အဓိပ္ပါယ်ဖွင့်ဆိုချက်
Osteopenia ဆိုတာဘာလဲ။
Osteopenia ဆိုတာက အရိုးရဲ့သိပ်သည်းဆတွေ တဖြည်းဖြည်းချင်းလျော့နည်းလာပြီး အရိုးတွေအားနည်းလာတဲ့ ရောဂါတစ်ခုဖြစ်တယ်။ တခြားနည်းနဲ့ဆိုရရင်တော့ သင့်မှာ Osteopenia ရှိလာပြီဆိုရင် အရိုးသိပ်သည်းဆက ပုံမှန်ထက်ကို နည်းနေပါပြီ။ အရိုးသိပ်သည်းဆက အသက် ၃၅ နှစ်မှာ ထိပ်ဆုံးကိုရောက်ပါတယ်။
သင့်တော်တဲ့ကုသမှုမရဘူးဆိုရင် Osteopenia ကနေအရိုးပွခြင်းဆီဦးတည်သွားပါလိမ့်မယ်။
Osteopenia ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။
အမေရိကန်လူမျိုး အသက် ၅၀ကျော်အရွယ် တစ်ဝက်လောက်မှာ Osteopenia ရှိနေပါတယ်။ Osteopenia ကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
ရောဂါလက္ခဏာများ
Osteopenia ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
Osteopenia က ပုံမှန်အားဖြင့်တော့ လက္ခဏာမပြပါဘူး။ အရိုးသိပ်သည်းဆနည်းရုံနဲ့လည်း မနာဘူး။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ဖြစ်ပွားမှုအကြောင်းရင်းများ
ဘာတွေက Osteopenia ဖြစ်ပွားစေသလဲ။
လူတစ်ယောက် အသက်ကြီးလာတဲ့အခါ အရိုးတွေပါးလာတာက ဓမ္မတာပါ။ ဒီဖြစ်စဉ်က များသောအားဖြင့် သက်လတ်ပိုင်းအရွယ်တွေမှာ ဆဲတွေကိုဖျက်တာက အသစ်ထုတ်တာထက် များလာတာကနေ စတာဖြစ်တယ်။ ဒါကြောင့် အရိုးတွေကျိုးလွယ်လာတာပါ။ ဒီဖြစ်စဉ်ကြောင့် အရိုးတွေမှာ သတ္တုဓါတ်၊ ဒြပ်ထုတို့ စတင်ဆုံးရှုံးလာပြီး အရိုးတွေပိုအားနည်းလာသလို ပိုကျိုးလွယ်လာပါတယ်။ တခြားရောဂါတွေ ဆေးကုသမှုတွေကြောင့်လည်း Osteopenia ဖြစ်နိုင်ပါသေးတယ်။
ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ
ဘယ်အရာတွေက Osteopenia ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
Osteopenia ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာအနေနဲ့
- အမျိုးသမီး – အရိုးသေးတဲ့ အာရှနဲ့ Caucasian မျိုးဆက်တွေမှာ ပိုအဖြစ်များတယ်။
- BMD နည်းတဲ့ မိသားစုရာဇဝင်
- အသက် ၅၀ နဲ့အထက်
- အသက် ၄၅ မတိုင်ခင်ကတည်းက သွေးဆုံးခြင်း
- သွေးမဆုံးခင် သားဥအိမ်တွေ ထုတ်ရခြင်း
- လေ့ကျင့်ခန်း ကောင်းကောင်းမလုပ်ခြင်း
- အစားအသောက်မကောင်းခြင်း အထူးသဖြင့် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီနည်းခြင်း
- ဆေးလိပ်နဲ့ဆေးရွက်ကြီးသုံးခြင်း
- အရက်၊ ကဖိန်း များများသောက်ခြင်း
- prednisone or phenytoin တို့သောက်နေရခြင်း
တချို့သောအခြေအနေတွေကလည်း Osteopenia ဖြစ်နိုင်ချေကို တိုးစေပါတယ်
- အစာလုံးဝမစားချင်ခြင်း
- Bulimia
- Cushing syndrome
- Hyperparathyroidism
- Hyperthyroidism
နောက်ထပ်သိလိုတဲ့အချက်တွေရှိပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း
ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။
Osteopenia ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။
Osteopenia ကို အရိုးသတ္တုဓါတ်သိပ်သည်းဆ (BMD) တိုင်းတာတာကနေ အတည်ပြုလို့ရပါတယ်။ National Osteoporosis Foundation ကနေထောက်ခံထားတဲ့ BMD မှာ dual energy X-ray absorptiometry scan or DXA scan (အရင်က DEXA scan လို့ခေါ်တယ်) ဆိုပြီးပါပါတယ်။ DXA scan က ပေါင်ရိုး၊ ကျောရိုးနဲ့ တစ်ခါတစ်လေ လက်ကောက်ဝတ်မှာရှိတဲ့ BMD ပမာဏကို တိုင်းတာပါတယ်။ ဒီနေရာတွေက အကျိုးများတဲ့နေရာတွေဖြစ်တာကြောင့် စစ်ရတာပါ။ နောင်မှကျိုးလာနိုင်တဲ့အန္တရယ်ကို DXA က တိတိကျကျ ခန့်မှန်းပေးနိုင်ပါတယ်။ DXA scan က T score’ နဲ့ “Z score’ ဆိုပြီးရလဒ်နှစ်ခုထုတ်ပေးတယ်။ Z score က လူနာရဲ့ BMD ကို သက်တူရွယ်တူလိင်တူ ပုံမှန်လူရဲ့ဟာနဲ့ နှိုင်းယှဉ်ပေးတယ်။ T score ကတော့ ကိုယ်နဲ့လိင်တူတဲ့ အသက် ၃၀ အရွယ်လူနဲ့ နှိုင်းယှဉ်ပေးပါတယ်။ ဒီရလဒ်တွေကို ပုံမှန်ရဲ့အထက်အောက် ယိုင်ညွှန်းကိန်းအနေနဲ့ တိုင်းတာပါတယ်။
အရိုးသိပ်ဆည်းဆကိုတိုင်းတာတဲ့ တခြားစစ်ဆေးချက်တွေက peripheral dual-energy X-ray absorptiometry (pDXA), quantitative computed tomography (QCT), peripheral QCT (pQCT) နဲ့ quantitative ultrasound densitometry (QUS) စတာတွေဖြစ်ပါတယ်။ အရိုးသိပ်သည်းဆကို ဒီစစ်ဆေးချက်တွေထဲက တစ်ခုခုနဲ့ သိနိုင်ပါတယ်။
တစ်ခါတစ်လေ လုပ်ရိုးလုပ်စဉ်ဓါတ်မှန်တွေကနေ မသဲမကွဲနဲ့ osteopenia ဒါမှမဟုတ် ဖြစ်နေတဲ့နေရာ (ဥပမာ ကျောရိုးဆစ်) ကိုပြတတ်ပါတယ်။
အဆစ်ရိုးနုပတ်လည်မှာဖြစ်တဲ့ osteopenia ကိုတွေ့ရင်တော့ ယခင်က အဆစ်တစ်ဝိုက်မှာ ရောင်ရမ်းဖူးတယ်လို့သိရပါမယ်။ ဒီလိုအခြေအနေမျိုးကို သွေးလေးဖက်နာမှာ တွေ့ရနိုင်ပြီး အရိုးစုတစ်ခုလုံးမှာ BMD နည်းနေပြီလို့ ပြောလို့မရပါဘူး။ လုပ်ရိုးလုပ်စဉ်ဓါတ်မှန်ကနေ BMD နည်းနေကြောင်းသာ ယူဆလို့ရပြီး DXA scan ကတော့ osteopenia နဲ့ အရိုးပွတာကို တိတိကျကျ အတည်ပြုပေးနိုင်ပါတယ်။
Osteopenia ကို ဘယ်လိုကုသလဲ။
ကုသမှုရဲ့ရည်ရွယ်ချက်က osteopenia ကနေ အရိုးပွတဲ့အဆင့် ပြောင်းမသွားဖို့ပဲ။
ကုသမှုပထမပိုင်းမှာ အစားအသောက်နဲ့ ရွေးချယ်ရမယ့်လေ့ကျင့်ခန်းတွေ ပါပါတယ်။ osteopenia ဖြစ်နေတုန်းမှာ အရိုးကျိုးနိုင်ချေ နည်းသေးတဲ့အတွက် အရိုးပွလောက်နီးနီး BMD နည်းနေတာမှမဟုတ်ရင် ဆရာဝန်တွေက ဆေးပေးမှာ မဟုတ်သေးဘူး။ သူတို့က သင့်ကို ကယ်လ်စီယမ်၊ ဗီတာမင်ဒီ ဖြည့်စွက်စာတွေသောက်ဖို့ ဆွေးနွေးပေးပါလိမ့်မယ်။ နေ့စဉ်အစားအသောက်ကနေ ဖြည့်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Osteopenia ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံတွေနဲ့အိမ်သုံးကုထုံးတွေက သင့်အနေနဲ့ Osteopenia ကိုကုသတဲ့နေရာ၊ လိုက်လျောညီထွေဖြစ်အောင်လုပ်တဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါလိမ့်မယ်။
Osteopenia များအတွက် အစားသောက်များ
ကယ်စီယမ်နဲ့ ဗီတာမင်ဒီတွေကို များများရနိုင်ဖို့ အဆီလွတ်တဲ့ နို့ထွက်ပစ္စည်းတွေ ဥပမာ ချိစ်၊ နို့၊ ဒိန်ချဉ် တွေကို များများစားပေးရမယ်။ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီဖြည့်ထားတဲ့ တစ်ချို့သော လိမ္မော်ဖျော်ရည်၊ ပေါင်မုန့်နဲ့ နှံစားသီးနှံတွေကိုလည်း စားနိုင်ပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့…
- ပဲခြောက်
- ပန်းမုန်လာစိမ်း
- ဆဲလ်မွန်ငါး
- ဟင်းနုနွယ်
အရိုးပွလူနာတွေရဲ့ ရည်မှန်းချက်က တစ်ရက်ကို ကယ်လ်စီယမ် ၁၂၀၀ မီလီဂရမ်၊ ဗီတာမင်ဒီ ၈၀၀ အိုင်ယူစားဖို့ပါပဲ။ ဒါပေမယ့် osteopenia လူနာတွေအတွက် တူမတူတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Osteopenia လူနများအတွက် လေ့ကျင့်ခန်းများ
Osteopenia ရှိတဲ့ လူငယ်တွေ၊ သွေးဆုံးခါနီး အမျိုးသမီးတွေအတွက် တစ်ရက်ကို မိနစ် ၃၀ လောက် ပြေးတာ၊ ခုန်တာ၊ လမ်းလျှောက်တာတွေက အရိုးတွေကို သန်မာစေပါတယ်။ ဒါတွေက ကိုယ်အလေးချိန်ကိုအားပြုရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တာမို့ ခြေနဲ့မြေနဲ့ မလွတ်ရပါဘူး။ ရေကူးတာ စက်ဘီးစီးတာက နှလုံးကိုကောင်းစေပြီး ကြွက်သားတက်စေပေမယ့် အရိုးကိုတော့ မတက်စေပါဘူး။ BMD မှာ နည်းနည်းလေး ပြောင်းသွားပြီးဆိုရင်ကို အရိုးပွနိုင်ချေ တော်တော်ကျသွားပါတယ်။
ဒါပေမယ့် အသက်ကြီးလာတဲ့အခါ အရိုးတွေတည်ဆောက်ဖို့ မလွယ်တော့ဘူး။ အဲ့အခါကျ ကြွက်သားတက်ဖို့နဲ့ ဟန်ချက်ညီဖို့ကို ဦးစားပေးကစားရပါတော့မယ်။ လမ်းလျှောက်တာကို ဆက်လုပ်ပေးနိုင်ပေမယ် အခုအခါမှာ ရေကူးတာ စက်ဘီးစီးတာက ပိုကောင်းလာပါပြီ။ ဒီလေ့ကျင့်ခန်းတွေ သင့်ကိုလဲမကျအောင် ကူညီပေးပါလိမ့်မယ်။ အကောင်းဆုံး စိတ်အချရဆုံး လေ့ကျင့်ခန်းကိုသိဖို့က ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပဲဖြစ်ပါတယ်။
လမ်းလျှောက်တာ တခြားလေ့ကျင့်ခန်းလုပ်တာတွေအပြင် အောက်ပါ အားဖြည့်လေ့ကျင့်ခန်းတွေကိုပါ လုပ်သင့်ပါတယ်။
ပေါင်ကားလေ့ကျင့်ခန်း
ပေါင်ကားလေ့ကျင့်ခန်းက သင့်တင်ပါးကို သန်စွမ်းစေပြီး ဟန်ချက်ညီတာကို တိုးစေပါတယ်။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် လုပ်နိုင်ပါတယ်။
- ကုလားထိုင်ပေါ် လက်တစ်ချောင်းထောက်ပါ။
- ကျန်လက်တစ်ဖက်ကို ခါးမှာတင်ပြီး ခြေထောက်ကိုတန်းတန်းထားရင်း မြှောက်လိုက်ပါ။
- ခြေမကိုကော့ထားရပါမယ်။ တင်ပါးလယ်ဗယ်ထက်ပိုပြီး မမြှောက်ရပါဘူး။
- ခြေပြန်ချပါ။ ၁၀ ကြိမ်လုပ်ရပါမယ်။
- နောက်တစ်ဖက်ကိုလည်း ဒီအတိုင်းပဲ ၁၀ ကြိမ်လုပ်ပါ။
ခြေမနှင့်ခြေဖနောင့်ကြွခြင်း
ဒါက ခြေအောက်ပိုင်းကိုသန်မာစေပြီး ဟန်ညီတာကို တိုးစေပါတယ်။ နေ့တိုင်းလုပ်ပေးရပါမယ်။ ခြေထောက်နာတတ်တယ်ဆိုရင် ရှူးဖိနပ်ဝတ်ပြီးမှ လုပ်ပါ။
ကုလားထိုင်နောက်ဖက်ကနေ မတ်တပ်ရပ်လိုက်ပါ။ နောက်မှီကို လက်တစ်ဖက် သို့ နှစ်ဖက်လုံးနဲ့ သာသာလေးကိုင်ထားပါ။ လက်တစ်ဖက် လက်တစ်ချောင်း နှစ်ချောင်းလောက်နဲ့ ဟန်ချက်ညီအောင် လုပ်နိုင်ဖို့ ကြိုးစားကြည့်ပါ။
- မတ်မတ်ရပ်ပါ။
- ခြေဖဝါးကို မြေနဲ့ထိထားပြီး ခြေချောင်းတွေကိုကော့လိုက်ပါ။ ဒူးကိုလည်း အဖြောင်းအတိုင်းထားရပါမယ်။
- ဒီအတိုင်း ၅ စက္ကန့်နေပါ။ ပြီးနောက် ခြေထောက်ကို ပြန်ချလိုက်ပါ။
- ခါးမတ်မတ်နဲ့ ခြေဖျားထောက်ပြီး ရပ်ပါ။
- ဒီအတိုင်း ငါးစက္ကန့်နေပါ။ နာလာလျှင် ချက်ချင်းရပ်ပါ။
- ခြေဖဝါးကို ပြန်ချပါ။
- ဒီအတိုင်း ၁၀ ကြိမ်လုပ်ပါ။
ခြေထောက်မခြင်း
ခြေထောက်မခြင်းက နောက်ကျောနဲ့ တင်ပဆုံကို သက်သာစေပြီး ရှေ့ပေါင်ကို ဆွဲဆန့်ပေးပါတယ်။ ဒါကို တစ်ပတ် ၂ ကြိမ် ၃ ကြိမ်လောက် လုပ်ပေးပါ။
- ဖျာပေါ်မှောက်လျက်အိပ်လိုက်ပါ။
- ခြေမြှောက်ပြီးအချမှာ သက်သက်သာသာရှိအောင်လို့ ဗိုက်အောက်မှာ ခေါင်းအုံးခုပါ။ လက်ပေါ် နဖူးတင်ပြီး လှဲနေပါ။ တစ်ချို့က ပုခုံးအောက်မှာ တဘက်ခေါက်လေးတွေ ခုထားတာပိုကြိုက်ကြပါတယ်။
- အသက်၀၀ရှူလိုက်ပြီး ဆီးစပ်နဲ့ ခေါင်းအုံးကို အားပြုဖိလိုက်ရင်း တင်ပါးနှစ်ဖက်ကို ညှစ်လိုက်ပါ။
- ခြေတစ်ဖက်ကို ကြမ်းပြင်အထက်ဆီ ဖြည်းဖြည်းချင်း မလိုက်ပါ။ ဒူးကို နည်းနည်းကွေးပေးပါ။ ၂ စက္ကန့်လောက် ထိန်းရပါမယ်။ ခြေဖဝါးတွေကိုတော့ ဖြေလျော့ပေးထားပါ။
- ခြေကို ပြန်ချလိုက်ပါ။
- ၁၀ ခါ လုပ်ပါ။
- တခြားဖက်ကိုလည်း ၁၀ ခါလုပ်ပါ။
တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။
[embed-health-tool-bmi]