတွေ လုပ်နိုင်ပါတယ်။
    • ခွဲစိတ်နည်း- ခွဲစိတ်နည်းကတော့ ခြေမအရိုးကို ပြန်လည်ပြုပြင်တာပါ။ ဘူနီယွန်ရှိနေရင်လည်း ဖုနေတဲ့အရိုးကို ခွဲစိတ်ကုသပေးပါတယ်။ ခြေမရိုးစောင်းနေတာက ကြည့်လို့မကောင်းတာကြောင့်ရော၊ လှုပ်ရှားရခက်တာကြောင့်ရော၊ နာတာကြောင့်ရော ခွဲစိတ်မှုတွေ လုပ်ကြပါတယ်။ ဒါပေမယ့် ပြန်ဖြစ်နိုင်တယ်ဆိုတာ သိထားရပါမယ်။

    ခြေမရိုးမစောင်းအောင် ကာကွယ်လို့ ရသလား။

    မျိုးဗီဇကြောင့်ဆိုရင်တော့ ကာကွယ်လို့ မရပါဘူး။ ဒါပေမယ့် မျိုးဗီဇပါလာသည့်တိုင် ကိုယ့်ရဲ့ နေထိုင်ပုံကို ပြောင်းလဲမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

    • ဒေါက်မြင့်ဖိနပ်ကို နေ့တိုင်း မစီးပါနဲ့။
    • ဖိနပ်တွေကို အနိမ့် အမြင့်မျှစီးပါ။
    • ဖိနပ်ကို အမြဲ မစွပ်ထားပါနဲ့။
    • ဆိုဒ်မတော်တဲ့ ဖိနပ်တွေကို မစီးပါနဲ့။
    • ကွင်းစွပ်အကျပ်တွေ၊ ထိပ်ချွန်ဖိနပ်တွေကိုလည်း တတ်နိုင်သမျှ ရှောင်ပါ။
    • ခြေထောက်နဲ့ ခြေချောင်းလေးတွေကို လေ့ကျင့်ခန်း လုပ်ပေးပါ။ အရိုးဘေးက အရွတ်တွေ၊ အရွတ်တွဲတွေ၊ ကြွက်သားတွေ သန်မာလာရင် အရိုးစောင်းနိုင်ခြေ နည်းသွားပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement